ဘယ်သို့ ဘယ်ပုံ
- Revolution 4.0
- May 29, 2021
- 2 min read

လူများပြီးပွဲမစည်ဆိုသောမြန်မာစကားပုံသည် တစ်ရောက်တစ်ပေါက်နှင့်ထင်ရာကြဲနေကြပြီး မျှော်မှန်းသ လောက်ရှေ့မရောက်သော အခြေအနေမျိုးကိုရည်ညွှန်းဟန်တူသည်။ တစ်ခါတစ်လေ အများနှင့်လုပ်ရကိုင်ရသည်ထက် တစ်ယောက်တည်းလုပ်ရကိုင်ရသည်ကို ပိုပြီးအာသီသရှိကြသည်ကများသည်။ အခုလည်း ဒီနှစ်ခရီးစဉ်အတွက် ဘယ်ဒေသသို့သွားရမည်ကိုအများဆန္ဒနှင့်လည်းကိုက်ညီအောင်၊ ကိုယ်သဘောကျနေရာလည်းဖြစ်အောင်ရွေးချယ်ရအုံးမည်။ ခရီးစဉ်ကိုရွေးချယ်ရွာတွင် စာရေးသူတို့က မစ်ရှင်(mission)သဘောထက် ဗစ်ရှင်(vision)သဘောကပိုကဲသည်။ အဘယ်ကြောင့်ဆိုသော် ခရီးမသွားခင် ၇လ ၈လအလိုလောက်ကတည်းက ဘယ်နေရာသွားကြမည်ဆိုသည်ကို သတိရရင်ရသလို အလွတ်သဘောဆွေးနွေးနေတတ်ကြသောကြောင့် ဖြစ်သည်။စာရေးသူတို့အဖွဲ့သည် အခြားသူများလို သွားခါနီး ၁လအလိုလောက်မှ ဟိုသွားမည်၊ဒီသွားမည် ငြင်းခုံကြခြင်းမဟုတ်။ ထို့ကြောင့်လည်း ရေရှည်စီမံကိန်းသဘောမျိုးဖြစ်နေသည့်အတွက်ကြောင့် ဗစ်ရှင်ဆန်နေရခြင်းဟု ဆိုလိုသည်။ ခရီးစဉ်နေရာအတွက်ရွေးချယ်တိုင်ပင်ရမည့်လူများကလည်း များများစားစားမရှိ။ စာရေးသူတို့သူငယ်ချင်းငါးယောက်ဖြစ်သည့် ယခုစာရေးနေသူ(ကျွန်တော်)၊ ကိုပြည့်စုံ၊ ဇေယျာသူ၊ ဖြိုးကြီး နှင့် jackတို့ဖြစ်သည်။ စာရေးသူတို့ နှစ်စဉ်နှစ်တိုင်းခရီးသွားခဲ့သည်မှာ သုံးနှစ်မျှပင်ရှိသည်။ ပထမနှစ် ပုဂံခရီးစဉ်၊ ဒုတိယနှစ် ကလောခရီးစဉ်နှင့် တတိယနှစ် ကလောနှင့်ပြင်ဦးလွင်ခရီးစဉ်တို့ဖြစ်သည်။ ပထမနှစ်နှင့်ဒုတိယနှစ်ခရီးစဉ်သည် သုံးရက်မျှသာရှိသောရက်တိုခရီးစဉ်ဖြစ်သည်။ သို့သော် တတိယမြောက် ကလော၊ပြင်ဦးလွင်ခရီးစဉ်သည် ခုနှစ်ရက်မျှရှည်ကြာသော ရက်ရှည်ခရီးစဉ်ဖြစ်သည့်အတွက်ကြောင့် ရက်ရှည်ခရီး၏အနှစ်သာရကို စာရေးသူတို့အဖွဲ့ အရသာတွေ့နေကြပြီဖြစ်သည်။ ထို့ကြောင့် ဒီနှစ်ခရီးစဉ်ကိုတော့ ၇ရက်ထက်မပိုရင်တောင် အနည်းဆုံး၇ရက်လောက်တော့ဖြစ်အောင် စီစဉ်ဖို့တာ၀န်ရှိလာသည်။ ဒါ့အပြင် အရင်နှစ်တွေတုန်းက ၂နှစ်ဆက်တိုက် ကလောသွားခဲ့ကြသည့်အတွက်၊ ဒီနှစ်တော့ ကလောဆိုသည့်အသံကြားလျှင်ပင် အော့အန်ချင်စိတ်များဖြစ်ပေါ်သည့် လူများလည်းရှိသည်။ ထို့နောက် နှစ်စဉ်နှစ်တိုင်းဆွေးနွေးပွဲများတွင် ရေပန်းစားခဲ့သလောက် နောက်ဆုံးတွင်အများဆန္ဒဖြင့်ပယ်ချခြင်းခံခဲ့ရသော ခရီးစဉ်တစ်နေရာကလည်းရှိသေးသည်။ ထိုနေရာမှာအခြားမဟုတ်။ ပင်လယ်ကမ်းခြေဒေသဖြစ်သည်။ ပထမနှစ်က ချောင်းသာဖြင့်အစပြုခဲ့သော်လည်း နောက်ပိုင်းတွင်ပုဂံခရီးစဥ်ကိုထောက်ခံသည့်လူများကအရေးသာသွားသော်ကြောင့် ချောင်းသာခရီးစဉ်ကိုပယ်ဖျက်ခဲ့ရသည်။ ဒုတိယနှစ်တွင်လည်း ငွေဆောင်ဖြင့်အစချီခဲ့သော်လည်း ကလောသွားမည့်သူများ၏ အချီအချဆွေးနွေးမှုများကြောင့် ငွေဆောင်ခရီးစဉ်လည်းအရေးနိမ့်ခဲ့ရပြန်သည်။ တတိယနှစ်ရောက်တော့ ဟေမန်ဆောင်းအလှမယ်ကလေး၏ သတ္တအာရုံတွင်ငြိတွယ်နေသည့်အပြင်၊ ရှမ်းရိုးမ၏ ပစ္စဏ္ဍလက်ဆန်ဆန်ညို့ယူဖမ်းစားချက်များကို မိန်းမောနေသည့် လူအများစုကလည်း တောင်တန်းဒေသကိုစိတ်မကုန်သေးသည့်အတွက်ကြောင့် ကမ်းခြေဆိုသည့်ခရီးစဉ်သည် စာရေးသူတို့၏ဆွေးနွေးမှုများကြားတွင် ခေါင်းပင်မထောင်နိုင်ခဲ့။ သို့သော် ဒီနှစ်တော့ အရင်နှစ်များနှင့်မတူ။ ပြီးခဲ့သည့်၂နှစ်လုံး တောင်းတန်းဒေသသို့ ခရီးပေါက်ခဲ့သည့်အတွက် ဒီနှစ်တော့ တောင်တန်းဒေသဆိုလျှင် လှည့်မကြည့်ချင်ကြတော့သည့်သူများ အတော်များလာသည်။ ထို့ကြောင့် ကမ်းခြေဘက်သို့သွားကြမည်ဆိုသော အဆိုပြုချက်များကအလျှိုအလျှို ပေါ်ပေါက်လာပြီး ကမ်းခြေဂိုဏ်းသားများက ဆွေးနွေးပွဲများတွင် အထက်စီးဆန်ဆန် နေရာရလာသည်။ သို့သော် လွမ်းရယ်မပြေသေးသည့် တောင်တန်းသားဂိုဏ်းသားတစ်ချို့ကလည်း အားကောင်းမောင်းသန် "တောင်တန်းဒေသမှ တောင်တန်းဒေသ"ဟုဆိုကာ အလျော့မပေး ဆွေးနွေးနေကြသေးသည်။ သို့သော် လွန်ခဲ့သည့် 2နှစ်တုန်းကလောက်တော့ "တောင်တန်းဒေသ ဂိုဏ်းသား"များမှာ အားကောင်းမောင်းသန်မရှိလှတော့။ ထို့နောက် ခရီးစဉ်တစ်ခုလုံး၏စံချိန်စံညွှန်းများကို ချိန်ထိုးကြည့်လိုက်ရာ မဖြစ်မနေကိုက်ညီရမည့် အချက်သုံးချက်ထွက်ပေါ်လာသည်။ ပထမအချက် ခရီးစဉ်သည် ကလောမဖြစ်ရ၊ ဒုတိယအချက် ရက်ရှည်ခရီးဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးငါးရက်မျှကြာရမည်၊ တတိယအချက် မဖြစ်မနေကမ်းခြေပါရမည်။ ထို့ကြောင့် ခရီးစဉ်တစ်ခုလုံးကို အချောသတ်ပုံဖော်ကြည့်လိုက်သောအခါ တောင်တန်းဒေသသွားချင်သည့်သူများအတွက် ကလောမဟုတ်သည့်တောင်တန်းဒေသတစ်ခုခုထည့်ပေးရမည်ဖြစ်ပြီး ကမ်းခြေသွားမည့်သူများ ကျေနပ်ရန်အတွက်လည်း ကမ်းခြေဒေသတစ်ခု ထည့်သွင်းပေးရမည်ဖြစ်သည်။ ဤတွင် စာရေးသူတို့အတွက်အကျပ်ရိုက်ခေါင်းစားစရာကိစ္စများပေါ်ပေါက်လာသည်။ထိုအရာမှာ တောင်တန်းနှင့်ကမ်းခြေကို မည်သို့မည်ပုံချိတ်ဆက်ကြမည်နည်း။ ---------------------------+--------------------------+--------------- ခရီးစဉ်တစ်ခုလုံး၏ အဓိကမျှော်ရည်ချက်များဖြစ်သော ကလောမဖြစ်ရေး၊ ငါးရက်အနည်းဆုံးဖြစ်ရေးနှင့် ကမ်းခြေဒေသပါ၀င်ရေးတို့ကိုအခြေခံပြီးစဉ်းစားလိုက်သောအခါ "ပူတာအို-ငပလီ"ခရီးစဉ်ဆိုပြီး စဉ်းစားချက်တစ်ခုပေါ်လာသည်။ အမှန်တကယ်တော့ "ပူတာအို-ငပလီ"ခရီးစဉ်ဆိုသည်မှာ ဘယ်လိုချိတ်ဆက်၍မဖြစ်နိုင်သောနေရာနှစ်ခုကိုချိတ်ဆက်ထားခြင်းဖြစ်သည်။ သို့သော် စာရေးသူတို့ကတော့ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ကိုမစဉ်းစား။ 'သွားချင်လိုစိတ်'တစ်ခုတည်းကိုသာဇောင်းပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်ကိုအတည်ပြုဆွေးနွေးရာတွင်လည်း စာရေးသူတို့ငါးယောက်ကြား အရင်ဦးဆုံးသဘောတူညီမှုရအောင် ဆွေးနွေးယူရသည်။ စာရေးသူတို့ငါးယောက်လုံးသဘောတူညီချက်ရမှသာ စာရေးသူတို့နဲ့အတူခရီးလိုက်ပါနိုင်ခြေရှိသောလူများနှင့်စုဖွဲ့ထားသည့် မက်ဆင်ဂျာဂရုထဲသို့ပေးပို့အတည်ပြုချက်ယူပြီး ထပ်မံဆွေးနွေးကြရမည်ဖြစ်သည်။ ထို့ကြောင့် စာရေးသူတို့ငါးဦးကသာ ခရီးစဉ်ဖြစ်မြောက်ရေး၏ ဗဟိုကော်မတီ၀င်များလိုဖြစ်နေသည်။ ချမှတ်ထားသော စံများနှင့်ကိုက်ညီမယ့် ခရီးစဉ်တစ်ခုအကောင်အထည်ပေါ်ရန် မည်သည့်ဒေသသို့သွားသင့်သည်ဆိုသည်ကို စာရေးသူတို့အဖွဲ့ကစပြီး အကြိတ်အလည် ဆွေးနွေးကြသည်။ စာသင်ချိန်များတွင်လည်း အားရင်အားသလို ဆွေးနွေးတတ်ကြသည်။ တစ်ခါတစ်လေ ကျောင်းဆင်းချိန်ကျော်လွန်သွားသော်လည်း အိမ်တန်းပြန်လေ့မရှိပဲ ကျောင်းတွင်လွတ်နေသည့်အခန်းတစ်ခန်းယူပြီး အကျေအလည် ဆွေးနွေးကြသေးသည်။ ထို့ကြောင့် Gusto ကျောင်းရှိ Libraryအနောက်က အခန်းကျဉ်းလေးသည် စာရေးသူတို့အတွက် "အစည်းအဝေး ကော်မတီခန်းမခန်းမ"ဖြစ်သလို၊ ခရီးစဉ်အသစ်များမွေးဖွားရာ "ဘူမိနက်သန် မိခင်မြေ"ဟုလည်း ခေါ်ဆိုသမုတ်နိုင်သည်။ တစ်ခါတစ်ရံ အိုင်ဒီယာအသစ်များပိုထွက်အောင် city mall, junction square, junction cityစသောနေရာများသို့သွားရောက်ပြီးဆွေးနွေးကြသေးသည်။ များသာအားဖြင့် ဆွေးနွေးချိန်များက ၂နာရီ ၃နာရီလောက် အထိကြာသွားသည့်တိုင်အောင် အားလုံးသဘောတူသည့်နေရာမျိုး ရရှိမလာခဲ့ပဲ ငြင်းကြ ခုန်ကြရင်း၊ တစ်ယောက်အဆိုပြုတာကို တစ်ယောက်ကန့်ကွက်ရင်း အချိန်ကုန်သွားတတ်သည်ကများသည်။ သို့သော် နောက်ဆုံးတွင် စာရေးသူနှင့်ကိုပြည့်စုံတို့က ပူတာအိုသွားသင့်သည့်ဆိုသည့် အိုင်ဒီယာထွက်ပေါ်လာပြီး၊ jackနှင့်ဖြိုးကြီးက ငပလီ သွားကြမည်ဆိုသည့် အိုင်ဒီယာထွက်ပေါ်လာခြင်းကြောင့်၊ ထိုအိုင်ဒီယာနှစ်ခုကိုပေါင်းစပ်ကာ "ပူတာအို-ငပလီ"ဆိုသည့် ခရီးစဉ်ကိုသဘောတူ ရေးဆွဲလိုက်ကြသည်။ ခရီးစဉ်တစ်ခုထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုခရီးစဉ်နှင့်သက်ဆိုင်သော ဖြစ်တန်ချေများကို စတင်စဉ်းစားလာရသည်။ ပထမဆုံးအနေဖြင့် ပူတာအိုနှင့်ငပလီကို ချိတ်ဆက်ဖို့အတွက် လမ်းခရီးအကြောင်းကို စတင်လေ့လာရသည်။ ထိုအခါ လမ်းခရီးသည် ထင်သလောက်မလွယ်။ ကုန်းတစ်တန်၊လေတစ်တန် အလီလီဖြင့်သွားရောက်ရမည်ဆိုသည်ကို တွေ့လာရသည်။ နောက်ပြီး ခရီးစဉ်တစ်ခုလုံး၏ ကြာချိန်ကိုတွက်ကြည့်လိုက်ရာ ၁၁ရက်မျှပင်ရှိနေသည်။ စာရေးသူရယ်၊ကိုပြည့်စုံ၊jack၊ဖြိုးကြီးတို့ကတော့ ခရီးစဉ်ရှည်လေ အသည်းခိုက်လေဖြစ်သဖြင့် ကိစ္စမရှိ။ ပို၍ပင်ပျော်နေသေးသည်။ သို့သော် ဇေယျာသူတစ်ယောက်ကတော့ ကိစ္စရှိပုံရသည်။ ဒီကောင်ကတော့ ခရီးစဉ်ရှည်သည့်ကိစ္စကို ထုတ်မပြောသော်လည်း ဤမျှရှည်လျားသောခရီးစဉ်ကိုလိုက်နိုင်ဖို့အတွက် အိမ်ကနေမည်သို့မည်ပုံခွင့်ပြုချက်တောင်းခံရမည်ကို ခပ်လန့်လန့်ဖြစ်နေပုံရသည်။ စာရေးသူတို့က ဇေယျာသူကို ခရီးစဉ်၁၁ရက်ကအဆင်ပြေရဲ့လားဟုမေးသောအခါ၊ ဒီကောင်ကဘာမှပြန်မပြော။ မင်းတို့အဆင်ပြေအောင်အရင်ညှိ၊ သေချာမှ သူ့ကိုပြန်ပြောဟုသာ စည်းလွတ်ဝါးလွတ် ပြောသည်။ ဇေယျာသူပါးစပ်က ဒီလိုစကားမျိုးထွက်လာလျှင် ဒီကောင်ဘယ်ခြေလှမ်းလှမ်းတော့မည်ဆိုတာကို စာရေးသူတို့က သိနှင့်ပြီးဖြစ်သည်။ ပါးစပ်ကတော့ အဆင်ပြေအောင်အရင်လုပ်ဟုပြောပြီး ခရီးသွားခါနီးမှ "သားကြီးတို့ ငါ့အိမ်ခွင့်ပြုချက်မရလို့ မလိုက်တော့ဘူး"ဆိုသည့် အကွက်မျိုးဖြစ်သည်။ ယခုအချိန်ထိတော့ အဆင်ပြေသည်ပြောနေ၍ သူ့အကွက်ကိုကြိုမြင်သော်လည်း စာရေးသူတို့ကများများစားစားပြောမရ၍ ဇေယျာသူလည်း ဒီခရီးစဉ်ကိုသဘောတူသည်ဟုသာ ကောက်ချက်ချလိုက်ရတော့သည်။ ယခုဆိုလျှင် စာရေးသူတို့ ငါးယောက်စလူံးက "ပူတာအို-ငပလီ"ခရီးစဉ်ကိုသဘောတူပြီးဖြစ်၍ ကျန်သူများကို အသိပေးပြီး အတည်ပြုချက်ရယူရန်သာ ကျန်တော့သည်။ ထို့ကြောင့် ဒီနှစ်သွားမည့်ခရီးစဥ်သည် "ပူတာအို-ငပလီ" ၁၁ရက်ခရီးစဉ်ဖြစ်ကြောင်းကို မက်ဆင်ဂျာဂရုထဲသို့ ပေးပို့လိုက်ရတော့သည်။ ထိုက်မက်ဆင်ဂျာဂရုသည် စာရေးသူတို့နှင့်အတူ နှစ်စဉ်နှစ်တိုင်း ခရီးလိုက်လေ့ရှိကြသည့် လူအများစုနှင့်စုဖွဲ့ထားသော ဂရုဖြစ်သည်။ ထို့နောက် မက်ဆေ့ပို့ပြီးသိပ်မကြာ "မဖြစ်နိုင်ဘူး"၊ "ဒီလောက်ရက်ရှည်တာအဆင်မပြေဘူး"၊ "ခရီးစရိတ်တွေအရမ်းများနေမှာပေါ့" စသောဝေဖန်သံများ အလီလီတတ်လာသည်။ စာရေးသူတို့ကလည်း မိမိတို့သဘောတူပြီးသားခရီးစဉ်တစ်ခုကို အခုလိုတစ်သောသောဝေဖန်ခံနေရသဖြင့် ပြန်လည်ဆွေးနွေးရုံအဆင့်တင်မဟုတ်တော့ပဲ၊ ဒီနှစ်အတွက် ထိုခရီးစဉ်ကိုသာ မဖြစ်မနေရွေးချယ်မည်ဖြစ်ကြောင်းကို အကျေအလည်ပြန်လည်ချေပကြ၏။ စာရေးသူကတော့ အခြားသူများသဘောတူလက်ခံနိုင်ရန်အတွက် ခရီးစဉ်နှင့်ပတ်သတ်သည့်စိတ်၀င်စားစရာနေရာများ၊ တည်းခိုစရာနေရာများစသည့်အချက်အလက်များကို ရှာဖွေစုဆောင်းပြီး စည်းရုံးသိမ်းသွင်းလေ၏။ သို့သော် "ရှာဖွေလေ တွေ့ရှိလေ"ဆိုသည့်စကားပုံအတိုင်း အချက်အလက်တွေရှာဖွေလေလေ "ပူတာအို-ငပလီ"ဆိုသည့်ခရီးစဉ်သည် လက်တွေ့မဆန်လေဆိုသည်ကို တစ်ဖြည်းဖြည်းနားလည်သဘောပေါက်လာသည်။ ပူတာအိုဆိုသည့် နေရာတစ်ခုတည်းသွားဖို့ကိုပင် အလွန်ကသီအောင်စီစဉ်ရသည်မျိုးဖြစ်ရာ ယခုလို ငပလီဆိုသည့်ကမ်းခြေဒေသကိုပါထည့်သွင်းလိုက်သည့်အတွက် အတော့်ကိုမှလက်တွေ့မကျနိုင်သော ကိစ္စဖြစ်နေသည်။ တည်းခိုစရိတ်နှင့်သွားရေးလာရေးစရိတ်ကိုတွက်ကြည့်သောအခါ တစ်ယောက်လျှင် "ဆယ် ဂဏန်း" နီးပါးမျှကပ်နေသည်။ ဂရုထဲက ဝေဖန်ချက်တွေကလည်းအများအပြား "မြန်မာပြည်မြောက်ဖျားနဲ့အနောက်ဖျားကို မင်းတို့ဘယ်လိုစီစဉ်လိုက်တာလဲ၊ ဒါလုံး၀မဖြစ်နိုင်ဘူး"၊ "ခရီးက၁၁ရက်ဆိုတော့ အ၀တ်အစားကိုဘယ်လိုသယ်ရမလဲကွ၊ ရက်လျှော့လို့မရဘူးလား ဒါလုံး၀အဓိပ္ပာယ်ရှိဘူး"။ ထက်ဆုဆိုလျှင် ဒီနှစ်သွားမည့်နေရာက ပူတာအို-ငပလီဖြစ်ကြောင်း သူ့အမေကိုအသိပေးလိုက်သည့်အခါ သူ့အမေကခွက်ထိုးခွက်လန်ရယ်မောသည်ဟု စာရေးသူတို့ကိုပြန်လာပြောသည်။ စာရေးသူတို့ကလည်း အခြားသူများ၏ဝေဖန်သံများတစ်ဆထက်တစ်ဆများပြားလာသောအခါ ယုတ္တိယုတ္တာအလွန်နည်းနေသော စာရေးသူတို့၏ခရီးစဥ်ကို ပြန်လည်ဝေဖန်ဆန်းစစ်လာရတော့သည်။ ထို့သို့ ပြန်လည်ဆန်းစစ်ကြည့်သောအခါ "ပူတာအို-ငပလီ"ခရီးစဉ်တွင် အဓိကအားနည်းချက်ကြီးသုံးခုကို မြင်တွေ့လာရသည်။ ထိုအချက်များမှာ ခရီးစရိတ်အလွန်များပြားလွန်းခြင်း၊ ခရီးရက်အလွန်ရှည်နေခြင်းနှင့် စီစဉ်နိုင်ရန်မလွယ်ကူနိုင်ခြင်းဆိုသည့် အချက်များပင်ဖြစ်သည်။ ထို့နောက် ထိုအားနည်းချက်ကြီးသုံးခုကို စာရေးသူတို့အဖွဲ့ကြား အပြန်ပြန် အလှန်လှန် ဆွေးနွေးငြင်းခုန်မှုပြုပြီးသည့်နောက် "ပူတာအို-ငပလီ"ဆိုသည့်ခရီးစဉ်ကို အများသဘောတူပယ်ဖျက်လိုက်ရတော့သည်။ ထို့ကြောင့် "ပူတာအို-ငပလီ"ခရီးစဥ်ကား ဤတွင်ပြည်ဖုံးကားချလေတော့သည်။ ဤသို့စီစဉ်မှုမှားယွင်းသွားရခြင်းမှာလည်း အခြားအကြောင်းကြောင့်မဟုတ်။ ခရီးစဉ်၏ စံသတ်မှတ်ချက်သုံးခုဖြစ်သည့် ကလောမဖြစ်ရေး၊ ရက်ရှည်ဖြစ်ရေးနှင့်ပင်လယ်ကမ်းခြေပါ၀င်ရေးတို့ကို အသေကိုင်ပြီး စဉ်းစားခဲ့သောကြောင့်ဖြစ်သည်။ ဆရာသမားများ၏ဆုံးမစကားဖြစ်သော "စံတွေကိုအသေကိုင်ထားရင် လက်တွေ့နဲ့ဝေးတတ်တယ်ကွ"ဟူသောစကားကိုသတိရလာသည်။ ထို့သို့ "ပူတာအို-ငပလီ"ခရီးစဉ်ပျက်ပြားသွားရသည့်အတွက် ကြားထဲက ကျိတ်ပြီး၀မ်းသာနေသူတစ်ဦးကလည်းရှိသေးသည်။ ထိုသူက အခြားမဟုတ်။ ဇေယျာသူပင်ဖြစ်သည်။ ဒီကောင်က ခရီးရက်ရှည်လွန်းနေသည့်အတွက် အိမ်ကိုပြောဖို့အခက်တွေ့နေသည်။ အဲ့ဒီလိုအခက်တွေ့နေသည့်အချိန်မျိုးမှာပင် ခရီးစဉ်ပျက်ပြားသွားသည့်အတွက် ဒီကောင်မှမပျော်လျှင် ပျော်မည့်သူမရှိတော့ပေ။ ထို့ကြောင့် ခရီးစဉ်ပျက်ပြားသွားခြင်း၏အဓိကအကျိုးကျေးဇူးကိုရလိုက်သည်က ဇေယျာသူပင်ဖြစ်သည်။ အကြိတ်အနယ်ဆွေးနွေးထားကြသော "ပူတာအို-ငပလီ"ဆိုသည့်ခရီးစဉ်ပျက်ပြယ်သွားသောအခါ အခြားခရီးစဉ်တစ်ခုကိုထပ်မံစဉ်းစားဖို့အတွက် စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်လာကြသည်။ ထို့နောက် first semesterရဲ့ assignmentများကလည်း deadlineနားတဖြည်းဖြည်းကပ်လာသည့်အပြင် researchဘာသာရပ်ကလည်း ယခုမှထိတွေ့ဖူးသောဘာသာရပ်ဖြစ်သောကြောင့် deadlineအမှီတင်ဖို့ ခေါင်းနားပန်းကြီးနေကြသည့်အတွက် ခရီးစဉ်အသစ်ကို စဉ်းစားဖို့အချိန်မပေးနိုင်ကြတော့ပေ။ First semesterပြီးသွားသောအခါ ကျောင်းပိတ်ရက်ကလည်း ၁လလောက်ဖြစ်သွား၍ ခရီးအတွက်မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြသည်။ သို့သော် Second semesterပြန်တတ်ကြသောအခါ...........
Comments