ချိုးကူငှက်ရဲ့သက်တမ်း
- Revolution 4.0

- Nov 21, 2021
- 1 min read

လွန်ခဲ့တဲ့ နှစ်တွေကတည်းက NCAဆွေးနွေးပွဲနဲ့ပတ်သတ်တဲ့သတင်းတွေကို အမြဲတမ်းလိုလို ဖတ်ဖြစ်ခဲ့တယ်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ NRPCဟာ ဘယ်လိုအလုပ်လုပ်နေသလဲ၊ တိုက်ပွဲတွေကိုစောင့်ကြည့်ထိန်းသိမ်းနေတဲ့ JICMကရော တစ်ကယ်အလုပ်လုပ်ရဲ့လား၊ ပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုပြီးတိုင်း တိုင်းရင်းသားတွေနဲ့ဗမာခေါင်းဆောင်တွေကြား ဘာတွေသဘောတူညီမှုရခဲ့သလဲ၊ တစ်ခါ NCAလက်မှတ်မထိုးမထားတဲ့ FPNCCကရော ဘယ်လိုတွေအပြုသဘောဆောင်လာလဲ၊ နိုင်ငံရေးသုံးသပ်သူတစ်ချို့ကရော ဘယ်လို အပြုသဘောဝေဖန်ကြလဲ စတဲ့အကြောင်းအရာများစွာက အများကြီးတွေးအားပိုစေခဲ့တယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်တွေအားလုံးကိုဆက်စပ်ကြည့်တဲ့အခါ NCAဆွေးနွေးပွဲတွေဟာ အခြေအနေမကောင်းကြတဲ့အပြင် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အဓိကျတဲ့အစုအဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသား၊ NLD၊ စစ်တပ် စတဲ့အစုအဖွဲ့သုံးခုဟာ နိုင်ငံရေး dead lockထဲကိုရောက်နေကြပြီဆိုတာ ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သတိထားမိခဲ့တယ်။ တစ်ကယ်တော့ ဒီအစုအဖွဲ့တွေဟာ နဂိုတုန်းက သူတို့ရဲ့မူလအထိုင်တွေဆီကနေ political dialogueဆီကို ရောက်လာကြတာ ဖြစ်တယ်။ တိုင်းရင်းသားတွေက နဂိုမူလအထိုင်အဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကိုစွန့်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်လာတယ်၊ NLDဟာလည်း ၂၀၀၈အောက်မှာ ရွေးကောက်ပွဲမ၀င်ဘူးဆိုတဲ့ သူ့ရဲ့နဂိုမူလအတိုက်အခံလမ်းကြောင်းကိုစွန့်ပြီး အစိုးရဖြစ်လာတယ်၊ စစ်တပ်ကလည်း သူတို့ရဲ့ နဂိူမူလအထိုင်ဖြစ်တဲ့ အာဏာကိုလက်လွှတ်ပြီး ရွေးကောက်ပွဲနဲ့ Democracy Transitionကိုစခဲ့တယ်။ မြန်မာပြည်ရဲ့ အာဏာစက်ဝိုင်းထဲမှာ ချန်လှပ်လို့မရတဲ့ ဒီအစုအဖွဲ့သုံးခုဟာ သူတို့ရဲ့နဂိုမူလအထိုင်အသီးသီးကိုစွန့်ပြီး ၂၀၀၈ပေါ်ကနေ NCAစာချုပ်နဲ့လမ်းကြောင်းသစ်တစ်ခုကိုဖန်တီးနေတုန်းမှာပဲ နိုင်ငံရေး dead lockတွေပေါ်လာတယ်။ ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်ကတည်းက နိုင်ငံရေးသုံးသပ်သူတွေကြားထဲ ဝေဖန်သံတွေစကြားရလာတယ်။ အဲ့တာကတော့ "နောင်လေးငါးနှစ်အတွင်းမှာ ငြိမ်းချမ်းရေးမရခဲ့ရင် တိုင်းရင်းသားတွေဟာ ဖက်ဒရယ်လောက်နဲ့ကျေနပ်တော့မှာမဟုတ်ဘူး ကွန်ဖက်ဒရေးရှင်းတွေဘာတွေဖြစ်လာနိုင်တယ်"၊ " NCAဟာ ဒီတိုင်းပဲ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေရင် ၂၀၂၀အလွန်မှာ စစ်တပ်နဲ့တိုင်းရင်းသားတွေ တိုက်ပွဲကြီးကြီးမားမားပြန်ဖြစ်လာနိုင်တယ်"ဆိုတဲ့ သုံးသပ်ချက်တွေဟာ မကြားချင်မှအဆုံးပါပဲ။ ဒါပေမဲ့ ဒီအစုအဖွဲ့ကိုသုံးခုဟာ သူတို့လက်ရှိရောက်နေတဲ့ အခင်းအကျင်းကိုစွန့်ခွာပြီး သူတို့ရဲ့နဂိုမူလအထိုင်ကိုပြန်လှည့်မှ ဒီ dead lockထဲကနေဖောက်ထွက်သွားနိုင်တယ်ဆိုတာကိုတော့ မတွေးခဲ့မိဘူး။ ၂၀၂၀ရောက်တော့ စစ်တပ်ကစပြီး သူရဲ့နိုင်ငံရေးအကျပ်အတည်းကို အာဏာသိမ်းမှုနဲ့စပြီး ဖောက်ထွက်ခဲ့ရာကနေ စစ်တပ်ရဲ့နဂိုမူလအထိုင်ကိုပြန်ရောက်သွားတယ်၊ စစ်တပ်ကသူရဲ့နဂိုနေရာ ကစားပွဲဆီပြန်သွားတော့ တိုင်းရင်းသားတွေဟာလည်း လက်နက်ကိုင်တိုက်ပွဲတွေဆီပြန်ရောက်တယ်၊ NLDဟာလည်း နဂိုမူလအတိုက်အခံလမ်းကြောင်းပေါ်ပြန်ရောက်သွားတယ်။ အားလုံးဟာ နဂိုမူလအထိုင်အသီးသီးဆီပြန်ရောက်သွားတဲ့အခါမှာတော့ ၂၀၁၃လောက်ကနေစပြီး သန္ဓေတည်လာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘာမှသုံးစားမရတော့တဲ့ စက္ကူစုတ်သာသာအဆင့်ကိုရောက်ရှိသွားခဲ့တယ်။
NLDဟာ လွန်ခဲ့တဲ့ ငါးနှစ်တာကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူဟာ စစ်တပ်နဲ့တိုင်းရင်းသားကြားမှာ negotiatorဆိုတဲ့နေရာကနေပဲ လှုပ်ရှားခဲ့တယ်။ နောက်ပြီး ဆွေးနွေးပွဲတွေမှာဆိုရင်လည်း စစ်တပ်ဘက်က "တစ်ခုတည်းတည်သော တပ်မတော်ဖြစ်ရေး"၊ "ပြည်ထောင်စုမှခွဲမထွက်ရ"ဆိုတဲ့အချက်နှစ်ခုကို packageတွဲပြီး political blockတွေနဲ့ စားပွဲဝိုင်းနိုင်ငံရေးကို ရှည်ကြာသထက်ရှည်အောင် ဆွဲဆန့်နေခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ကြာသင့်တာထက်ပိုပြီးရှည်ကြာနေတဲ့အခါ တိုင်းရင်းသားတွေဘက်က "ငါတို့ဟာ နိုင်ငံရေးစားပွဲဝိုင်းထဲမှာ ပိတ်မိနေပြီ" ဆိုတဲ့သံသယစိတ်တွေထပ်ပြီးကြီးထွားလာခဲ့ပြန်တယ်။ နောက်ဆုံးကျတော့ တိုင်းရင်းသားတွေဟာ " ငါတို့တော့ ဒီစားပွဲဝိုင်းမှာပိတ်မိနေပြီ၊ ပင်လုံတုန်းကလည်း တစ်ခါအလိမ်ခံပြီးပြီ၊ အခုလည်းနောက်တစ်ခါအလိမ်ခံရပြန်ပြီ"ဆိုတဲ့အထိ ဖြစ်လာကြတယ်။ စစ်တပ်ဘက်ကလည်း သူတောင်းဆိုတာကိုတိုင်းရင်းသားတွေဘက်က တင်းခံနေတဲ့အခါ "ခွေးခေါင်းချိတ်ပြီး ဆိတ်သားမရောင်းဖို့"ဆိုတဲ့စကားမျိုးတွေအထိ ဆွေးနွေးပွဲမှာပြောဆိုခဲ့ကြတာကိုကြည့်ခြင်းအားဖြင့် စစ်တပ်ကိုယ်တိုင်က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်ကို အယုံအကြည်မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါနဲ့ပဲ စစ်တပ်ဟာလည်း ဖက်ဒရယ်မယုံ၊ တိုင်းရင်းသားတွေဟာလည်း ဖက်ဒရယ်မယုံ၊ ဗမာအင်အားစုဖြစ်တဲ့ NLDဘက်ကလည်း တိုင်းရင်းသားတွေနဲ့အကွဲအပြဲဖြစ်နေတော့ ဒီငြိမ်းချမ်းရေးလမ်းကြောင်းဟာ ဘက်ပေါင်းစုံကနေ အကျပ်အတည်းဆိုက်နေခဲ့တယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးကျင်းပခဲ့တဲ့ တတိယမြောက်ပင်လုံမှာတော့ ပြည်နယ်များအလိုက်သက်ဆိုင်ရာအခြေခံဥပဒေများရေးဆွဲခွင့်ပြုဖို့ မူအားဖြင့် သဘောတူခဲ့ကြတဲ့အပြင်၊ ၂၀၂၀ရွေးကောက်ပွဲအလွန်မှာ တတ်လာတဲ့အစိုးရအနေဖြင့်လည်း ဒီ NCAလမ်းကြောင်းကို အရှိန်အဟုန်မပြတ်ရှေ့ဆက်နိုင်ဖို့ဆိုပြီး မူဝါဒတွေချမှတ်နိုင်ခဲ့တယ်ဆိုတာ ကြားရတော့ အတော်ကိုကျေနပ်ခဲ့ရတယ်။ ဒီအခြေခံမူတွေကြောင့် ၂၀၂၀နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ dead lockကိုကျော်နိုင်ခဲ့ပြီထင်ခဲ့ပေမယ့် အတောမသတ်နိုင်တဲ့ နိုင်ငံရေးတဏှာရာဂအားကြီးလွန်းတဲ့အတွက်ကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်သဘောတရားတွေဟာ ၀တ်စလစ်ချွတ်အဓမ္မပြုကျင့်ခံလိုက်ရတယ်....







Comments