top of page

ဆိုဗီယက်ယူနီယမ် ပြိုကျပျက်စီးမှုနှင့် အမျိုးသားရေးခေါင်းထောင်မှု (ဇာတ်သိမ်း)

  • Writer: Revolution 4.0
    Revolution 4.0
  • Dec 10, 2021
  • 3 min read


ဂိုဘာချော့တစ်ယောက် ဆိုဗီယက်ယူနီယမ်မှာ အာဏာရလာတဲ့အခါ ဆိုဗီယက်စီးပွားရေးဟာ အတော်ကိုပျက်စီးယိုယွင်းနေပြီ။ အဲ့ဒီအချိန် ရှရှားမှာ ပေါင်မုန့်တောင် ရာရှင်စနစ်နဲ့၀ယ်လို့မရတော့တဲ့အနေအထားမျိုးရောက်သွားတယ်။ ဒါနဲ့ပဲ ‌ဂိုဘာချော့တစ်ယောက် ဘာကြောင့်ဆိုဗီယက်စီးပွားရေး ကျဆင်းရသလဲလို့ ဆန်းစစ်တဲ့အခါ အဓိကအကြောင်းအရင်းနှစ်ခုသွားတွေ့တယ်။ အဲ့တာကတော့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုကျင့်သုံးနေတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ တစ်ခြားအရင်းရှင်နိုင်ငံတွေလို ခေတ်မှီတဲ့ကမ္ဘာ့ဈေးကွက်စနစ်နဲ့မချိတ်ဆက်နိုင်တာရယ်၊ နောက်ပြီး ပြည်ပပို့ကုန်တွေမှာ စစ်လက်နက်ပစ္စည်းနဲ့သဘာ၀တွင်းထွက်ပစ္စည်းတွေကိုပဲ အားထားနေရတာရယ်ကြောင့် ဆိုဗီယက်စီးပွားရေးကျဆင်းနေရတယ်ဆိုတာသွားတွေ့တယ်။

ဆိုဗီယက်စီးပွားရေးဟာ ကွန်မြူနစ်ပါတီကဦးဆောင်တဲ့ ဆိုရှယ်လစ်စီးပွားစနစ်ဖြစ်တာကြောင့် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ကိုအော်ပရိတ်လုပ်ငန်းကြီးတွေကို နိုင်ငံတော်ကပဲ ဦးဆောင်ထုတ်လုပ်တဲ့အတွက် ကုန်ထုတ်လုပ်မှုစွမ်းအားကျဆင်းလာတယ်။ အဲ့ဒါနဲ့တစ်ပြိုင်နက်တည်းမှာပဲ ဈေးကွက်ဝယ်လိုအားကပါ ကျဆင်းလာတဲ့အခါ အရင်းရှင်နိုင်ငံတွေမှာအသုံးပြုနေတဲ့ များများထုတ် များများ၀ယ်ဆိုတဲ့ ကမ္ဘာ့ဈေးကွက်နဲ့မချိတ်ဆက်နိုင်ပဲ ဆိုဗီယက်စီးပွားရေးပျက်စီးလာတယ်။ တစ်ဖက်မှာလည်း ဆိုဗီယက်စီးပွားရေးလုပ်ငန်းက ဒုတိကမ္ဘာစစ်ပြီးကတည်းက စတာလင်ရဲ့အယူအဆဖြစ်တဲ့ ကိုအော်ပရိတ်တွေအများကြီးနဲ့တိုင်းပြည်ကိုတည်‌ဆောက်ပြီး၊ စက်ရုံကြီးတွေများများရှိလေ အကြီးစားစက်မှုပစ္စည်းတွေများများထုတ်လုပ်နိုင်လေ တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်လေဆိုတဲ့အယူအဆကြောင့် ဆိုဗီယက်အနေနဲ့ ကမ္ဘာ့ဈေးကွက်မှာ သံမဏိတွေ၊ သဘာ၀တွင်းထွက်ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေကလွဲရင် တစ်ခြားဘာမှမတင်ပို့နိုင်ခဲ့ဘူး။ တစ်ခါ မေရိကန်နဲ့စစ်အေးခေတ်ကာလကို ရင်ဆိုင်နေရတာဖြစ်လို့ ဆိုဗီယက်တို့အနေနဲ့ အနျူမြူလက်နက်တွေ၊ ဒုံးကျည်စနစ်တွေ၊ အာကာသဒုံးခွင်းစနစ်တွေစတဲ့ကဏ္ဍတွေမှာပဲ တိုင်းပြည်၀င်ငွေတွေပုံအောရင်းနှီးထားတာဖြစ်လို့ တစ်ခြားသော ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့နေရာတွေမှာ ချွတ်ခြုံကျလာတယ်။ နောက်ပြီး ဆိုဗီယက်တပ်မတော်ဖြစ်တဲ့ တပ်နီတော်ကလည်း စစ်သည်အင်အား ၆သန်းလောက်ရှိနေပြီဖြစ်လို့ အဲ့ဒီလိုများပြားလှတဲ့စစ်တပ်ကြီးအတွက် လွန်စွာအကုန်အကျများတဲ့ စစ်အသုံးစရိတ်တွေအတွက်လည်း နိုင်ငံတော်ကတာ၀န်ခံရတယ်။ ဒီလိုအကြောင်းတရားတွေကြောင့် ဂိုဘာချော့တစ်ယောက် အာဏာရလာတဲ့အချိန်မှာ ဆိုဗီယက်ပြည်ထောင်စုကြီးဟာ သေဆုံးခါနီး လူမမာတစ်ဦးလိုမျိုး ပြည်ထောင်စုအသက်ဟာ မျော့မျော့ပဲကျန်ပါတော့တယ်။


ဒါနဲ့ပဲ ဂိုဘာဂျော့တစ်ယောက်ဟာ ပထမဆုံး ပြုပြင်ပြောင်းလဲမှုတစ်ခုအနေနဲ့ အရှေ့ဥရောပမှာရှိတဲ့ တပ်နီတော်တွေကို ပြန်နုတ်ပြီး ကရင်မလင်ဆီကို တပ်ပြန်ဆုတ်ခိုင်းလိုက်တယ်။ ဒီလိုမျိုးတပ်နီတော်တွေပြန်ထွက်သွားတာနဲ့တပြိုင်နက် ဆိုဗီယက်ပြည်ထောင်စု၀င်နိုင်ငံတွေမှာရှိတဲ့ပြည်သူတွေဟာ ဆိုဗီယက်အစိုးရကကျောထောက်နောက်ခံပေးထားတဲ့ ရုပ်သေးအစိုးရတွေကို စတင်ပုန်ကုန်ကြတော့တယ်။ ပထမတုန်းကတော့ ဒီလိုပုန်ကန်မှုတွေဖြစ်လာတိုင်း တပ်နီတော်တွေနဲ့ချေမှုန်းလေ့ရှိတဲ့ ကရင်မလင်အစိုးရဟာ အခုတခါမှာတော့ ‌ လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းတာတွေ၊အကြမ်းဖက်ချေမှုန်းတာတွေမလုပ်ပဲ ဂိုဘာဂျော့တစ်ယောက်က ညင်ညင်သာသာနဲ့ပဲကိုင်တွယ်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မေရိကန်ကလည်း သူလိုချင်တဲ့ပုံစံအတိုင်း ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုလဲနေပြီဖြစ်လို့ "‌ဂိုဘာဂျော့ဟာ တစ်ကယ့်နိုင်ငံရေးသမား၊ ခင်ဗျားဟာ သိပ်သတ္တိရှိတဲ့လူ"ဆိုပြီး အိမ်ဖြူတော် မိန့်ခွန်းတွေနဲ့ မြှောက်ပေးလိုက်တဲ့အခါ ဂိုဘာဂျော့ကလည်းအဟုတ်ကြီးတွေထင်ကုန်တယ်။ မေရိကန်တွေဟာဒါနဲ့တင်မပြီးသေးပဲ အဆင်းဘီးတပ်ပေးတဲ့အနေနငြိမ်းချမ်းရေးနိုဘယ်ဆုပါပေးလိုက်တဲ့အခါ ဂိုဘာချော့ဟာအတော်ကိုဘ၀င်လေဟပ်သွားပြီး မေရိကန်ကိုအတော်လည်းယုံကြည်မိသွားတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကတော့ ငွေကြေးဖောင်းပွမှုတွေ၊ ပေါင်မုန့်ပြတ်လတ်မှုတွေနဲ့ကြုံတွေ့နေရပြီး၊ အရှေ့ဥရောပကနေပြန်လာတဲ့ သန်းနဲ့ချီတဲ့တပ်နီတော်တွေကို စစ်တပ်ကနှုတ်လိုက်တဲ့အခါ ဘာမှအလုပ်အကိုင်ပေးစရာမရှိပဲ သန်းနဲ့ချီတဲ့ အလုပ်လက်မဲ့လူဦးရေအဖြစ်သာတိုးပွားလာခဲ့တယ်။ ဒါ့အပြင် ဘာလင်တံတိုင်းလည်းပြိုကျပျက်စီးသွားခဲ့ပြီး၊ ဂိုဘာချော့အနေနဲ့ ပြည်သူတွေကိုယ်တိုင်ကဆန့်ကျင့်နေတဲ့ ရရှားကွန်မြူနစ်ပါတီကို ဆက်လက်ထားရှိဖို့မဖြစ်နိုင်တော့ဘူးဆိုပြီး ကမ္ဘာ့ပထမဆုံးပစ္စည်းမဲ့ပါတီတစ်ခုဖြစ်တဲ့အပြင်၊ လီနင်ကိုယ်တိုင်တည်ထောင်ထားတဲ့ အနှစ်၇၀ကျော်သက်တမ်းရှိနေတဲ့ ‌ရှရှားဘော်ရှီဗစ်ပါတီကိုဖျက်သိမ်းပစ်လိုက်တော့တယ်။ နောက်ဆုံးကျတော့ ကမ္ဘာ့အကြီးဆုံး ဆိုရှယ်လစ်မိသားစုအသိုင်းအဝိုင်းဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စု၀င်နိုင်ငံတွေဟာ လီနင်လက်ထက်ကဂတိပေးထားခဲ့တဲ့ "ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ခွဲထွက်ခွင့်"ဆိုတာတွေကိုပြန်လည်ကိုင်စွဲပြီး သီးခြားအချုပ်အခြာပိုင်နိုင်ငံတော်တွေအဖြစ်ပြန်လည်ထူထောင်ကြတဲ့အခါ ကမ္ဘာပေါ်ကအင်အားအကြီးဆုံး ဆိုဗီယက်ယူနီယမ်လည်း အစိတ်စိတ်အမွှာမွှာပြိုကွဲပျက်စီးသွားတော့တယ်။


ဆိုဗီယက်ယူနီယမ်ပျက်စီးသွားတဲ့အခါ ရှရှားလူမျိုးတွေကတော့ ဇာဘုရင်လက်ထက်ကပိုင်ခဲ့တဲ့အင်ပါယာထက်တောင်ကျုံ့၀င်သွားပြီး ရရှားဖက်ဒရေးရှင်းဆိုတဲ့ သီးသန့်နိုင်ငံငယ်လေးတစ်ခုအဖြစ်သာ ကျန်နေခဲ့တော့တယ်။ ဒါပေမဲ့ ဂိုဘာချော့တစ်ယောက်ကတော့ ရှရှားကွန်မြူနစ်ဘော်ရှီဗစ်ပါတီကိုဖျက်သိမ်းခြင်း၊ ဆိုဗီယက်ယူနီယမ်အဖွဲ့၀င်နိုင်ငံတွေကိုခွဲထွက်ခွင့်ပေးခြင်း၊ စစ်အေးတိုက်ပွဲကိုအဆုံးသတ်ခြင်း စတဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ခေတ်သစ်ဒီမိုကရေစီရပ်၀န်းတစ်ခုဆီကို ရရှားကဦးဆောင်ပြီး လျှောက်လှမ်းနေတဲ့အချိန်မှာ မေရိကန်တွေအနေနဲ့ရှရှားကို ကူညီတွေအများကြီးပေးလိမ့်မယ်ဆိုပြီး ယုံကြည်နေမိခဲ့တယ်။ တကယ်တော့ မေရိကန်တွေရဲ့ရည်မှန်းချက်က နိုင်ငံရေးသမားပီပီ ပွဲလှန့်တုန်းဖျာခင်းလိုက်တာသာဖြစ်ပြီး ရှရှားနိုင်ငံအနေနဲ့ ဒီမိုကရေစီရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ငြိမ်းချမ်းတဲ့ကမ္ဘာရပ်၀န်းတစ်ခုကို ဦးတည်သည်ဖြစ်စေ၊ ဦးမတည်သည်ဖြစ်စေ မေရိကန်တွေစိတ်မ၀င်စားလှပါဘူး။ မေရိကန်တွေစိတ်၀င်စားတဲ့ တစ်ခုတည်းသောအရာကတော့ ဆိုဗီယက်ယူနီယမ်ပြိုကွဲသွားဖို့ရယ်၊ ကွန်မြူနစ်စနစ်ချုပ်ငြိမ်းသွားဖို့ရယ်နှင့် စစ်အေးခေတ်မှာ မေရိကန်တွေအနိုင်ရသွားဖို့ပါပဲ။ ကျန်တဲ့ကိစ္စတွေမှာတော့ မေရိကန်ပီပီ နိုင်ငံရေးမက်လုံး ထေ့လုံးတွေနဲ့ မြှောက်ပေး၊ခြောက်ပေးပြီး လိုချင်တဲ့ ဂွင်ထဲကို ဆွဲခေါ်ဖို့ပါပဲ။ မေရိကန်တွေစီစဉ်ထားတဲ့အတိုင်းပဲ ဂိုဘာချော့တစ်ယောက် မေရိကန်နိုင်ငံရေးထောင်ချောက်ထဲကို ၀င်သွားတော့တယ်။ ဒါနဲ့ပဲ ရှရှားမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ ခေတ်မှီတဲ့ဈေးကွက်စနစ်အဖြစ်ပြောင်းလဲဖို့ "မြို့ပြကိုအခြေပြု ကျေးရွာကိုပြောင်း"ဆိုတဲ့ဗျူဟာအတိုင်း မြို့ပြကိုစက်မှုကုန်ထုတ်လုပ်ငန်းတွေ အကြီးစားဈေးကွက်တွေတည်ဆောက်ပြီး ပြောင်းလဲခဲ့တယ်။ ရရှားနဲ့အပြိုင် တရုတ်ပြည်မှာလည်း ‌တိန်ရှောင်ဖိန်ဦးဆောင်ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ ခေတ်မှီတဲ့စီးပွားရေးစနစ်ကိုပြောင်းလဲနိုင်ခဲ့တယ်။ တရုတ်ပြုပြင်ပြောင်းလဲရေးကတော့ "ကျေးရွာအခြေပြု မြို့ပြကိုပြောင်း"ဆိုတဲ့ ‌ဗျူဟာဖြစ်ပြီး ရှရှားနဲ့ပြောင်းပြန်ဖြစ်တယ်။ သဘောကတော့ တရုတ်ပြည်အနေနဲ့ ကျေးရွာတွေကိုတိုးတတ်အောင်လုပ်ပြီးမှ မြို့ပြကိုပြောင်းလဲဖြစ်ဖို့တယ်။ ဒီလိုမျိုး ကမ္ဘာ့ကွန်မြူနစ်နိုင်ငံကြီးနှစ်ခုက ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေ အရင်းရှင်စီးပွားရေးစနစ်အဖြစ်ပြောင်းလဲကြတဲ့အခါ ကမ္ဘာမှာ "ဂိုဘာချော့နည်း"နှင့် "တိန်ရှောက်ဖိန်နည်း"ဆိုပြီး ပုံစံနှစ်မျိုးပေါ်ပေါက်လာခဲ့တယ်။ နောက်ဆုံးကျတော့ ကမ္ဘာမှာ တိန်ရှောက်ဖိန်ပြုပြင်ပြောင်းလဲရေးနည်းက အောင်မြင်သွားပြီး၊ ဂိုဘာချော့ရဲ့ပြုပြင်ပြောင်းလဲရေးနည်းလမ်းကတော့ ကျဆုံးသွားခဲ့တယ်။ ဘာလို့ဆို ‌ဂိုဘာချော့တစ်ယောက်အနေနဲ့ သူရဲ့ငြိမ်းချမ်းတဲ့ခေတ်သစ်ကမ္ဘာဆီတတ်လှမ်းချင်တဲ့သဘောထားကို မေရိကန်နှင့်အနောက်အုပ်စုက အကြီးအကျယ်ကူညီမှုပေးလိမ့်မယ်လို့မျှော်လင့်ခဲ့လို့ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မေရိကန်တို့အနေနဲ့ ဂိုဘာချော့ကိုပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့အတွက် ဒေါ်လာတပြားမှတောင် အကူအညီပေးခဲ့တာမဟုတ်ဘူး။ မေရိကန်နှင့်အနောက်အုပ်စုတွေလိုချင်တဲ့ အဓိကအကြောင်းအရာက ဆိုဗီယက်ယူနီယမ်ပြိုကွဲမှု၊ ကွန်မြူနစ်စနစ်ချုပ်ငြိမ်းမှုနှင့်အတူ ရှရှားတိုင်းပြည်ကျဆုံးပျက်စီးခန်းတို့သာဖြစ်တယ်။


ဒီလိုနဲ့ပဲ ပူပူနွေးနွေးခွဲထွက်လာခါစ ရှရှားဖက်ဒရေးရှင်းနိုင်ငံကြီးဟာ စီးပွားရေးမွဲတေမှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တိုင်းပြည်ဟာ ဟိုးအောက်ဆုံးအဆင့်ကိုထိုးကျသွားခဲ့တယ်။ ရှရှားနိုင်ငံဟာ ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲနိုင်ငံရေးတွေအဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါသော်လည်း ရှရှားလူမျိုးတွေဟာ မွဲမြဲမွဲစဲပဲဖြစ်နေခဲ့တယ်။ ဒါနဲ့ပဲ ဇာဘုရင်လက်ထက်ကစလို့ စတာလင်လက်ထက်အထိ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ သိက္ခာရှိနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့တဲ့ ရှရှားလူမျိုးတွေဟာ အခု ဂိုဘာချော့တစ်ယောက်ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး ဒီမိုကရေစီဝါဒကျင့်သုံးခါမှ သိက္ခာမဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်လာရတဲ့အခါ ရှရှားလူမျိုးတွေရင်ထဲမှာ "အမျိုးသား‌ရေး နာကျင်မှု"တွေ ပေါ်ပေါက်လာခဲ့တယ်။ "ဒီမိုကရေစီဆိုတာသွားစမ်းပါကွာ၊ ငါတို့ဟာ သိက္ခာရှိတဲ့ နိုင်ငံတနိုင်ငံ၊ သိက္ခာရှိတဲ့လူမျိုးတစ်မျိုးပဲ"ဖြစ်ချင်တယ်ဆိုတဲ့ အမျိုးသားရေးနာကြည်းချက်တွေဟာ ရရှားလူမျိုးတွေရင်ထဲမှာ ပိုပြီးအမြစ်တွယ်နက်ရှိုင်းလာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ရှရှားလူမျိုးတွေခံစားရနေတဲ့ အမျိုးသားရေးနာကြည်းချက်တွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တဲ့နိုင်ငံရေးသမားတစ်ယောက်ဟာ ပူတင်ဖြစ်လာခဲ့တယ်


ဂိုဘာချော့တစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကြောင့် ရှရှားနိုင်ငံကြီးဟာ တစ်ပါတီအာဏာရှင်ကြီးစိုးတဲ့စနစ်ကနေ ပါတီစုံဒီမိုကရေစီသို့ကူးပြောင်းသွားခဲ့တယ်။ ဒါပေမဲ့ ဂိုဘာချော့အလွန် ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ သမ္မတယက်ဆင်ဟာ ရှရှားပြည်အတွက် မလျော်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေစတင်လုပ်ဆောင်လာတယ်။ ဒါကတော့ နိုင်ငံတော်ကထိန်းကျောင်းတဲ့ ဆိုရှယ်လစ်စီးပွား‌ရေးစနစ်ကနေ ဈေးကွက်ကထိန်းကျောင်းတဲ့ စီးပွားရေးစနစ်ကို ပြောင်းလဲလိုက်တယ်။ ဒါပေမဲ့ ဈေးကွက်ကိုပြောင်းလဲတဲ့အခါမှာ အရင်းရှင်ပေါက်စလူတန်းစား‌တွေလက်ထဲ အရင်းတွေတိုးလာအောင်လုပ်ပေးရမယ့်အစား အစိုးရနဲ့ ပနာသင့်မယ့် နိုင်ငံတော်ပိုင်ခရိုနီအကြီးစားတွေမွေးပြီး ဈေးကွက်ကိုချဲ့ထွင်လာတယ်။ ဒီတော့ ‌ရှရှားဈေးကွက်စီးပွားရေးစနစ်ကြီးတစ်ခုလုံးဟာ ခရိုနီတွေကသာလက်ဝါးကြီးအုပ်အမြတ်ထုတ်နေတဲ့ ခရိုနီစီပွားရေးသာသာပဲဖြစ်လာတယ်။


ရှရှားပြည်ရဲ့ အဓိကသဘာ၀တွင်းထွက်ပစ္စည်းကိုပြောပါဆိုရင် ရေနံဟာနံပါတ်တစ် ပို့ကုန်ဖြစ်တာကြောင့် ရရှားလူမျိုးတွေအနေနဲ့ ရေနံကိုတန်ဖိုးထားကြတယ်။ ဒါပေမဲ့ ယက်ဆင်တစ်ယောက်ကတော့ ဒုတိယအကြိမ် သမ္မတအဖြစ်ဆက်လက်အနိုင်ရဖို့ ခရိုနီတစ်ယောက်ဆီမှာ ရှရှားပြည်ရဲ့အကြီးဆုံးရေနံတွင်းကြီးတစ်ခုကို သန်း ၅၀၀နဲ့ထိုးအပ်ပြီး ရွေးကောက်ပွဲအတွက်ခရိုနီအသိုင်းအဝိုင်းဆီက မဲတွေ၀ယ်လိုက်တဲ့အချိန်မှာတော့ ရှရှားလူထုဟာ အကြီးအကျယ်ဒေါသထွက်ပေါက်ကွဲလာတော့တယ်။ အဲ့ဒီအချိန်မှာ ရှရှားလူမျိုးတွေရင်ထဲ "အမျိုးသားရေး နာကျင်မှုတွေ၊ အမျိုးသားရေး နာကြည်းချက်"တွေ စတင်အမြစ်တွယ်လာ‌ခဲ့တယ်။ အရင်တုန်းကတော့ ကမ္ဘာကြီးအနေနဲ့ အာဏာရှင်တွေအဖြစ် သတ်မှတ်ထားကြတဲ့ စတာလင်၊ခရူးရှက်၊ဘရပ်ဆဲလ်စတဲ့ခေါင်းဆောင်တွေအောက်မှာ နေထိုင်ခဲ့ရတုန်းက ရှရှားလူမျိုးတွေဟာ ကမ္ဘာ့မျက်နှာဇာမှာ အဆင့်တန်းမှီမှီ သိက္ခာရှိတဲ့လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နေထိုင်နိုင်ခဲ့ပေမယ့်၊ လစ်ဘရယ်ဒီမိုကရေစီသမားလို့ နာမည်တပ်ထားတဲ့ ဂိုဘာချော့၊ ယက်ဆင် စတဲ့ခေါင်းဆောင်တွေလက်အောက်မှာတော့ ရှရှားပြည်ဟာ မျက်နှာမွဲ သိက္ခာမရှိတဲ့ ကျောမွဲတိုင်းပြည်တစ်ခုအဖြစ်သာ ရှင်သန်နေထိုင်ခဲ့ရတယ်။ ဒါတွေတင်မကပဲ လစ်ဘရယ် ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေဟာ ရရှားပြည်ကြီးကို မှောက်လိုမှောက်၊ လှန်လိုလှန်စတဲ့လုပ်ရပ်တွေကြောင့် ရှရှားလူမျိုးတွေဟာ အရှက်တရားနဲ့အကြောက်တရားကို စတင်ခံစားလာရတယ်။


ဒီလိုမျိူး ရှရှားတိုင်းပြည်ကြီး ပြိုကျပျက်စီးနေတာကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာက ယခုအချိန်ထိသမ္မတဖြစ်နေတဲ့ ဗလာဒီမာ ပူတင်ဖြစ်တယ်။ ပူတင်ဟာ ဂိုဘာချော့လက်ထက်ကစလို့ ယက်ဆင်လက်ထက်အထိ KGBမှာအမှုထမ်းခဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ KGBဆိုတာဟာ ရှရှားပြည်ရဲ့အကြီးမားဆုံး ထောက်လှမ်းရေးတပ်ဖြစ်ပြီး၊ မေရိကန် CIAနဲ့အပြိုင် စစ်အေးခေတ်မှာ လက်စွမ်းပြခဲ့တဲ့ ထောက်လှမ်းရေးယန္တားရားတစ်ခုဖြစ်တယ်။ ဒါကြောင့် KGBဟာ ‌သမ္မတကအစ အောက်ခြေရုံးစာရေးပြာတာအထိ သူတို့ရဲ့ကိုယ်ရေးမှတ်တမ်းဖိုင်တွေကို စုဆောင်းရှာဖွေဖော်ထုတ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အပြင်၊ ကိုယ့်မိန်းမ လင်ငယ်ရှိမရှိကို ကိုယ်တိုင်မသိနိုင်ပေမယ့် KGBရဲ့ဖိုင်တွဲတွေကတော့ ရှာဖွေကြည့်နိုင်တယ်ဆိုတဲ့ ဟာသမျိုးတွေ အထိရှိ‌ပါတယ်။ သဘောကတော့ တစ်ခြင်ထောင်ထဲအိပ်နေတဲ့လူက ‌နောက်ယောက်ကျားရှိမရှိသိနေပေမယ့် KGBကတော့ သိနေတာမျိုးပါ။ ဒါကြောင့်လည်း ရှရှားပြည်မှာ ဘယ်၀န်ကြီး၊ ဘယ်သမ္မတကတော့ ဘယ်နေ့က ဘယ်သူနဲ့တွေ့ပြီး ဘာပစ္စည်းလာဘ်ပေးလာဘ်ယူလုပ်ခဲ့တယ်ဆိုတာတွေကို KGBခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပူတင်က ကောင်းကောင်းကြီးသိနေခဲ့တယ်။ ဒီလိုနဲ့ပဲ ပျက်စီးယိုယွင်းပြီး နိုင်ငံရေးသမားတွေ ခြစားနေတဲ့ဒီတိုင်းပြည်ကြီးမှာ ရှရှားလူမျိုးတွေရင်ထဲကခံစားနေရတဲ့ "အမျိူသားရေး နာကျင်မှု"တွေကိုဖြေဖျောက်ပေးနိုင်ခဲ့မယ်ဆိုရင် ပူတင်ဟာ သူရဲ့ဦးဆောင်မှုအသစ်နဲ့ ရှရှားပြည်ကြီးကို အစားထိုးပေးနိုင်လိမ့်မည်ဆိုပြီး ရရှားပြည်သူတွေအတွက် "အမျိုးသားရေး အာဏာရှင်စနစ်"ဆိုတဲ့ နိုင်ငံရေး အိုင်ဒီ‌ယော်လော်ဂျီကို စတင်မိတ်ဆက်ခဲ့တယ်။


ပူတင်တယောက်ဟာ သူအာဏာရလာတဲ့တပြိုင်နက် ကျဆင်းနေတဲ့ရှရှားလူမျိုးတွေရဲ့ သိက္ခာကိုပြန်လည်အဖတ်ဆယ်နိုင်ဖို့ ကြိုစားလာတယ်။ ပထမဆုံးအနေနဲ့ ရှရှားရဲ့စစ်အင်အားကို ဆိုဗီယက်ခေတ်က တပ်နီတော်လိုမျိုးပြန်ဖြစ်‌အောင် စတင်တည်ဆောက်တယ်။ နောက်ပြီး ရှရှားပြည်ကို သမိုင်းတလျှောက်လုံး အမြဲတမ်းခြိမ်းခြောက်လာခဲ့တဲ့ ဥရောပ‌နိုင်ငံတွေရဲ့ဩဇာချဲ့ထွင်မှုကိုတားဆီးနိုင်ဖို့ရာအတွက် ယူရေးရှားကုန်းမြင့်ဒေသတွေကို ရှရှားတွေဩဇာလွှမ်းမိုးမှဖြစ်မယ်ဆိုတာကိုသဘောပေါက်နေခဲ့တဲ့ပူတင်တစ်ယောက်ဟာ ဘော်တစ်ကမ်းခြေဒေနှင့် ယူရေးရှားကုန်မြင့်ဒေသတွေမှာ စစ်အခြေစိုက်စခန်းတွေစတင်တည်ဆောက်လာတယ်။ အဓိကအားဖြင့် ၁၈ရာစုအကျော်က ပြင်သစ်နိုင်ငံရဲ့ နပိုလီယံတပ်ကြီး ရှရှားနိုင်ငံကို၀င်ရောက်လာတဲ့အခါမှာရော၊ ၂၀ရာစု‌အကျော်က ဟစ်တလာရဲ့ နာဇီတပ်ကြီး ရရှားနိုင်ငံကိုချီတတ်လာခဲ့အခါမှာ‌ရော အသုံးပြုခဲ့တဲ့လမ်းကြောင်းတွေဟာ ပိုလန်နိုင်ငံကဖြတ်သွားတဲ့ ယူရေးရှားကုန်းမြင့်လွင်ပြင်ဖြစ်တာကြောင့်၊ ပထဝီနိုင်ငံရေးအရ ယူရေးရှားဒေသတစ်ဝိုက်ကိုမထိန်းချုပ်နိုင်သရွေ့ အနာဂတ်မှာ ဥရောပရဲ့ခြိမ်းခြောက်မှုရန်က‌နေ ရှရှားနိုင်ငံ‌ဟာ ဘယ်တော့မှလုံခြုံမှာမဟုတ်ဘူးဆိုတာကို ပူတင်တစ်ယောက် ကောင်းကောင်းသဘောပေါက်တယ်။ ဒါ့အပြင် ဆိုဗီယက်ခေတ်တုန်းက ရှရှားရဲ့ အဓိကပင်လယ်ထွက်ပေါက်ဖြစ်ခဲ့တဲ့ ယူကရိန်းဟာ၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတဲ့အခါမှာတော့ ယူကရိန်းက သီးသန့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သွားတာကြောင့် ရှရှားနိုင်ငံအတွက် ပင်လယ်ထွက်ပေါက်မဲ့သလိုဖြစ်သွားရတယ်။ ဒါတွေတင်မက ယူကရိန်းဟာ ရှရှားဩဇာလက်အောက်ကကင်းလွတ်ပြီး အနောက်အုပ်စုရဲ့ NATOစစ်စာချုပ်အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံဖြစ်သွားတာကြောင့် ယူကရိန်းဟာ ရှရှားနိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အဓိကရန်သူတော်ဖြစ်လာရပြန်တယ်။


ဒါကြောင့် ရှရှားအနေနဲ့ ခေတ်မှီတိုးတတ်တဲ့နိုင်ငံတော်တစ်ခုအဖြစ်တင်မက၊ ကမ္ဘာ့နိုင်ငံရေးမျက်နှာဇာမှာပါ အများကရိုသေခန့်ညားတဲ့ လူမျိုးတစ်မျိုးအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့အတွက် ဒီလို ပထဝီနိုင်ငံရေးပြသာနာတွေကို အရင်မဖြေရှင်းပဲနေလိုက်မယ်ဆိုရင်၊ ရှရှားနိုင်ငံတော်ကြီးဟာ ဘယ်လောက်ပဲခေတ်မှီတိုးတတ်ပါစေအုံး ယူရေရှားဒေသဘက်ကလာမယ့် ဥရောပနိုင်ငံတွေရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ၊ ယူကရိန်းနိုင်ငံဘက်ကနေ ၀င်ရောက်လာမယ့် "မေရိကန်လိုက်ဇေးရှင်း"တွေကြောင့် အချိန်မရွေး‌နောက်ပြန်လဲကျပြီး ဖွတ်ဖွက်ညက်ကြေသွားနိုင်တယ်ဆိုတာကိုသိနေတဲ့ ပူတင်တစ်ယောက်ဟာ ကမ္ဘာစင်မြင့်ထက်ပေါ်မှာ ဘယ်သူ့ကိုမှ ‌ဂရုမစိုက်တဲ့ နိုင်ငံရေးမိုက်ကြေးကွဲလူမိုက်တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်လာခဲ့တယ်။ ပူတင်ရဲ့ အဓိကရည်မှန်းချက်ကတော့ ရှိသမျှစစ်အင်အားကိုသုံးပြီး ယူရေးရှားအရေး၊ ယူကရိန်းအရေးကို ခပ်ကြမ်းကြမ်းကိုင်တွယ်ဖြေရှင်းဖို့ပဲ။ ဒါမှသာလျှင် ရှရှားလူမျိုးတွေရဲ့ အမျိုးသားရေးနာကျင်မှုတွေကိုဖြေဖျောက်ပေးနိုင်မယ်ဆိုတာကို သူအနေနဲ့ကောင်းကောင်းနားလည်နေခဲ့တယ်။


ဒါကြောင့်လည်း ပူတင်ဟာ ကမ္ဘာနိုင်ငံ‌ရေးဇာတ်ခုံပေါ်မှာဘယ်သူကိုမှဂရုမစိုက်ပဲ ကြိုက်တဲ့ကောင်လာခဲ့ သူ့လူမျိုးအတွက်ဆို အင်အားသုံးဖြေရှင်းသင့်ရင် ဖြေရှင်းရမယ်၊ ဘယ်နိုင်ငံတကာတရားရုံး၊ ခုံရုံးကိုမှစောက်ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးဘီလူးဆိုင်းတီးနေတာဖြစ်တယ်။ ဒါကြောင့်လည်း ရှရှားပြည်သူတွေက ပူတင်ရဲ့ "အမျိုးသားရေး အာဏာရှင်စနစ်"နဲ့ခေါင်းဆာင်မှုအခန်းကဏ္ဍကို ယနေ့အချိန်ထိ လက်ခံနေကြတာဖြစ်တယ်။ ဘာကြောင့် ရှရှားပြည်မှာ နိုင်ငံရေးလူမိုက်တစ်ယောက်ကို ခေါင်းဆောင်တင်ထားရသလဲ၊ ဘာကြောင့် ရှရှားနိုင်ငံမှာ လစ်ဘရယ်ဒီမိုကရေစီဝါဒအားမကောင်းလာရသလဲလို့ဆန်းစစ်ကြည့်မယ်ဆိုရင် ဒီလိုမျိုး ရှည်လျားထွေပြားလှတဲ့ ရှရှားနိုင်ငံအကြောင်းကို အသေးစိတ်နားလည်ဖို့လိုပါလိမ့်မယ်။။

ဒါ‌ကြောင့်လည်း သမိုင်းဟာသင်ယူတတ်ရင် အလွန်အတုယူစရာကောင်းလှသလို၊ တိုင်းပြည်ရဲ့ပကတိအခြေအနေတရားနှင့် နိုင်ငံရေးစိတ်ဆန္ဒတွေကို အကိုင်အတွယ်မတတ်ခဲ့ရင် လူထုကိုယ်တိုင်က လိုလိုလားလားတောင်းဆိုနေတဲ့ အာဏာရှင်စနစ်မျိုးဆီကို ပြန်လည်ရောက်ရှိသွားနိုင်တယ်။ အမျိူးသားရေး နာကြည်းချက်တွေနဲ့အတူ အဆင့်အတန်းရှိတဲ့လူမျိုးတမျိုးအဖြစ် ပြန်လည်ရပ်တည်ချင်နေတဲ့ ရှရှားပြည်သူလူထုရဲ့စိတ်ဆန္ဒကို ပူတင်ရဲ့ဦးဆောင်မှုဖြစ်တဲ့ "အမျိုးသားရေး အာဏာရှင်စနစ်"က ပြန်လည်ဖော်ဆောင်ပေးနိုင်မလားဆိုတာကတော့ တကယ်ကိုစိတ်၀င်စားစရာကောင်းလှပါတယ်။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page