နွမ်းလျသေရှင်
- Revolution 4.0

- Aug 25, 2022
- 3 min read
Updated: Sep 16, 2022

တော်ကောင်းမင်း ဘာသာပြန်တဲ့ နွမ်းလျသေရှင်စာအုပ်အကြောင်းကိုပြောမယ်ဆိုရင် ၀တ္ထုပါးမ၀သေးတဲ့ ကိုယ့်အကြောင်းကနေအရင်စပြောခါမှတော်ခါကြာလိမ့်မယ်။ နွမ်းလျသေရှင်ဆိုတဲ့စာအုပ်က တရုတ်၀တ္ထုဖြစ်တာမို့ အရင်တုန်းက တရုတ်၀တ္ထုတွေမဖတ်ခဲ့ဖူးတဲ့ ကိုယ့်အတွက်တော့ခပ်လန့်လန့်ပဲ။ အနောက်တိုင်းဘာသာပြန်စာပေတွေနဲ့မတူတာက အနောက်တိုင်း၀တ္ထုတွေဟာ သူတို့ဆိုလိုချင်တဲ့အကြောင်းအရာတွေကို အနောက်တိုင်းဒသနဆန်ဆန် ဘွင်းဘွင်းရှင်းရှင်းနဲ့ထိထိမိမိပြောတတ်ပေမဲ့၊ တရုတ်၀တ္ထုတွေကျတော့ တရုတ်ဒသန၊တရုတ်ယဉ်ကျေးမှုတွေပေါ်အခြေခံပြီး အရှေ့တိုင်းဒသာနအမြင်နဲ့ ကွေ့ကာဝိုက်ကာ ရှည်လျီထွေပြားစွာဖော်ပြတတ်လေတော့ တရုတ်၀တ္ထုတွေကိုမဖတ်ခဲ့ဖူးတဲ့ကိုယ့်အတွက် တော်ကောင်းမင်းရဲ့ နွမ်းလျသေရှင်စာအုပ်ကို လန့်နေတယ်ဆိုတာက သိပ်ထူးဆန်းနေတာတော့မဟုတ်ဘူး။ ဒီစာအုပ်ကို စာအုပ်ဆိုင်မှာစတွေ့တုန်းက ၀ယ်သင့်လား မ၀ယ်သင့်လား အကြိမ်ကြိမ်စဉ်းစားခဲ့ရပေမယ့် နောက်ဆုံး၀ယ်ဖြစ်သွားတဲ့အကြောင်းက စာအုပ်အဖုံးပေါ်က တိရိစ္ဆာန်ငါးကောင်ရဲ့ပုံကြောင့်ပဲ။ အဖုံးပေါ်က တိရိစ္ဆာန်ပုံတွေထဲမှာ ကိုယ်ခန့်မှန်းပြီးသိတာဆိုလို့ ၀က်နဲ့မျောက်ပဲရှိနေလေတော့ တခြားသောအကောင်တွေနဲ့ ၀တ္ထုထဲကအကြောင်းအရာတွေနဲ့ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဆိုပြီးပိုပြီးသိချင်လာတယ်။ ဒါသည်ပင်လျှင် ဒီစာအုပ်ကိုဖတ်ဖြစ်ရခြင်း၏ အကြောင်းအရင်းဖြစ်မည်ထင်အံ။
တွေးထားတဲ့ အတိုင်းပါပဲ။ စာအုပ်စစဖတ်တာနဲ့ တရုတ်မျိုးနွယ်တွေ၊ နာမည်တွေမှတ်ကတာနဲ့တင်တော်တော်အခက်တွေ့ရတယ်။ ဒါနဲ့ပဲ စာမျက်နှာတရာကျော်လောက်ထိ နာမည်တွေမှတ်လိုက်၊ အမျိုးတော်စပ်ပုံတွေကိုမှတ်လိုက်နဲ့ပဲ အချိန်ကုန်သွားတယ်။ ဒါပေမဲ့ ဖတ်ရင်းဖတ်ရင်း ဇာတ်ကောင်နာမည်တွေ၊ ဇာတ်ကောင်တွေရဲ့အမျိုးတော်စပ်ပုံတွေကို ကွဲကွဲပြားပြားမှတ်နိုင်သွားတဲ့အခါ ၀တ္ထုရဲ့အရသာက ပိုလို့ပိုလို့စီးပိုင်လာတယ်။
ဒီ၀တ္ထုရဲ့ဖြစ်တည်ပုံက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခါစ မော်စီတုံးရဲ့ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးနေတဲ့ချိန်။ တရုတ်ကွန်မြူနစ်ပါတီအာဏာရလာတာနဲ့တပြိုင်နက် တန်ပြန်သလျှိုသုတ်သင်ရေးတွေ၊ မြေရှင်ပဒေသရာဇ်တွေကို ခုံရုံးတင်အပြစ်ပေးရေး၊ လယ်ယာမြေပြန်လည်မျှဝေရေးဆိုတဲ့ ပေါ်လစီတွေအကောင်အထည်ဖော်နေတဲ့ကာလပေါ့။ အဲ့ဒီကာလမှာ ရှီးမန်းဆိုတဲ့ရွာလေးတရွာမှာ ရှီမန်းနောက်ဆိုတဲ့မြေရှင်တယောက်ဟာ ပြည်သူ့ခုံရုံးတင်ပြီး အသတ်ခံလိုက်ရတယ်။ ထူးခြားတာက သူ့ကိုခုံရုံးတင်အပြစ်ပေးပြီးသတ်လိုက်တဲ့လူဟာ သူကိုယ်တိုင်ချစ်ခင်ရတဲ့ သူကိုယ်တိုင်မွေးစားထားတဲ့ သူရဲ့အိမ်က သူရင်းငှား လန်းလျန်ဆိုတဲ့လူ။ ဒီလိုနဲ့ ကိုယ်မွေးထားတဲ့ ကိုယ့်အိမ်ကသူရင်းငှားဟာ ကိုယ့်ပြန်သတ်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေတင်မက ကိုယ့်မယားကိုပါ သူ့မယားလုပ်ပြီး အကုန်မောင်ပိုင်စီးလိုက်တဲ့အခါ ရှီးမန်းနောက်ဟာ လန်းလျန်ဆိုတဲ့လူအပေါ် မကျေနပ်တဲ့စိတ် လက်စားချေချင်တဲ့စိတ်တပွေ့တပိုက်ကြီးနဲ့သေလွန်ပြီး ငရဲပြည်ရောက်လာခဲ့တယ်။
ငရဲပြည်ရောက်တော့ ငရဲမင်းက ရှီမန်းနောက်ကို မင်း ဘယ်လိုသေလာတာလဲမေးတော့၊ သူက လူ့ပြည်မှာမတရားအသတ်ခံခဲ့ရတာကြောင့်၊ သူ့ကိုသတ်တဲ့လူကို ပြန်ကလဲ့စားချေချင်တဲ့အကြောင်းပြောပါလေရော။ ဒီလိုနဲ့ ငရဲမင်းကလည်း ရှီမန်းနောက်ရဲ့နောက်ကြောင်းရာဇ၀င်တွေကိုပြန်ဖတ်ကြည့်တဲ့တော့ ရှီမန်းနောက်ဟာမြေရှင်တယောက်ဖြစ်နေပေမယ့် အခြားမြေရှင်တွေလို ဂုတ်သွေးစုပ်ခြယ်လှယ်နေတာမျိုးမဟုတ်ပဲ၊ ကိုယ်တတ်နိုင်သလောက် ရွာသားတွေအပေါ် ပြန်လည်ကူညီပေးခဲ့တာတွေကိုသွားတွေ့တဲ့အခါ အတော်စဉ်းစားရကျပ်သွားပြီး ရှိမန်းနောက်ကို လူ့ပြည်မှာပဲပြန်၀င်စားဖို့ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ပဲ ရှိမန်းနောက်တယောက် လူ့ပြည်ပြန်လာပြီး လူ၀င်စားဖြစ်ဖို့ကြိုးစားနေတုန်း သူ့ဘေးနားကငရဲသားတွေက သူ့ကိုလူ့ဗိုက်ထဲမ၀င်စေပဲ မြည်းဗိုက်ထဲထည့်ပြီး မြည်းတကောင်အဖြစ်ပြန်၀င်းစားခိုင်းလိုက်တယ်။ ပြီးတော့ သူ့ကိုမွေးမယ့်မြည်းမကလည်း သူ့ကိုသတ်ခဲ့တဲ့ လျန်းလန်ဆိုတဲ့လူ ပိုင်တဲ့မြည်း။
ဒါက၀တ္ထုရဲ့ပထမပိုင်း။ ဒီလိုမျိုး ၀တ္ထုကို အနည်းငယ်ဇာတ်ရည်လည်လာတဲ့အခါ အရင်တုန်းကတွေးထားတဲ့အတိုင်း ဒီတရုတ်၀တ္ထုကတော့ ဘာတွေကို လျှို့ဝှက်ထားပြန်ပြီလဲဆိုပြီး တွေးနေမိတယ်။ အမှန်ဆို မြန်မာ၀တ္ထုတွေ၊ အနောက်တိုင်း၀တ္ထုတွေနဲ့ အကျွမ်းတ၀င်ရှိသူတွေအဖို့ ဒီလိုဇာတ်လမ်းမျိုးတွေဖတ်ရပြီဆို မတရားသတ်ခဲ့တဲ့လူယုတ်မာကို အသတ်ခံရတဲ့လူက ဘယ်လိုနည်းလမ်းတွေနဲ့ပြန်ပြီးကလဲ့စားချေမလဲဆိုတာ ရင်တမမနဲ့ဖတ်ရမှာ။ အခု၀တ္ထုမှာက ကိုယ့်ကိုသတ်ခဲ့တဲ့လူကို ပြန်မသတ်ရတဲ့အပြင် သူ့အိမ်မှာပါ တိရိစ္ဆာန်သွားဖြစ်တယ်ဆိုတော့ ဒီဝတ္ထုထဲမှာ တခုခုကိုသွယ်ဝိုက်ပြီးပြောချင်တာတော့ရှိမှာပဲဆိုပြီး အဲ့ဒီနောက်ပိုင်းဇာတ်ကြောင်းကစလို့ ၀တ္ထုထဲကလျို့ဝှက်ချက်ကို အသည်းအသည်ရှာဖွေနေမိတယ်။
ဒီလိုနဲ့ပဲ ရှီမန်းနောက်ဟာ လျန်းလန်ရဲ့ မြေးအဖြစ်နဲ့ သူအရင်နေထိုင်ခဲ့တဲ့အိမ်ကြီးမှာပဲ ပြန်လည်မွေးဖွားလာတယ်။ သူ့ရဲ့အရင်အိမ်ကြီးမှာ လျန်းလန်တင်မက အရင်လူ့ဘ၀တုန်းကကျန်ခဲ့တဲ့ သူ့သားသမီးတွေ၊ သူ့မယားတွေကိုပါပြန်တွေ့လိုက်ရတဲ့အခါ လျင်းလန်ကိုသတ်ချင်စိတ်တွေကပိုပြီးကြီးမားလာခဲ့တယ်။ သူ့စိတ်ထဲမှာ ငါကျွေးမွေးထားတဲ့ကောင်က ငါ့ကိုမှလုပ်ရက်လေခြင်း၊ ငါ့ပစ္စည်းတွေမှယူရက်လေခြင်း၊ ဒီကောင်သာငါ့ကိုမသတ်ခဲ့ရင် ဒီရှိမန်းရွာကြီးမှာ ငါ့သားသမီးတွေ၊ ငါ့မယားတွေ၊ ငါ့ပစ္စည်းဥစ္စာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေရမှာပဲဆိုတဲ့အတွေးကိုထပ်ခါထပ်ခါတွေးနေမိတယ်။ ဒါပေမဲ့ သူမှာလက်စားချေချင်စိတ်သာရှိတယ် တကယ်တမ်းကျတော့ လျန်းလန်ကလ လူ ၊ သူက တိရိစ္ဆာန်တကောင်ဖြစ်နေတဲ့အပြင်၊ လျန်းလန်ကသူ့သခင် သူကျွေးသမျှလောက်ကိုသာစားနေရတဲ့ သတ္တဝါတကောင်အဖို့ အတွေးထဲက လက်စားချေချင်စိတ်ဟာ အပြင်မှာအကောင်အထည်ဖော်ဖို့မလွယ်ကူခဲ့ဘူး။ ဒါနဲ့ပဲ ရှီးမန်းနောက်မြည်းအဖို့ လျန်းလျန်ကိုသတ်ဖို့ အချိန်ကောင်းအခါကောင်းကိုစောင့်နေခဲ့တယ်။ ဒါပေမဲ့ အချိန်တွေသာကြာလာခဲ့တယ် လျန်းလန်ကိုသတ်ရမယ့်အစား လျန်းလင်ကိုကာကွယ်ပေးရမယ့်အဖြစ်တွေပါကြုံလာရတယ်။ အမှန်တော့ ရှီးမန်းမြည်းဟာ မြည်းလောကမှာ ထင်ပေါ်ကျော်ကြားတဲ့မြည်းတကောင်ဖြစ်အောင် အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြတဲ့အခါ လျန်းလန်က သူ့မြည်းကိုသိပ်ချစ်လာတယ်။ နောက်တော့ တဖြည်းဖြည်း သံယောဇဉ်တွယ်လာပြီး သူ့မြည်းမှ သူ့မြည်းဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ရှီးမန်းမြည်လည်း တခါတလေသူ့ကိုယ်သူ အန္တာရာယ်မဖြစ်အောင်ကာကွယ်ရင်း သူအရမ်းသတ်ချင်နေတဲ့ သူ့သခင်လျန်းလန်ကိုပါ ကာကွယ်ပြီးနေသားဖြစ်သွားတယ်။ ဒါကြောင့်သူဟာ သခင်ကိုသိတတ်ပြီး တာ၀န်ကျေတဲ့မြည်းတကောင်ဖြစ်အောင်ကြိုးစားရမလား၊ အရင်ဘ၀တုန်းက သူ့ကိုရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့ လူယုတ်မာကိုပဲလက်စားချေနိုင်အောင်ကြိုးစားရမလားဆိုတဲ့စိတ်နှစ်ခုက သူရဲ့အတွေးထဲမှာအမြဲလွန်ဆွဲနေခဲ့တယ်။ နောက်ဆုံးတော့ ရှီမန်းမြည်းဟာ တခြားသတ္တဝါကောင်ရဲ့ ပယောဂကြောင့် အသက်ဆုံးပါးခဲ့ရပြီး ငရဲပြည်ပြန်ရောက်သွားတယ်။
ငရဲပြည်ပြန်ရောက်တော့ ရှီးမန်းနောက်ဟာ ငရဲမင်းကိုမာန်မဲတာပေါ့။ ခင်ဗျားဘာလို့ကတိမတည်တာလဲ။ ကျုပ်ကို လူ၀င်စားဖြစ်ခွင့်ပေးမယ်ဆိုပြီး ဘာလို့ကျုပ်ကိုသတ်ခဲ့တဲ့လူရဲ့အိမ်မှာ နိမ့်ကျတဲ့တိရိစ္ဆာန်တကောင်အဖြစ်ပြန်၀င်စားခိုင်းတာလဲဆိုပြီးမေးမြန်းတော့ ငရဲမင်းကလည်း သူလည်းအဖြစ်မှန်ကိုမသိပဲ သူ့လက်အောက်ငယ်သားတွေရဲ့ချွတ်ချော်မှုကြောင့် မှားပြီး၀င်စားခိုင်းမိတာဖြစ်ကြောင်း၊ ဒီတခါတော့ သူ့ကတိအတိုင်း လူ၀င်စားဖြစ်ခွင့်ပေးမယ်ဆိုပြီး ဒုတိယတခါ လူ့ပြည်ကို ရှီးမန်းနောက်နဲ့အတူ ငရဲသားနှစ်ယောက်ထပ်ထည့်ပေးလိုက်တယ်။ ဒီတခါလည်း ငရဲသားနှစ်ယောက်က သူ့ကိုလူ၀င်စားဖြစ်ခိုင်းရမည့်အစား သူအရင်နေခဲ့တဲ့လျန်းလျန်တို့အိမ်မှာပဲ နွား၀င်စားဖြစ်ခိုင်းပြန်တယ်။ ဒီလိုနဲ့ပဲ ဒီ၀တ္ထုထဲမှာ ရှီးမန်းနောက်ဟာ ငါးဘ၀ဆိုက်တိုက် မြည်း၊နွား၊၀က်၊ခွေး၊မျောက်ဆိုတဲ့ မတူညီတဲ့ တိရိစ္တာန်ငါးကောင်အဖြစ် ရှီးမန်းရွာမှာနေထိုင်တဲ့ လင်းလျန်ဆိုတဲ့လူရဲ့အိမ်မှာပဲ ၀င်စားခဲ့ရတယ်။
သူဟာ တိရိစ္ဆာန်တကောင်ဖြစ်နေပေမယ့် လူလိုအသိစိတ်ဓာတ်ရှိနေတဲ့အခါ သူ့ရွာအကြောင်း၊ သူ့အိမ်အကြောင်း၊ သူ့မိသားစုတွေအကြောင်းကို လူတယောက်လို အမြဲတမ်းလေ့လာခွင့်ရခဲ့တယ်။ တိရိစ္ဆာန်ဖြစ်တဲ့အခါတိုင်းမှာလည်း တိရိစ္တာန်တကောင်ရဲ့တာ၀န်ဖြစ်တဲ့ သခင်ကိုသိတတ်ရမလားဆိုတဲ့စိတ်ရယ်၊ လူ့ဘ၀တုန်းကယုတ်မာခဲ့တဲ့သူတွေကိုပြန်လက်စားချေရမလားဆိုတဲ့စိတ်နှစ်ခုက အမြဲလွန်ဆွဲနေခဲ့တယ်။ နွားဘ၀မှာဆို သူ့သခင်လျင်လန်းက သူ့ကိုသိပ်ချစ်လွန်းလို့ တစ်ရွာနဲ့တယောက်ရပ်တည်ပြီး သူ့ကိုကာကွယ်ပေးတဲ့အခါ သူ့စိတ်ထဲမှာအနည်းငယ်တွေဝေမိလာတယ်။ သူဟာ လက်စားချေချင်စိတ်တွေပြင်းပြနေပေမယ့်လည်း လူ့ဘ၀တုန်းက ဆွေမျိုးတော်စပ်ခဲ့တဲ့ သားသမီးတွေ၊ မယားတွေကို အဆင်ပြေအောင်လည်းကူညီပေးချင်စိတ်ကလည်းရှိနေပြန်သေးတယ်။ ဒီလိုနဲ့ပဲ သူ့မှာသတ်ဖို့ကြိုးစားလိုက် အထမမြောက်လိုက်၊ လူတွေကိုအဆင်ပြေအောင်ကူညီပေးလိုက်နေရင်းနဲ့ပဲ အချိန်တွေကုန်လွန်လာခဲ့တယ်။ တတိယဘ၀ဖြစ်တဲ့ ၀က်ဘ၀ရောက်တဲ့အခါ သူ့ကိုယ်သူစံပြ၀က်တကောင်ဖြစ်အောင်ကြိုးစားရင်း သူ့မိသားစုရဲ့ဂုဏ်သိက္ခာ၊ သူ့ရွာရဲ့ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပြီးသားဖြစ်သွားခဲ့တယ်။ အဲ့အခါ သူအနေနဲ့ ပူလောင်တဲ့အငြိုးတွေနဲ့လက်စားချေရမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အစား လူတွေကိုတတ်နိုင်သလောက်ကူညီပေးတာက ပိုကောင်းတယ်ဆိုတဲ့ အတွေးအခေါ်ထဲမှာ စတင်နစ်မြောလာတယ်။ စတုတ္ထမြောက်ဘ၀ဖြစ်တဲ့ ခွေးဘ၀ရောက်တဲ့အခါမှာတော့ သူ့အိမ်ကမိသားစုနဲ့လူတွေကိုတတ်နိုင်သလောက်ကူညီပေးမယ်လို့ပဲဆုံးဖြတ်လိုက်တော့တယ်။
ဒီလိုနဲ့တဖြည်းဖြည်းဆက်ဖတ်လာခဲ့တာ ဒီ၀တ္ထုရဲ့ တတိယပိုင်းရောက်လာတဲ့အခါ ဆိုလိုရင်းကို တဖြည်းဖြည်းနားလည်လာပေမယ့်၊ ခုချိန်ထိ နားမလည်နိုင်တဲ့အချက်နှစ်ချက်ရှိတယ်။ ပထမကတချက်က ငရဲမင်းဟာ ဘာလို့ ရှီးမန်းနောက်ကို ဘ၀ဆက်တိုင်း လူပြန်ဖြစ်မယ်လို့လိမ်လည်ပြီး တိရိစ္ဆာန်၀မ်းထဲကိုပဲပို့ခဲ့ရတာလဲ။ ဒုတိယတချက်က ရှီးမန်းနောက်ဟာ ဘာလို့ ပြင်းပြတဲ့လက်စားချေချင်စိတ်ကနေ၊ သူ့ကိုသတ်ခဲ့တဲ့ လျင်းလျန်ဆိုတဲ့လူကိုပြန်ပြီးကျေးဇူးပြုမယ်ဆိုတဲ့စိတ်အဖြစ် ပြောင်းလဲသွားရတာလဲဆိုတာက တော်တော်ကိုစဉ်းစားမရဖြစ်ခဲ့တယ်။ စိတ်ထဲမှာတော့ ဒါဟာတော်တော်ရုပ်ရှင်ဆန်တာပဲလို့တွေးရင်း ၀တ္ထုကိုသာဆက်ဖတ်နေရတယ်၊ စိတ်ထဲမှာတော့သိချင်နေတဲ့အကြောင်းအရာတွေကို ၀တ္ထုထဲအသည်းအမဲလိုက်ရှာနေမိတုန်း။
ဒီလိုနဲ့ စတုတ္ထဘ၀ဖြစ်တဲ့ ခွေးအဖြစ်ကနေသေပြီး ငရဲပြည်ပြန်ရောက်တဲ့အခါ ငရဲမင်းက ရှီးမန်းနောက်ကို ပထမဆုံးမေးခွန်းတခုမေးတယ်။ အဲ့တာက ရှီမန်းနောက် မင်းသူတို့ကိုလက်စားချေချင်စိတ်ရှိသေးလားတဲ့။ ရှီမန်းနောက်ကလည်း ကျွန်တော်လက်စားချေချင်စိတ်မရှိတော့ဘူး၊ အမုန်းတွေဆိုတာဘာမှမဟုတ်ဘူးဆိုပြီးပြန်ပြောခဲ့တယ်။ ဒါနဲ့ပဲ ငရဲမင်းမေးတဲ့ "မင်းသူတို့ကိုလက်စားချေချင်စိတ်ရှိသေးလားဆိုတဲ့"မေးခွန်းက ဒီ၀တ္ထုတခုလုံးရဲ့ဆိုလိုရင်း၊ ဒါမှမဟုတ် ကျွန်တော်အသည်းအသန်ရှာဖွေနေတဲ့ မေးခွန်းတွေရဲ့ အဖြေပဲဆိုတာ သဘောက်ပေါက်သွားခဲ့တယ်။ ဒီလိုနဲ့ ဒီမေးခွန်းကိုမြင်မြင်ချင်းချင်း ကျွန်တော်ဟာ ဇာတ်ကောင်ရှီးမန်းနောက်နေရာက၀င်ပြီး သူရဲ့အတွေးတွေကိုစတင်ခံစားပါတော့တယ်။ အခု ဒီအောက်မှာဖော်ပြမယ့်အတွေးတွေဟာ စာအုပ်ထဲမှာမပါပေမယ့်၊ ရှီးမန်းနောက်ဆိုတဲ့ဇာတ်ကောင်နေရာမှာ ကျွန်တော်ကိုယ်တိုင်၀င်ရောက်စီးမျောခံစားရင်း လျံကျလာတဲ့ အတွေးရေစီးကြောင်းတွေဖြစ်တယ်။
ဘာလို့ဆို ငရဲမင်းဟာ ရှိမန်းနောက်ကို အလကားသက်သက် သူ့မိသားစုအိမ်မှာပဲပြန်၀င်စားခိုင်းခဲ့တာမဟုတ်ဘူး။ သူအနေနဲ့ သူ့မိသားစုရဲ့အကြောင်း၊ သူ့ကိုသတ်ခဲ့တဲ့လူတွေရဲ့အကြောင်းကို ငါးဘ၀ဆက်ဆက် တိရိစ္ဆာန်တကောင်အဖြစ်နဲ့လေ့လာခိုင်းခဲ့တာ။ ရှီမန်းနောက်အနေနဲ့ကလည်း တိရိစ္ဆာန်ဖြစ်နေပေမယ့် လူလိုအသိစိတ်ရှိနေတဲ့အခါ သူ့မိသားစုရဲ့အမှောင်ခြမ်း၊ အလင်းခြမ်းတွေကို အကုန်လုံးကို ဘက်ပေါင်းစုံကနေကြည့်ခွင့်ရတယ်။ ဒီလိုမျိုး သံသရာနဲ့ချီ ငါးဘ၀ဆက်တိုက်လေ့လာခဲ့ရတဲ့အခါ လူတွေဟာအကောင်းချည်းလည်းမဟုတ်၊ အဆိုးချည်းလည်းမဟုတ်ဆိုတာနားလည်လာခဲ့တယ်။ လူတွေဟာ ကောင်းတဲ့စိတ်နဲ့ဆိုးတဲ့စိတ်ကြားမှာလွန်ဆွဲနေခဲ့ပြီး ကောင်းတဲ့စိတ်ကအနိုင်ရသွားတဲ့အခါ လူကောင်းဖြစ်သွားလိုက်၊ မကောင်းတဲ့စိတ်ကအနိုင်ရတဲ့အခါ လူဆိုးဖြစ်သွားလိုက်ဆိုတဲ့ သဘောတရားကိုနားလည်ခဲ့တယ်။ မြည်းဘ၀၊နွားဘ၀တွေမှာဆို လျင်းလန်ဟာ ရှီမန်းနောက်ဆိုတဲ့တိရိစ္ဆာန်ကို သူ့အသက်နဲ့ရင်းပြီးကာကွယ်ပေးခဲ့တယ်။ ဒီလိုနဲ့ပဲ သူ့ကိုသတ်ခဲ့တဲ့လူဟာ ဒီလိုစိတ်မျိုးရှိပါသေးလားဆိုတာကို မြင်လာရတဲ့အခါ ပိုပြီးတော့ တွေဝေမိလာတယ်။ အရင်တုန်းက တစ်ဘ၀စာအမြင်၊ တစ်ခဏစာအမြင်နဲ့ကြည့်ရင် လျင်းလန်နဲ့တခြားသောအပေါင်းအပါတွေဟာ သူ့ကိုရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့အခါ ရှီးမန်းနောက်ဟာ သူ့ကိုမှလုပ်ရက်လေခြင်း၊ သူ့မှဖြစ်ရက်လေခြင်းဆိုတဲ့ မချီတင်ကဲဒေါသကိုခံစားခဲ့ရတယ်။ ဒါပေမဲ့ သံသရာနဲ့ချီ ငါးဘ၀ဆက်တိုက် သူသေပြီးသွားတဲ့ ရှီမန်း၀င်းအိမ်၀င်းကြီးထဲမှာ တိရိစ္ဆာန်အဖြစ်အဖန်တလဲလဲနေခဲ့ရတာအခါ ဒါတွေဟာ ငါ့မှဖြစ်ရက်လေခြင်း၊ ငါ့မှလုပ်ရက်လေခြင်း၊ ငါ့မှကံဆိုးရက်လေခြင်းဆိုတာမျိုး မမြင်တော့ဘူး။ ရှိးမန်းနောက်ဟာ သူအသတ်ခံရတဲ့ခေတ်တုန်းက သူဟာမြေရှင်တယောက်ဖြစ်နေတာကြောင့် လျင်းလန်ကသူ့ကိုမသတ်လည်း အခြားသူတယောက်ယောက်ကသူ့ကိုသတ်အုံးမှာပဲ။ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီအကောင်အထည်ဖော်နေတဲ့ခေတ်ကာလမို့ ခေတ်ရဲ့တိုက်စားခြင်းဟာ လူတိုင်းမလွဲမသွေကြုံရမှာပဲ။ ရှီမန်းနောက်ဂာလည်း ခေတ်ရဲ့တိုက်စားခြင်းကိုခံရတဲ့ တဦးအပါအ၀င်ဖြစ်တာကြောင့် ငါ့မှလုပ်ရက်လေခြင်းလို့မတွေးပဲ ဒီနေရာမှာ ငါရှီးမန်းနောက်မဟုတ်ပဲ တခြားသူတဦးမြေရှင်ဖြစ်နေရင်လည်း လျင်းလျန်ဆိုတဲ့ကောင်ဟာ သူ့ကိုသတ်အုံးမှာပဲ။ အဲ့လိုပဲ ငါ့မှစော်ကားရက်လေခြင်းလို့မမြင်တော့ပဲ ကွန်မြူနစ်ပါတီခေတ်မှာ ငါသာလျင်းလန်လက်ချက်နဲ့မသေခဲ့ရင် တခြားသောရွာသားတဦးရဲ့ သေနတ်ဒဏ်ရာနဲ့ငါသေရအုံးမှာပဲဆိုတဲ့အတွေးမျိုး ရှီမန်းနောက်တယောက်တွေးနေမှာပဲဆိုပြီး ကျွန်တော့်စိတ်ထဲကအလိုလိုသိလာခဲ့တယ်။
နောက်ပြီး လူကောင်းနဲ့လူဆိုးဆိုတဲ့သတ်မှတ်ချက်ဆိုတာကလည်း ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာ တော်တော်စဉ်းစားစရာဖြစ်တယ်။ ရှီးမန်းနောက်ဟာ သူလူ့ဘ၀တုန်းက လျင်းလန်ကိုပြုစုစောင့်ရှောက်ခဲ့ရပေမယ့် လျင်းလျန်ဟာကျေးဇူးရှင်ကိုသတ်ပြီး သူပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုအမွေဆက်ခံခဲ့လို့ လူယုတ်မာလို့သတ်မှတ်လို့ရနိုင်ပေမယ့် လျင်းလန်ဟာ ရှိးမန်းနောက်ရဲ့မိန်းမနဲ့သားသမီးတွေကို သေသည်အထိတာ၀န်ယူပြီး လူတလုံး သူတလုံးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ လူ့ဘ၀တုန်းက ရှီးမန်းနောက်ရဲ့ မယားကြီး ပိုင်နဲ့ သားသမီးတွေဖြစ်တဲ့ ရွှေနဂါးမောင်နှမကိုလည်း ပြုစုစောင့်ရှောက်ခဲ့တယ်။ ဒါတင်မက လျင်းလျန်ဟာ သူမွေးတဲ့တိရိစ္ဆာန်တွေကို အလွန်ချစ်ခင်တတ်သူဖြစ်တယ်။ ဒီထဲမှာ ရှီးမန်းနောက်ဟာ လျင်းလျန်ရဲ့တိရိစ္ဆာန်အဖြစ်၀င်စားခဲ့ရတော့ လျင်းလန်ဟာ ရှီမန်းနောက်ဆိုတဲ့တိရိစ္ဆာန်ရဲ့အသက်ကိုထပ်ခါထပ်ခါကယ်ခဲ့ဖူးတယ်။ ဒီတော့ လူဆိုးဆိုတာဘာလဲ၊ လူကောင်းဆိုတာဘာလဲ။ ကိုယ့်အပေါ်ကောင်းပေးရုံ၊ကောင်းလိုက်ရုံနဲ့ အဲ့လူကိုလူကောင်းလို့သတ်မှတ်မလား။ ကိုယ့်အပေါ်ကိုစိတ်ကွက်အောင်၊ မကျေမနပ်ဖြစ်အောင်တခုခုလုပ်လိုက်ရုံနဲ့ အဲ့လူကိုလူဆိုးလို့သတ်မှတ်မလား။ သံသရာအနေနဲ့ကြည့်ရင် ကောင်းတယ်၊ဆိုးတယ်ဆိုတာ တဒဂ်လေးပါ၊ ဘယ်အရာမှ မြဲမနေဘူး။ ရှီးမန်းနောက်လူ့ဘ၀တုန်းက လျင်းလန်ဟာ သူ့ကိုသတ်ခဲ့လို့ လူယုတ်မာဖြစ်ခဲ့ပေမယ့် ရှီးမန်းနောက်တိရိစ္ဆာန်ဘ၀ရောက်တဲ့အခါ သူ့အသက်ကိုကယ်ခဲ့လို့ လျင်းလန်ဟာ သူရဲ့ကျေးဇူးရှင်ဖြစ်လာပြန်ရော။ ဒါကြောင့် သံသရာအမြင်နဲ့ကြည့်ရင် ကောင်းတယ်၊ဆိုးတယ်ဆိုတာ စက်ဝိုင်းတခုလို ဖန်တလဲလဲ၊ထပ်ခါတလဲလဲဖြစ်ပျက်နေတဲ့ တဒဂ်အခိုက်အတန့်တခုလေးပါပဲ။ အဲ့ဒီတဂ်ဒအခိုက်အတံလေးပေါ်ကနေ မူတည်ပြီးဖြစ်ပေါ်လာတဲ့ အမုန်းတရား၊အာဃာတရားတွေကို မြဲတယ်ထင်ပြီး ဘ၀အဆက်ဆက်သံသရာကိုယူသွားတဲ့ခဲ့တဲ့ ရှီးမန်းနောက်တယောက်ကတော့ နောက်ဆုံးအချိန်မှာ သံသရာရဲ့လှည့်စားမှုကို သဘောပေါက်ခဲ့ပြီဆိုတာ ငရဲမင်းမေးတဲ့မေးခွန်းကိုပြန်ဖြေတဲ့ "ကျွန်တော့်မှာ လက်စားချေချင်စိတ်မရှိတော့ပါဘူး"ဆိုတဲ့ စကားကသက်သေပဲဆိုတာ ခံစားမိလာတယ်။ ဒီစာအုပ်ထဲမှာ ရှီမန်းနောက်ဟာ လျင်းလျန်ရဲ့အကြောင်းတွေကို ငါးဘ၀ဆက်တိုက်လေ့လာခဲ့ရတော့ သူ့အကြောင်းတွေကို ပိုသိလာလေလေ ပိုပြီးခွင့်လွှတ်တာလေလေဖြစ်လာတယ်။ ဒါသည်ပင်လျှင် အမုန်းတွေ၊အာဃာတတရားတွေနဲ့လောင်မြိုက်နေမယ့်အစား မမြဲတဲ့လောကမှာ ကိုယ်အသက်ရှက်နေစဉ်ကာလအတွင်း ကိုယ့်အပေါ်ကောင်းကောင်း၊ဆိုးဆိုး ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုတတ်နိုင်သလောက်ကူညီပေးရမယ်ဆိုတဲ့အတွေးကို ရှီးမန်းနောက်ဆိုတဲ့ဇာတ်ကောင်ကတဆင့် စာရေးဆရာမော့ယန်ဟာ ကျွန်တော့်နားထဲကို ထပ်တလဲလဲထပ်ခါခါပြောပြနေသလိုမျိုး ဒီစာကိုဖတ်လို့မပြီးမချင်းခံစားနေရတယ်။
ဒါပေမဲ့ အတွေးတွေက ဒီမှာတင်အဆုံးမသတ်သေးဘူး။ ငရဲမင်းမေးတဲ့ "မင်းမှာ သူတို့ကိုလက်စားပြန်ချေချင်စိတ်ရှိနေသေးလား"ဆိုတဲ့မေးခွန်းကပဲ ကျွန်တော့်ကို နွမ်းလျသေရှင်ဆိုတဲ့၀တ္ထုထဲကနေဆွဲထုတ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း BC 500ခုနှစ်လောက်က အိန္ဒိယပြည်က ဂေါတမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မြတ်ဆီကို ဒုတိယအတွေးကဆွဲခေါ်သွားပြန်တယ်။ တကယ်တော့ ဗုဒ္ဓရဲ့မေတ္တာဟာအတိုင်းမဆမရှိအောင်ကြီးမားကျယ်ပြန့်တယ်ဆိုတာတွေကို ကျွန်တော်တို့ နားနဲ့မဆန့်အောင်ကြားခဲ့ရဘူးတယ်။ ဗုဒ္ဓဟာ သူ့ရဲ့သွေးရင်းသားရင်းကနေဖြစ်ပေါ်တဲ့ သားတော်ရာဟုလာအပေါ်မှာထားတဲ့မေတ္တာတရားနဲ့၊ သူရဲ့ခြေမတော်ကိုသွေးစိမ်းတည်အောင် ကျောက်မောင်းဆင်လုပ်ကြံခဲ့တဲ့ ဒေ၀ဒတ်အပေါ်မှာထားတဲ့မေတ္တာတရားတို့ဟာ အတူတူပဲဖြစ်ကြောင်းဆိုတာကိုပေါ့။ ဒါပေမဲ့အရင်တုန်းက တွေးခဲ့တာက "အော် ဗုဒ္ဓဟာ ဘုရားဖြစ်လို့သည်းခံနိုင်တာပေါ့၊ ငါလိုကောင်မျိုး ဒေ၀ဒတ်လိုလူမျိုးနဲ့တွေ့ကြည့်ပါလား သာ၀တ္ထိတပြည်လုံးကိုမီးလောင်တိုက်တောင်သွင်းပလိုက်အုံးမယ်"ဆိုတဲ့အတွေးမျိုးသာရှိခဲ့တယ်။ ဆိုလိုချင်တာက ဘုရားဖြစ်နေလို့သာ ဒေ၀ဒတ်အပေါ် ဒီလိုမေတ္တာမျိုးထားနိုင်တာ၊ သာမန်လူတွေကတော့ ဘယ်သည်းခံနိုင်မလဲ။ သေးသေးမတင်နဲ့၊ သေးသေးတင်ရင် ၀စ္စနှစ်လုံးပေါက်ပစ်မယ်။ လုံးကြီးမတင်နဲ့၊ လုံးကြီးတင်ရင် ဆံခတ်ပစ်မယ်ဆိုတဲ့ကောင်မျိုးတွေချည်းပဲလို့ထင်ခဲ့တယ်။ တကယ်တော့ အခုမှဒီ၀တ္ထုဖတ်ပြီးနားလိုက်တာက ရှီမန်းနောက်ဟာ လျင်းလန်ကို တရားပေါက်ပြီးခွင့်လွှတ်ခဲ့တာမဟုတ်ဘူး။ သူ့ရဲ့ရှေးဘ၀တွေဖြစ်တဲ့ မြည်းဘ၀၊နွားဘ၀၊၀က်ဘ၀တိုင်အောင် လျင်းလန်ကိုလက်စားချေချင်စိတ်ရှိနေတုန်းပဲ။ ဒါပေမဲ့ လျင်းလျန်နဲ့အတူနေလာတာကြာလေလေ လျင်းလျန်အကြောင်းပိုနားလည်လာလေလေဖြစ်လာပြီး ဒီလက်စားချေချင်စိတ်တွေဟာ အဓိပ္ပာယ်မရှိပါဘူးဆိုပြီး နားလည်ခဲ့တာ။ အဲ့ဒီလိုပဲ ဗုဒ္ဓမြတ်စွာဟာလည်း ဘုရားဖြစ်နေလို့ ဒေ၀ဒတ်ကို ခွင့်လွှတ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒေ၀ဒတ်ရဲ့အကြောင်းကို သံသရာနဲ့ချီ အကုန်သိနေခဲ့လို့ ခွင့်လွှတ်နိုင်ခဲ့တာ။ အကယ်၍ ဗုဒ္ဓသာ ဒေ၀ဒတ်အကြောင်း အသိနည်းနေမယ်ဆိုရင် သူလည်း ခွင့်လွှတ်နိုင်စွမ်းနည်းနေမယ်လို့ကိုတွေးနေမိတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဟာ လူတိုင်းအကြောင်းအကုန်သိနေလို့ ရန်သူဖြစ်ဖြစ်၊မိတ်ဆွေဖြစ်ဖြစ်လူတိုင်းကို တူညီတဲ့မေတ္တာထားနိုင်တာ။
ဒီတိုင်းပါပဲ ကျွန်တော်တို့လူ့လောကမှာလည်း အမုန်းတရားတွေ၊ အငြိုးအတေးတွေရှိလာကြတဲ့အခါ လူတွေအကြောင်းကို ပိုပြီးသိလာအောင်၊ ပိုပြီးနားလည်အောင်ကြိုးစားခြင်းက အဲ့ဒီလူကိုခွင့်လွှတ်နိုင်ဖို့အတွက်လမ်းစတခုပဲ။ ဒီစာအုပ်ရဲ့အစ အမှာစာမှာတော့ မြန်မာဘာသာပြန် တော်ကောင်းမင်းက "သံသရာကိုလက်ခံသူများအတွက် အကောင်းဆုံး၀တ္ထုရှည်ကြီးတစ်ပုဒ်"လို့ဖော်ပြထားပေမယ့် ကျွန်တော်အနေနဲ့ သံသရာကိုမယုံကြည်သူတွေအတွက်လည်း တဖက်လူရဲ့အကြောင်းကို များများသိနိုင်အောင်ကြိုးစားနေခြင်းက အဲ့ဒီလူကိုခွင့်လွှတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတခုဖြစ်မယ်ဆိုတာ ဒီ၀တ္ထုကသက်သေထူနေတဲ့ကြောင်း ဖြည့်စွက်ချင်ပါတယ်။ ကျွန်တော်တို့ဟာ တဖက်ကလူအကြောင်းကိုအသိနည်းတဲ့အခါ ငါ့ကိုမှလုပ်ရက်လေခြင်း၊ ငါ့မှဖြစ်ရက်လေခြင်းဆိုပြီး အမုန်းပွား၊ ရန်ငြိုးထားတတ်ကြတယ်။ တကယ်တော့ ငါ့မှဖြစ်ရလေခြင်းမဟုတ်ပဲ ငါမဟုတ်တဲ့တခြားသူတွေလည်းဖြစ်နေတာပဲ၊ ငါ့မှလုပ်ရက်တာမဟုတ်ဘူး၊ ဒီကောင်ဟာ ငါမဟုတ်တဲ့တခြားသူတွေနဲ့တွေ့လည်း ငါ့လိုပဲတခြားသူတွေကိုလုပ်အုံးမှာပဲ။ ဒီတိုင်းပဲ သူမှငါ့ကိုစော်ကားရက်လေခြင်းလို့မတွေးပဲ သူမဟုတ်လည်း အခြားတယောက်ဆိုရင်လည်း ငါ့ကိုဒီလိုစော်ကားမှာပဲဆိုပြီးတွေးမိတဲ့အခါ ခုနကတကယ်ထင်ပြီး ယူထားတဲ့ အမုန်းတွေ၊ရန်ငြိုးတွေဟာ ဘာမှမဟုတ်တော့သလိုခံစားလာရတယ်။ ဒီလိုနဲ့ပဲ "ဟုတ်တာပေါ့လေ ရှိပါစေတော့ သူလည်းသူ့အကြောင်းနဲ့သူမို့လို့ ဒီလိုလုပ်ရတာပဲလို့"ခံစားရမိတဲ့အခါ ကိုယ့်စိတ်ကနေ ကိုယ်ကိုတိုင်တောင်မသိလိုက်ပဲ အလိုအလျောက်ခွင့်လွှတ်မိလျက်သားဖြစ်သွားတယ်။ တကယ်တော့ ကိုယ့်ကိုနစ်နာအောင်လုပ်ထားတဲ့သူကို ဘာမှမဖြစ်သလိုခွင့်လွှတ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူပေးတဲ့ဒေါသတွေနဲ့လောင်မြိုက်နေမယ့်အစား သူ့အကြောင်းနားလည်အောင်ကြိုးစားနေခြင်းက သူ့ကိုခွင့်လွှတ်နိုင်ဖို့အတွက် ပိုနီးစပ်လာလေလေဖြစ်ပြီး ကိုယ်ကိုတိုင်လည်း သူပေးတဲ့အမုန်းတရားတွေနဲ့ကင်းဝေးပြီး ကိုယ်ထူထောင်ထားတဲ့ကိုယ့်ရဲ့သီးသန့်ကမ္ဘာထဲမှာ ကိုယ့်စိတ်ကိုပြန်ပြီးငြိမ်းချမ်းစေပါတယ်။ ဒီ၀တ္ထုထဲမှာ ရှီးမန်းနောက်ဟာ လျင်းလန်ဆိုတဲ့လူကိုခွင့်လွှတ်နိုင်ဖို့ ငါးဘ၀ဆက်တိုက်သူ့အကြောင်းနားလည်အောင်ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ တစ်ဘ၀တည်းမှာပဲ ဖြစ်ပျက်နေတာကြောင့် ၁၀၀%လုံးမခွင့်လွှတ်နိုင်ရင်တောင် ၄၀%လောက်ခွင့်လွှတ်သွားနိုင်တာက ပိုပြီးသဘာ၀ကျပါတယ်။ ဒါကြောင့် တစုံတယောက်ကို ခွင့်မလွှတ်နိုင်လောက်အောင် ရန်ငြိုးထားမိတဲ့အခါ သူ့အကြောင်းကိုများများသိနိုင်အောင်ကြိုးစားခြင်းက သူ့အတွက်ခွင့်လွှတ်နိုင်ဖို့လမ်းစ တနည်းအားဖြင့် ကိုယ့်ကိုသူအပူထဲဆွဲထုတ်သွားစေတဲ့နည်းလမ်းမှန်းနားလည်သွားမိတဲ့အခါ ကျွန်တော်အနေနဲ့လူတွေအကြောင်းပိုပြီးနားလည်နိုင်ဖို့ဆင်ခြင်မိတယ်။
အပေါ်ကအကြောင်းအရာတွေထဲမှာ ကျွန်တော်ဟာ ကိုယ်နဲ့ဟာဒရတွေ့တဲ့အကြောင်းအရာတွေကိုသာအသားပေးဖော်ပြခဲ့ပေမယ့်၊ ဒီ၀တ္ထုမှာပါတဲ့ တရုတ်ကွန်မြူနစ်ပါတီအာဏာရခါစအချိန်၊ ယဉ်ကျေးမှုတော်လှန်ရေးကာလ၊ မော်စီတုန်းနေ၀င်ချိန်၊ တိန်ရှောက်ဖိန်ရဲ့ ကွန်မြူနစ်ပါတီပြောင်းလဲပြုပြင်ရေးမူဝါဒ စတဲ့ဗဟုသုတရဖွယ်ရာ အချိန်ကာလများစွာကို သမိုင်းနောက်ခံထား ခြယ်မှုန်းထားတာဖြစ်လို့ အတော်ကိုစီးစီးပိုင်ပိုင်နဲ့ ဖတ်လို့ကောင်းမယ့် တရုတ်ဂန္တ၀င် ၀တ္ထုရှည်ကြီးဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။ ဒီစာအုပ်က်ိုဖတ်၍ပြီးသည့်တိုင် ကျွန်တော်ရဲ့အတွေးများသည် ဤမျှနဲ့ပင်ရပ်တန့်သွားခြင်းရှိမနေသေးပဲ သေခြင်းနဲ့ရှင်ခြင်းကြား ခေါက်တုံ့ခေါက်ပြန်လူးလွန့်သွားလာနေသော တဒဂ်အဖြစ်အပျက်များကို မြဲသည်ထင်၍တွယ်ကပ်မိပုံကို ထပ်ခါတလဲလဲဆင်ခြင်မိသောကြောင့် အာရုံ၌တံလျပ်ရေထင်သော ကျွန်တော်ရဲ့စိတ်၀ိညဏ်တခုလုံးသည် ညစ်ထွေးနွမ်းလျလျက်ရှိပါသည်။
Book Author: တော်ကောင်းမင်း







Comments