top of page

တရုတ်ပြည်နှင့်ဒီမိုကရေစီ

  • Writer: Revolution 4.0
    Revolution 4.0
  • Mar 7, 2021
  • 1 min read


တိုးတတ်တဲ့အာရှနိုင်ငံတော်တော်များများသည် များသောအားဖြင့် ကွန်ဖြူးရှပ်ဝါဒကိုအခြေခံလေ့ရှိသည်။ ဥပမာ စင်ကာပူ၊တောင်ကိုရီးယား၊ ဟောင်ကောင်၊ထိုင်၀မ် စတဲ့တိုးတတ်တဲ့အာရှလူ့အဖွဲ့အစည်းဟာ ကွန်ဖြူးရှပ်ဝါဒကို‌‌အခြေခံပြီး အပေါ်ကဒီမိုကရေစီအလွှာကိုခြုံထားတယ်။ ဂျပန်လူ့အဖွဲ့အစည်းဟာဆိုရင်လည်း ကွန်ဖြူးရှပ်ဝါဒတစ်စိတ်တစ်ပိုင်းနဲ့မဟာယနဗုဒ္ဓဘာသာတစ်ပိုင်းကိုပေါင်းထားတဲ့ ရှင်တိုဘာသာဆိုတဲ့ အယူအဆကိုလက်ခံထားပြီး အပေါ်ကနေနိုင်ငံရေးအရ လစ်ဘရယ်တစ်အယူအဆတွေကိုလက်ခံကျင့်သုံးတယ်။ နောက်ဆုံး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်ဆိုရင်လည်း ကွန်ဖြူးရှပ်ဝါဒကြီးတစ်ခုလုံးရဲ့အငွေ့အသက်ကိုလွှမ်းခြုံထားပြီး နိုင်ငံရေးအရ ကွန်မြူနစ်စနစ်ကိုအသက်သွင်းထားကြတယ်။

ဒီနေရာမှာဆိုရင် အနောက်တိုင်းရဲ့စံတန်းဖိုးဟာ လစ်ဘရယ်ဒီမိုကရေစီဖြစ်သလို အရှေ့တိုင်းရဲ့စံတန်ဖိုးကတော့ ရိုသေတဲ့ ကျိုးနွံတဲ့ တာ၀န်သိတတ်တဲ့ ကွန်ဖြူးရှပ်အယူဝါဒတရားတွေဖြစ်တယ်။ ကမ္ဘာပေါ်မှာလူ‌ဦးရေအများဆုံးဖြစ်တဲ့တိုင်းပြည်တစ်ခုကို ဘယ်စနစ်နဲ့အကိုက်ညီဆုံးလဲဆိုတာ ခန့်မှန်းရခက်ခဲပါတယ်။ တရုတ်ပြည်ဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်ပြီး ကွန်မြူနစ်စနစ်နဲ့ရှင်သန်နေပေမယ့် တစ်ဖက်မှာတော့ ဒုတိယလူဦးရေအများဆုံး အိန္ဒိယက ဒီမိုကရေစီနဲ့ပူးပေါင်းနေထိုင်ကြပါတယ်။ ကမ္ဘာ့လူဦးရေသိပ်သည်းတဲ့နိုင်ငံတွေကိုအုပ်ချုပ်ရတာဟာ အခြားလူဦး‌ရေနည်းတဲ့နိုင်ငံတွေကိုအုပ်ချုပ်ရတာထက် ပိုမိုသိမ်မွေ့နက်နဲတာကြောင့် တရုတ်ပြည်ကိုအုပ်ချုပ်ရတာဟာ တစ်ခြားနိုင်ငံတွေကိုအုပ်ချုပ်ရသလိုမျိုးထင်သလောက်မလွယ်ကူပါဘူး။ လူဦးရေ ၁.၃ ဘီလီယံရဲ့ စားရေး၊ နေရေး၊ ၀တ်ရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့အရာတွေကို တာ၀န်ယူထားရတဲ့ တရုတ်အစိုးရရဲ့စွမ်းဆောင်ရည်ဟာ တစ်ခြားနိုင်ငံကအစိုးရတွေထက်အများကြီး သာလွန်ကောင်းမွန်တယ်လို့ပြောလို့ရတယ်။ အစိုးရအဖွဲ့အစည်းတစ်ခုဟာ အာဏာအ၀န်းဝိုင်းကျယ်ပြန့်လာလေလေ ဗြူရိုကရေစီယန္တာရားကျယ်ပြန့်လာလေဖြစ်လာပြီး အပေါ်ကကျလာတဲ့အမိန့်တွေဟာ အောက်ခြေလူထုကြားထဲကိုတိကျစွာရောက်မလာနိုင်တော့တဲ့အတွက် အကျင့်ပျက်ခြစားမှုတွေနှင့် နိုင်ထက်စီးနင်းအာဏာပြမှုတွေသာ ဖြစ်လာနိုင်‌ချေများတယ်။ အဲ့ဒီလိုကြုံရနိုင်တဲ့ပြသာနာမျိုးကို ကွန်ဖြူးရှပ်ဝါဒက ကောင်းကောင်းအထိန်းအထေလုပ်ပေးနိုင်တယ်။ ကွန်ဖြူးရှပ်ဝါဒဟာလည်း အစိုးရတစ်ခုရဲ့ဗြူရိုကရေစီယန္တားကို ဘယ်လိုကောင်းမွန်အောင်တည်ဆောက်ရမလဲဆိုတဲ့ အခြေခံအချက်တွေဖြစ်တဲ့ ရိုးသေမှု ကျိုးနွံမှု တာ၀န်သိတတ်မှု တော်တဲ့လူကိုမြှောက်စားတတ်မှု စတဲ့အရာတွေကိုလမ်းညွှန်ထားတာဖြစ်တယ်။ ဒါကြောင့်လည်း တရုတ်ပြည်ရဲ့ ဗြူရိုကရက်ယန္တားကြီးဟာ အကျင့်ပျက်ချစားမှူ နိုင့်ထက်စီးနင်းပြုလုပ်မှုတွေနည်းပြီး နိုင်ငံကောင်းစားရေးကိုရှေးရှုတဲ့ စက်ယန္တားရားကြီးတစ်ခုဖြစ်နေတယ်။

နောက်ပြီးကွန်မြူနစ်စနစ်ကိုအသက်ဆက်ပေးနေတဲ့ ထောင့်တိုင်တစ်ခုဟာ ကွန်ဖြူးရှပ်ဝါဒလို့ပြောရင်လည်းမမှားပါဘူး။ တရုတ်ပြည်ကို ၁၉၄၉ခုနှစ်မှာမော်စီတုန်းရဲ့တရုတ်ကွန်မြူနစ်ပါတီကစတင်တည်ထောင်ပြီး‌တဲ့နောက်မှာတော့ ကွန်မြူနစ် ရုပ်ဝါဒီသမားတွေဟာ ကားမာစ့်-လီနင်အယူအဆကလွဲပြီး အယူဝါဒတော်တော်များများကိုပိတ်ပင်တားဆီးခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကွန်ဖြူးရှပ်ဝါဒနှင့်လောင်ဇုဝါဒတို့လည်းအပါအ၀င်ပါ။ ဒါပေမဲ့ ၁၉၇၀နောက်ပိုင်း ကွန်မြူနစ်ပါတီထဲ ‌ပေါ်လစ်ဗြူရိုတွေအပြောင်းအလဲဖြစ်ပြီးတဲ့နောက်မှာတော့ ကွန်ဖြူးရှပ်ဝါဒကိုလေ့လာဖို့အတွက် ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆို ကွန်ဖြူးရှပ်ဝါဒထဲမှာ တိုင်းသူပြည်သားတွေအနေနဲ့ တိုင်းပြည်ကိုမင်းလုပ်အုပ်ချုပ်နေတဲ့အစိုးရကို ရိုသေလေးစား ကျိုးနွံရမည်ဆိုပြီးလမ်းညွှန်ထားတဲ့အချက်ကို တရုတ်ကွန်မြူနစ်ပါတီအနေနဲ့အလွန်သဘောကျတာမို့လို့ပါ။ ဒါကြောင့်လည်း တရုတ်ပြည်သူပြည်သားတွေအနေနဲ့ ကွန်မြူနစ်အယူဝါဒတွေဘာတွေကိုစိတ်မ၀င်စားနိုင်ပဲ သူတို့ရဲ့စား‌၀တ်နေရေးကိုဖူလုံအောင်လုပ်ပေးနိုင်ပြီး တိုင်းပြည်ကိုသိက္ခာတတ်အောင်လုပ်ပေးနိုင်တဲ့အစိုးရကိုသာ သစ္စာရှိကြပါတယ်။ နောက်ပြီး ရှေးအစဉ်အဆက်ထဲက အကွဲကွဲအပြဲပြဲဖြစ်နေတဲ့ တရုတ်မင်းဆက်တွေကိုလည်း တစ်ခုတည်းသောတရုတ်သမ္မတနိုင်ငံတော်အဖြစ် စုစည်းပေးခဲ့တာက မော်စီတုန်းရဲ့ကွန်မြူနစ်ပါတီဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်လူမျိုးတွေဟာ အခုချိန်ထိ တရုတ်ကွန်မြူနစ်ပါတီအပေါ် အကောင်းမြင်ဆက်ဆံနေကြတုန်းဖြစ်တယ်။ ဒီလိုမျိုးကွန်ဖြူးရှပ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒ‌ပေါင်းစပ်ထားတဲ့ တရုတ်လူ့အဖွဲ့အစည်းဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်မွေးဖွားလာတာ ဆယ်စုနှစ် ၂ခုကြာပါပြီ။

သို့သော်လည်း တရုတ်ပြည်ကွန်မြူနစ်ဝါဒသည် လီနင်ဝါဒမဟုတ်၊ စတာလင်ဝါဒမဟုတ်၊ မော်စီတုန်းဝါဒမဟုတ် ခေတ်မှီ၍စံတော်၀င်သောအရင်းရှင်ဈေးကွက်စီးပွားရေးဝါဒနှင့် တရုတ်လူမျိုးကောင်းစားရေးဟုခေါ်‌သော တရုတ်အမျိုးသားရေးဝါဒကိုပေါင်းစပ်ထားကာ နိုင်ငံရေးအရပြင်းပြင်းထန်ထန်ဖိနှိပ်၍ဗဟိုချုပ်ကိူင်မှုလွန်ကဲသော အာဏာရှင်စနစ်နဲ့ရောစပ်ထားသော နိုင်ငံရေးနည်းနာ နိသာယတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း တရုတ်ပြည်သူများကတော့ ထိုနည်းစနစ်များနှင့်အံ၀င်ကွင်ကျဖြစ်နေတုန်းပင်ဖြစ်သည်။ ထိုသို့သော ကွန်ဖြူးရှပ်အယူဝါဒနှင့်အမျိုးသားရေးဝါဒတို့ဖြင့် ထုံမွှမ်းထားသောကြောင့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာသောတရုတ်ပြည်ကြီးကို အနောက်နိုင်ငံများမှတင်သွင်းသော ဒီမိုကရေစီနှင့်လစ်ဘရယ်အယူအဆများကို၀င်ရောက်ခွင့်ပြုလိုက်လျှင် တည်ငြိမ်နေသောတရုတ်ပြည်ကြီးမှ ၀ရုန်းသုန်းကားနိုင်သောတရုတ်ပြည်ကြီးအဖြစ်သို့ပြောင်းလဲသွားမည်ကို တရုတ်ကွန်မြူနစ်ပါတီက ကောင်းကောင်းရိပ်စားမိ၏။ အနီးဆုံးအနေဖြင့် ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားမှုများသည် တရုတ်ပြည်မကြီးအနေဖြင့် သတိပေးခေါင်းလောင်းထိုးသလိုဖြစ်နေသည်။ ထို့ကြောင့် ဒီမိုကရေစီတင်ပို့ခံရလျှင်၀ရုန်းသုန်းကားနိုင်သောတရုတ်ပြည်ကြီးမဖြစ်ရေးကို တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်အမျိုးသားရေးဝါဒကိုဒိုင်းကာသဖွယ်အသုံးပြုလျက် အကြီးအကျယ်ကာကွယ်တားဆီးလျက်ရှိ၏။ ကွန်ဖြူးရှပ်ဝါဒသည် တရုတ်ပြည်အင်အားကြီးရေးအတွက်အရေးကြီးထောက်တိုင်တစ်ခုဖြစ်ခဲ့သော်လည်း တရုတ်ပြည်သူများကိုယ်တိုင်က ကွန်ဖြူးရှပ်ဝါဒကိုကျောခိုင်းပြီး ဒီမိုကရေစီနှင့်လစ်ဘရယ်အယူဝါဒများကို လိုလိုလားလားတောင့်တကြမည်ဆိုရင်တော့ တရုတ်ကွန်မြူနစ်ပါတီလည်း တားဆီးနိုင်ဖွယ်ရာမမြင်။ ၁၉၈၉ခုနှစ်တုန်းက ဒီမိုကရေစီတောင့်တကြသော တရုတ်ပြည်သူများကို တပ်နီတော်ရဲ့တင့်ကားများက တီအန်မင်ရင်ပြင်ပေါ်တွင် ရက်ရက်စက်စက် ဖျက်ဆီးသတ်ဖြတ်ခဲ့သည်။ သို့သော်ယခုအချိန်ထိတော့ တရုတ်ပြည်သူများနှင့် အမျိုးသားရေးဝါဒ၊ ကွန်ဖြူးရှပ်ဝါဒများသည် စည်းချက်ညီညီလှုပ်ရှားနေတုန်းရှိသည်။ သို့သော် မရေရာသောအနာဂတ်အဖြစ်များကို မှန်းဆရသည်မှာမလွယ်ကူ။ အနာဂတ်ကိုပုံဖော်သည်ကား ယခုပစ္စုပန်လက်တွေ့အဖြစ်အပျက်များပင်ဖြစ်သည်........


credit for photo

Comentários


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page