top of page

PRစနစ်နှင့် သူ၏လှည့်ကွက်များ

  • Writer: Revolution 4.0
    Revolution 4.0
  • Nov 13, 2021
  • 3 min read

ree

ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲဆိုသည်မှာ အခြေခံစည်းမျဉ်းဥပဒေဖြစ်သော်လည်း၊ ယင်းနိုင်ငံတို့၏ နိုင်ငံရေးအခြေအနေနှင့်‌ နောက်ခံသမိုင်းကြောင်းကိုလိုက်၍ မဲပေးစနစ်မှာကွဲပြားခြားနားလျက်ရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မဲပေးစနစ်မှာ FPTP ( first past the post)ခေါ် "နိုင်သူ အကုန်ယူ"စနစ်ဖြစ်ပြီး၊ မကြာသေးမှီအချိန်က စစ်တက်နှင့်သူ၏အပေါင်းအပါပါတီများ ဆွေးနွေးခဲ့ကြသည့် PR(proportional representation)စနစ်သည် "အချိုးကျ ကိုယ်စားပြုစနစ်"ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံနှင့်နော်ဝေနိုင်ငံတို့တွင် အသုံးပြုလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် မည်သည့်မဲပေးစနစ်က ပိုကောင်းပါသည်ဟုဆိုရပါလျှင်မူ ယင်းစနစ်နှစ်ခုတို့၏ အခြေခံအကြောင်းတရားများကို များစွာလေ့လာရန် လိုအပ်လိမ့်မည်ဟုထင်သည်။


PRအစ


မြန်မာပြည်တွင် PRစနစ်ကိုစတင်ဆွေးနွေးသူများမှာ USDPပါတီနှင့် NLD၏ခွဲထွက်ပါတီတစ်ခုဖြစ်သော NDFပါတီတို့ဖြစ်သည်။ အကြောင်းမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLDပါတီမှ ၉၈%အနိုင်ရရှိပြီး၊ USDPမှ ၁%သာအနိုင်ရရှိခဲ့သဖြင့် ၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီအကြီးအကျယ်အနိုင်ရမည်ကို ကြံ့ဖွတ်တို့ကစိုးရိမ်ခဲ့ကြသည်။ အကယ်၍PRစနစ်ကိုသာကျင့်သုံးလိုက်ပါလျှင်မူ မဲဆန္ဒနယ်တခုတွင်မဲအ‌ရေအတွက်အများဆုံးရရှိသောအမတ်တယောက်ထဲကသာအနိုင်ရတော့မည်မဟုတ်ဘဲ၊ ၎င်းနောက်တွင်ကပ်လျက်ရှိနေသော ဒုတိယမဲများဆုံးသူနှင့်တတိယမဲအများသူတို့ပါ အနိုင်ရလွှတ်တော်အမတ်များဖြစ်လာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်USDPပါတီအနေနဲ့ ၂၀၁၅ရွေးကောက်ပွဲတွင် nld ပါတီကိုပထမနေရာဖြင့်အနိုင်မယူနိုင်သည့်တိုင်၊ ဒုတိယမဲများဆုံးနှင့်တတိယမဲအများဆုံးနေရာဖြင့်ယှဉ်ပြိုင်ကာ လွှတ်တော်ထဲရောက်လာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် NDFပါတီကဦးဆောင်၍ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲပေးစနစ်ကို PRစနစ်အဖြစ်ပြောင်းလဲပြင်ဆင်ရန် လွှတ်တော်ထဲတင်ပြခဲ့သည်။ ထိုအချိန်က ကြံ့ဖွတ်ပါတီထဲတွင် PRစနစ်ကိုထောက်ခံသူအချို့ရှိသော်လည်း၊ အများစုက၎င်းတို့ကိုယ်၎င်းတို့အထင်ကြီးကာ ၂၀၁၅ရွေးကောက်ပွဲတွင် NLDကို ယှဉ်ပြိုင်နိုင်မည်ထင်၍ PRစနစ်ကိုပယ်ချခဲ့သည်။သမ္မတဦးသိန်းစိန်ကဆိုလျှင်မူ "PRစနစ်သည်အလွန်ရှုပ်ထွေးပြီး တိုင်းပြည်အတွက်ကျင့်သုံးရန်အချိန်မကျသေး"ဟုဆိုကာ PRစနစ်ကိုငြင်းဆန်ခဲ့သည်။

အခြေခံ PR စနစ်


PRစနစ်သည် ယခုကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်နှင့်မတူဘဲ အချိုးကျကိုယ်စားပြု၍မဲယူရခြင်းဖြစ်သည်။ ယခုကျင့်သုံးနေသည့်ရွေးကောက်ပွဲစနစ်နှင့် လုံး၀ကွာခြားသည့်အချက်မှာ မဲဆန္ဒနယ်နေရာအလိုက်အနိုင်ရရှိသည်မဟုတ်ဘဲ၊ မဲများအားလုံးကို အချိုးချရေတွက်ပြီးမှသာ အနိုင်ရရှိမည်ဖြစ်သည်။ လက်ရှိစနစ်အတိုင်းဆိုရပါက မဲဆန္ဒနယ် ၁တွင် Aပါတီက မဲအများဆုံးရရှိပါက Aပါတီကအနိုင်ရမည်ဖြစ်ပြီး၊ မဲဆန္ဒနယ် ၂တွင် Bပါတီကမဲအများဆုံးရပါက Bပါတီက အနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် FPTPစနစ်သည် လွယ်ကူရိုးရှင်းပြီး၊ ၎င်းကို "နိုင်သူ အကုန်ယူ"စနစ်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ သို့သော် PRစနစ်မှာတော့ မဲဆန္ဒနယ်တစ်ခုအလိုက်အနိုင်ရရှိသည်မဟုတ်ဘဲ၊ တိုင်းနှင့်ပြည်နယ်အလိုက်ရှိနေသော မဲဆန္ဒနယ်အားလုံးပေါင်းပြီးမှသာ အချိုးကျ ပြန်လည်ဝေမျှပေးခြင်းဖြစ်သည်။ ထို့ကြောင့် PRစနစ်သည် FPTPလို မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးနှင့်အနိုင်ရဖို့မလို။ မဲဆန္ဒနယ်အားလုံးပေါင်း၏ မဲအရေအတွက်များများရရှိဖို့သာလိုသည်ဖြစ်သည်။


ဥပမာ ရန်ကုန်တိုင်းရှိ မဲဆန္ဒနယ် ၁၀‌နေရာတွင် မဲပေးသူအယောက်၁၀၀ရှိပြီး ထိုနေရာများတွင် Aပါတီ၊ Bပါတီ၊ Cပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည်ဟုဆိုပါစို့။ထိုအခါ Aပါတီသည် ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁၀ခုမှ ဆန္ဒမဲလက်မှတ်အားလုံးပေါင်း ၇၀ရရှိပြီး၊ Bပါတီက ၂၀၊ Cပါတီက ၁၀ အသီးသီးရရှိပါက၊ Aပါတီကို ၇၀%အနိုင်ရရှိသည်ဟုသတ်မှတ်မည်ဖြစ်ပြီး၊ Bက ၂၀%၊ Cက ၁၀%အနိုင်ရရှိသည်ဟု သတ်မှတ်ကြသည်။ ထိုအခါအနိုင်အရလွှတ်တော်နေရာ ပြန်လည်ခွဲဝေသည့်အခါမှာလည်း ၎င်းတို့အနိုင်ရရှိသည့် ရာခိုင်နှုန်းအလိုက် Aက လွှတ်တော် ၇ နေရာရရှိရမည်ဖြစ်ပြီး၊ Bက ၂နေရာ၊ Cက ၁ နေရာစီရရှိမည်ဖြစ်သည်။ ထို့ကြောင့် ယခုကျင့်သုံးနေသည့်စနစ်လို အင်းစိန်မဲဆန္ဒနယ်တွင် မဲအများဆုံးရရှိသည့်အင်းစိန်အမတ်က အနိုင်ရရှိတော့မည်မဟုတ်ပဲ၊ ရန်ကုန်ရှိ မဲဆန္ဒနယ်အားလုံးပေါင်းပြီးမှသာ အချိုးချစနစ်ဖြင့်ပြန်လည်ခွဲဝေပေးမည်ဖြစ်သဖြင့် လွှတ်တော်ထဲရောက်ဖို့ ပထမနေရာဖြင့်အနိုင်ရဖို့မလို၊ ဒုတိယနေရာရသည့်တိုင် ဆန္ဒမဲလက်မှတ်က ရန်ကုန်တိုင်းတစ်ခုလုံး၏ ၃၀%ကို‌ရရှိမည်ဆိုလျှင် လွှတ်တော်အတွက် ထိုင်ခုံ ၃၀%ရရှိမည်ဖြစ်သည်။ ထို့ကြောင့် PRစနစ်သည် ယခုကျင့်သုံးနေသည့် FPTPစနစ်ကဲ့သို့ လွယ်ကူခြင်းမရှိလှပဲ၊ မဲပေးရာတွင်လည်းကောင်း၊ မဲရေတွက်ရာတွင်လည်းကောင်း ရှုပ်ထွေးမှုများစွာရှိနိုင်သည်။ ယခု FPTPစနစ်တွင် မဲရေတွက်ရသည့်အခါ အင်းစိန်မြို့နယ်ကမဲများကိုရေတွက်လိုက်ရုံဖြင့် အင်းစိန်မဲဆန္ဒနယ်တွင် အနိုင်ရမည့်သူကိုအလွယ်တကူသိနိုင်သော်လည်း၊ PRစနစ်တွင်မူ ရန်ကုန်တိုင်းတစ်ခုလုံးမှ မဲများကိုရေတွက်ပြီးသည့်အခါမှသာ သက်ဆိုင်ရာပါတီက မည်သည့်ရာခိုင်နှုန်းအနိုင်ရမည်ကိုသိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအတွေ့အကြုံနုနယ်သေးသော မြန်မာပြည်အတွက် မဲလေးခုပေးရသည်ပင် မရင်းနှီးသေးသည်ဖြစ်ရာ၊ အကယ်၍ PRစနစ်ကိုသာထပ်မံပြောင်းလဲမည်ဆိုပါက မဲဆန္ဒရှင်ပြည်သူများအတွက် လွန်စွာရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် နိုင်ငံရေးသီးသန့်သဘောတရားအရပြောရပါလျင်မူ PRစနစ်ကျင့်သုံးဖို့အတွက် မြန်မာပြည်မှာ အဆင်သင့်မဖြစ်သေးချေ။


PRကိုဘယ်လိုအကြောင်းပြ


အကြောင်းအရာတခုကို သင့်မသင့်ဆုံးဖြတ်မည်ဆိုလျှင် ၎င်း၏အနောက်တွင်ကပ်လျက်ပါလာသော ရည်ရွယ်ချက်နှင့်မျှော်ရည်ချက်များကလည်း ထည့်သွင်းစဉ်းစားစရာဖြစ်သည်။ မြန်မာပြည်တွင် PRစနစ်ကိုကျင့်သုံးချင်သူများမှာ တိုင်းပြည်ကောင်းစားရေးအတွက်မျှော်မှန်းသည်မျိုးမဟုတ်ဘဲ ၎င်းတို့၏နိုင်ငံရေးအတ္တများနဲ့ကိုယ်ကျိုးစီးပွားအတွက်သာ လိုသလိုအသုံးချနိုင်ဖို့ကြိုးစားနေကြခြင်းသာဖြစ်သည်။ ထို့ကြောင့် PRစနစ်နဲ့ပတ်သက်ပြီး ၎င်းညွှန်းဆိုလေ့ရှိသည်မှာ ၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများဖြစ်သည်။


၁၉၉၀ရွေးကောက်ပွဲတွင် NLDပါတီမှ တစ်ပြည်လုံး၏ မဲဆန္ဒလတ်မှတ်ပေါင်း ၈သန်းနီးပါး ရာခိုင်နှုန်းအားဖြင့် ၅၈%အနိုင်ရရှိခဲ့ပြီး၊ တစညပါတီမှ ဆန္ဒမဲလက်မှတ် ၃သန်းနီးပါး ရာခိုင်နှုန်းအားဖြင့် ၂၁%ဖြင့်အနိုင်ရခဲ့ကြသော်လည်း လွှတ်တော်နေရာအတွက်ပြန်လည်ခွဲဝေကြသောအခါ NLDမှ မဲလက်မှတ်ပေါင်း ၅၈%သာရခဲ့သော်လည်း လွှတ်တော်တွင် ၃၉၂နေရာ ရာခိုင်နှုန်းအားဖြင့် လွှတ်တော်တစ်ခုလုံး၏၈၀%ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး၊ တစညပါတီက မဲလက်မှတ်ပေါင်း ၂၁%အထိရရှိခဲ့သော်လည်း လွှတ်တော်အတွက် ၁၀နေရာ ရာခိုင်နှုန်းအားဖြင့် လွှတ်တော်၏၂%အထိသာ အနိုင်ရခဲ့သည်။ ပိုပြီးထူးခြားသည်က တစညပါတီထက် မဲအရေအတွက်နည်းသော SNLDပါတီက မဲဆန္ဒလက်မှတ် ၂သိန်း ရာခိုင်နှုန်းအားဖြင့် ၂%သာအနိုင်ရရှိခဲ့သော်လည်း၊ လွှတ်တော်တွင် ၂၃နေရာရရှိပြီး ရာခိုင်နှုန်းအားဖြင့် လွှတ်တော်၏ ၄.၅%ကျော်အထိ သိမ်းပိုက်နိုင်ခဲ့သည်။ ဤတွင် တစညပါတီတို့စောဒကတတ်လာသည်က တစ်ပြည်လုံး၏ဆန္ဒမဲလက်မှတ် ၂၀%အထိရရှိသည့်မိမိတို့ပါတီက လွှတ်တော်တွင် ၁၀နေရာသာရရှိပြီး၊ ဆန္ဒမဲလက်မှတ် ၂%သာရရှိသည့် SNLDပါတီက မည်သည့်အတွက်ကြောင့် လွှတ်တော်၏ ၂၃နေရာကိုရရှိသနည်းဆိုသည့် မေးခွန်းသည် အဓိကကျလာလေသည်။ ထို့နောက် NLDပါတီအနေဖြင့် တစ်ပြည်လုံး၏ဆန္ဒမဲလက်မှတ် ၅၈%သာရရှိခဲ့သော်လည်း လွှတ်တော်တွင် ၃၉၂နေရာ ရာခိုင်နှုန်းအားဖြင့် ၈၀%ကျော်အထိရနေသည်ကလည်း တခြားသော ရွေးကောက်ပွဲမနိုင်ပါတီများအတွက် အလွန်ပင်မျက်စိဆံပင်မွှေးစူးစရာဖြစ်လာလေသည်။ အမှန်တော့ ဤပြသာနာအားလုံး၏အရင်းခံသည် ယခုကျင့်သုံးနေသော FPTPစနစ်၏ အားနည်းချက်သာဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲမနိုင်ပါတီများ ဖြစ်စေချင်သည်က တပြည်လုံး၏ ဆန္ဒမဲလက်မှတ် ၅၈%အနိုင်ရသည့်ပါတီက လွှတ်တော်အတွက် လည်းထိုင်ခုံ ၅၈%သာရရှိစေရမည်ဖြစ်ပြီး၊ ၂၀%ရသူကလည်း ထိုင်ခုံ ၂၀%နှင့် ၂%အနိုင်ရသူကိုလည်း ထိုင်ခုံ ၂%သာ ရရှိစေချင်သည်။ ဤသဘောတရားအတိုင်းဖြစ်စေချင်ပါလျှင်မူ PRစနစ်သည် ၎င်းတို့ဆန္ဒနှင့်အကိုက်ညီဆုံးဖြစ်လာပေသည်။ ထို့ကြောင့် အနိုင်မရပါတီများ၏PRစနစ်ကိုလိုလားနေရခြင်း ပထမ‌အကြောင်းအချက်မှာ ရွေးကောက်ပွဲတွင်အနိုင်ရသူ၏ကြီးစိုးမှုကိုလျော့ချဖို့ဖြစ်ပြီး၊ အနိုင်မရသူ၏ရှုံးနိမ့်မှုကို ထေမိကာမိစေဖို့ဖြစ်သည်။


ထို့ပြင် PRစနစ်ကိုကျင့်သုံးချင်သည့် ဒုတိယအကြောင်းတရားတစ်ခုကလည်း ကျန်ရှိသေးသည်။ ထိုအရာကား အထွေအထူးမဟုတ်။ တပ်နှင့်‌သူ၏အပေါင်းအပါပါတီများက လွယ်ကူသောအစိုးရတစ်ရပ်ဖွဲ့စည်းရန် သို့မဟုတ် အားကောင်းသော အတိုက်အခံတစ်ရပ်ဖွဲ့စည်းရန် တာဆူနေကြခြင်းပင်ဖြစ်သည်။ ယခုရွေးကောက်ပွဲစနစ် FPTPအတိုင်းဆိုလျှင် USDPက မဲလက်မှတ် ၂၆%ရရုံဖြင့် လွှတ်တော်အတွက် နေရာ၂၆%မရနိုင်ပေ။ သို့သော် ၂၀၀၈အောက်တွင် PRစနစ်ကိိုပြောင်းလဲလိုက်ပါလျှင်မူ USDPပါတီအနေဖြင့် မဲလက်မှတ်၂၆%ရရုံဖြင့် လွှတ်တော်နေရာအတွက် ၂၆%ရရှိမည်ဖြစ်ပြီး၊ ထို့နောက် လွှတ်တော်ထဲတွင် အလိုအလျောက်ရယူပြီးသောစစ်တပ်၏ ၂၅%နှင့်ပေါင်းကာ ၅၁%ဖြင့် ပြည်ထောင်စုအစိုးရတစ်ရပ်ကိုအလွယ်တကူဖွဲ့စည်းနိုင်ခြင်းပင်ဖြစ်သည်။ အကယ်၍ သူ၏လက်ဝေခံပါတီက ၂၆%အနိုင်မရခဲ့သည့်တိုင်၊ စစ်တပ်၏ရှိရင်းစွဲ ၂၅%နဲ့ပူးပေါင်းကာ အားကောင်းသောအတိုက်အခံတစ်ရပ်ကိုဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် PRစနစ်သည် စစ်တပ်၏ "အမျိုးသားနိုင်ငံရေးဦးဆောင်မှု"ဆိုသည်ကို အသက်ဆက်ပေးနေသာ အောက်ဆီဂျင်ပိုက်များလားဟု သံသရာရှိဖွယ်ရာအတိဖြစ်နေသည်။


PRစနစ်၏ အားသာချက်


အထက်ပါဆိုခဲ့သည့်အတိုင်း မြန်မာပြည်တွင် PRစနစ်ကိုလိုလားသောအစုအဖွဲ့များသည် ၎င်းတို့၏နိုင်ငံရေးအတ္တများအတွက်သာ အသုံးချဖို့အတွက်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း PRစနစ်ကို နိုင်ငံအချို့တွင် ယခုအချိန်ထိအသုံးပြုနေရခြင်းမှာ သူ၏ နဂိုရှိရင်းစွဲ အားကောင်းချက်များကြောင့်လည်းဖြစ်သည်။ အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်သော PR၏ အားသာချက်မှာ လူများစုများကြားထဲတွင်နေထိုင်နေသာ လူနည်းစုများ၏အသံကိုပျောက်မသွားအောင် ကိုယ်စားပြုနိုင်ခြင်းပင်ဖြစ်သည်။ ဥပမာ ပြည်နယ်တစ်ခုတွင် လူမျိုးAက ၈၀%နေထိုင်ပြီး၊ လူမျိုး Bက ၂၀%နေထိုင်သည်ဆိုပါစို့။ အကယ်၍ ရွေးကောက်ပွဲတွင် FPTPစနစ်ကိုသာ အသုံးပြုမည်ဆိုလျှင် Aလူမျိုးဖြစ်သော ၈၀%ကသာ လွှတ်တော်၏နေရာအားလုံးကို အနိုင်ရဖို့အတွက်အခွင့်အရေးများသွားနိုင်ပြီး၊ ကျန်သော လူမျိုး ၂၀%အတွက် လွှတ်တော်တွင် နေရာတစ်ခုရနိုင်ဖို့ပင်မလွယ်။ ထိုအခါ FPTPစနစ်‌ကြောင့် လူများစုများကြားထဲ လူနည်းစု၏ ကိုယ်စားပြုခွင့် အခွင့်အရေးများဆုံးရှုံးကုန်သည်။ သို့သော် ထိုသို့သောအခြေအနေမျိုးတွင် PRစနစ်ကိုသာ အသုံးပြုလိုက်ပါလျှင်မူ Aလူမျိုးက ၈၀%နေထိုင်သည့်အတွက် Aပါတီသည် ဆန္ဒမဲ ၈၀%ဖြင့်အနိုင်ရမည်ဖြစ်ပြီး လွှတ်တော်အတွက်နေရာ၈၀% နှင့်၊ Bလူမျိုးက ၂၀%နေထိုင်သည့်အတွက် Bပါတီက ၂၀%ဖြင့်အနိုင်ရရှိကာ လွှတ်တော်အတွက်နေရာ ၂၀%ရရှိမည်ဖြစ်သည်။ ထို့ကြောင့် PRစနစ်သည် လူများစုများကြားထဲတွင် နေထိုင်သော ‌လူနည်းစု၏ ကိုယ်စားပြုခွင့်နှင့် ဒီမိုကရက်တစ်အသံများပျောက်ပျက်မသွားအောင် ထိန်းကျောင်းပေးနိုင်သည်မှာ ၎င်း၏မွေးရာပါအားသာချက်ပင်ဖြစ်သည်။


မြန်မာပြည်နှင့် သင့် မသင့်


နောက်ထပ် မေးခွန်းထုတ်စရာရှိနေသည်မှာ မြန်မာပြည်သည် PRစနစ်နှင့်ကိုက်ညီပါ၏လောဆိုသည့်မေးခွန်းပင်ဖြစ်လိမ့်မည်။ ထိုအချက်ကို ဆုံးဖြတ်ဖို့အတွက် စေတနာနှင့်အကျိုးရလာဒ်ဟူ၍ ရှုထောင့်နှစ်ခုဘက်မှသုံးသပ်၍ရနိုင်သည်။ ပထမအကြောင်းအရာဖြစ်မှာ PRစနစ်ကိုကျင့်သုံးချင်နေသူများ၏ စေတနာတရားဘက်မှ သုံးသပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် မြန်မာပြည်ကောင်းစားရေးထက် ၎င်းတို့၏နိုင်ငံရေးအတ္တများကောင်းစားဖို့အတွက်သာအသုံးချသည်ဖြစ်ရာ PRစနစ်သည် တိုင်းပြည်အတွက် စေတနာဆိုးသာဖြစ်နေသည်။ ထို့နောက်အကြောင်းတရားဘက်မှကြည့်ပြန်လျှင်လည်း စစ်အုပ်စုတို့ ယနေ့တိုင်ကိုင်စွဲထားနေသော ၂၀၀၈အခြေခံဥပဒေသည် FPTPစနစ်ကိုသာပြဌာန်းထားသည်ဖြစ်၍ အကယ်၍ စစ်တပ်ကသာ PRစနစ်ကို အတင်းအကျပ်ပြောင်းလဲလိုက်ပါက နောက်ထပ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို ထပ်မံရေးဆွဲရဖွယ်ရှိနေပြန်သည်။


ထို့နောက် မြန်မာပြည်အနေအထားနှင့် နှိုင်းယှဉ်ရပြန်သော်လည်း PRစနစ်သည် မြန်မာပြည်အတွက်မသင့်လျော်ချေ။ အထက်ပါဆိုခဲ့သည်အတိုင်း PRစနစ်သည် လူများစုများကြားထဲတွင်နေထိုင်နေသော လူနည်းစု၏အသံများပျောက်ပျောက်မသွားအောင်ကာကွယ်ပေးဖို့ဖြစ်ရာ၊ မြန်မာပြည်၏ လက်ရှိပထဝီ၀င်ဆိုင်ရာ လူဦးရေပြန့်ကြဲနေထိုင်မှုအခြေအနေသည် လူများစုများကြားတွင် လူနည်းစုများနေထိုင်သည့်ပုံစံမျိုးမဟုတ်။ ဥပမာ ရှမ်းပြည်တွင် ရှမ်းလူမျိုးက အများစုဖြစ်ပြီး၊ ကျန်သည့်လူမျိုးများက အတိုင်းအတာတစ်ခုထိသာရှိသည်။ ကချင်၊ကရင်၊ရခိုင် စသည့် ကျန်ရှိ‌သည့်ပြည်နယ်များမှာလည်း ထိုနည်း‌လည်းကောင်း။ ထို့ပြင် တိုင်းရင်းသားပါတီများမှာလည်း သူ့လူမျိုးအလိုက်စုစည်းထားသောပါတီများဖြစ်၍ ဗမာပါတီများကဲ့သို့ အကွဲအပြဲမများ။ ဥပမာ ကရင်ပြည်နယ်တွင် ကရင်လူမျိုးကိုကိုယ်စားပြုသည့် ပါတီနှစ်ခုလောက်သာရှိသည်။ ရှမ်းတို့ ရခိုင်တို့လည်းထိုနည်းတူ။ ထို့ကြောင့် ရွေးကောက်ပွဲကိုသာ PRစနစ်ကျင့်သုံးလိုက်ပါလျှင်မူ ကချင်ပြည်နယ်တွင် ကချင်ပါတီတစ်ခုတည်းကသာ မဲအများဆုံးအနိုင်ရတော့မည်မဟုတ်ပဲ၊ တစ်ခြားသောပါတီများကိုပါ မဲများခွဲပေးရတော့မည်ဖြစ်သည်။ ဥပမာ ဗမာပါတီတစ်ခုခုက ကချင်ပြည်နယ်တွင် လာရောက်ယှဉ်ပြိုင်ပါလျှင်မူ ကချင်ပါတီကိုမဲအများဆုံးဖြင့်မနိုင်သည့်တိုင်၊ ကချင်ပြည်နယ်၏ ဆန္ဒမဲ ၁၀%လောက်ပဲရသည်ဆိုရုံမျှဖြင့်၊ ကချင်ပြည်နယ်လွှတ်တော်နေရာအတွက် ထိုင်ခုံ ၁၀%ရနိုင်သည်။ အမှန်တစ်ကယ်တွင် ပထဝီ၀င်အရပြန့်ကျဲနေထိုင်ခြင်းမရှိသော်လည်း မသက်ဆိုင်သည့်ပါတီများက ၎င်းတို့စိတ်ကြိုက်ပြည်နယ်လွှတ်တော်နေရာများတွင် အချောင်၀င်ယူခွင့်ရှိနေခြင်းအတွက် အားကောင်းသောတိုင်းရင်းသားပါတီများအတွက် အထိနာလှပေသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီအားလုံးလိုလိုကလည်း PRစနစ်ကိုမနှစ်သက်ချေ။ ၂၀၁၅ ဦးသိန်းစိန်လက်ထက်ကဆိုလျှင် လွှတ်တော်တွင် PRစနစ်အကြောင်းဆွေးနွေးကြသောအခါ တိုင်းရင်းသားပါတီအတော်များများက PRစနစ်ပြောင်းလဲရေးအဆိုကို ကန့်ကွက်သပိတ်မှောက်သူများပင်ရှိသည်။ သို့သော် စဉ်းစားစရာတစ်ခုရှိသည်က အကယ်၍ တိုင်းရင်းသားပြည်နယ်များတွင် လူမျိုးတစ်မျိုးကို ကိုယ်စားပြုသောပါတီများကွဲထွက်လာပါက ၎င်းတို့တိုင်းရင်းသားတွေကိုယ်တိုင် PRစနစ်ကိုစိတ်၀င်စားလာနိုင်ခြင်းပင်ဖြစ်သည်။ ဥပမာ ကချင်ပြည်နယ်တွင် ကချင်လူမျိုးကို ကိုယ်စားပြုယှဉ်ပြိုင်သော ကချင်ပါတီ ၅ခုလောက်ရှိနေမည်ဆိုလျှင် ထိုပါတီငါးခုစလုံး လွှတ်တော်ရောက်နိုင်ဖို့အတွက် သို့တည်းမဟုတ် ပါတီတစ်ခုတည်းကသာ အပြတ်အသတ်အနိုင်မရသွားဖို့အတွက် PRစနစ်သည်သာ အကောင်းဆုံးဖြစ်နေသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီအချင်းချင်းကြား နိုင်ငံရေးအားပြိုင်မှုရှိလာမည်ဆိုလျှင်ဖြင့် PRသည်၎င်းတို့ကိုယ် လိုလိုလားလားစိတ်၀င်စားသော စနစ်တစ်ခုဖြစ်လာနိုင်သည်။ သို့သော် ယခုအချိန်ထိတော့ PRစနစ်သည် တိုင်းရင်းသားနှင့်ဗမာများကြားထဲတွင် ‌အနည်းငယ်မျှသော ရေပန်းစားမှုမျှပင်မရှိ‌ပဲ၊ စစ်တပ်၏ နိုင်ငံရေးအသက်ကယ်ဖောင်တစ်ခုမျှအဖြစ်သာ ရှုမြင်ကြနေသည်။

သို့သော် မြန်မာပြည်သည် ပြီးခဲ့သည့်နှစ်များအတွင်းက မြို့ပြလူဦးများပြားလာသည်ဖြစ်ရာ ရန်ကုန်မြို့တွင်ပင် ကချင်၊ကရင်၊ရခိုင်လူမျိုးများလည်းပြောင်းရွှေ့နေထိုင်လာကြသည်။ ထို့ကြောင့် မြန်မာပြည်သည် လူများစုများကြားထဲ လူနည်းစုများနေထိုင်သည့်ပုံစံမျိုးဖြစ်လာသည့်အတွက် PRစနစ်ကျင့်သုံးသင့်သည်ဟူသောအမြင်မျိူးလည်းရှိလာသည်။ သို့သော်လည်း ထိုပြသာနာကိုဖြေရှင်းရန် ပြီးခဲ့သည့်ရွေးကောက်ပွဲစနစ်များတွင် "တိုင်းရင်းသားရေးရာ"၀န်ကြီးဆိုသည့် နေရာကိုထည့်သွင်းဖော်ပြထားခဲ့ပြီးဖြစ်သည်။ ရန်ကုန်တွင်နေထိုင်သော ရခိုင်လူမျိူးများအသံကိုကိုယ်စားပြုရန်အတွက် ရန်ကုန်ရှိရခိုင်မဲဆန္ဒရှင်များက "ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး"နေရာအတွက်ပါ မဲပေးရရာ၊ တိုင်းရင်းသားမဲဆန္ဒရှင်များအတွက် စုစုပေါင်းမဲလေးခုပေးရသည်မျိုးဖြစ်သည်။ ရှမ်းလူမျိုးကလည်း "ရှမ်းတိုင်းရင်းသားရေရာ၀န်ကြီး"စသည်ဖြင့်။ ရန်ကုန်တွင်ရှိသော ရှမ်းလူမျိူးများအသံကိုကြားရန်၊ မန္တလေးတွင်ရှိသော ရှမ်းလူမျိူးများအသံကိုကြားရန်၊ တိုင်းဒေသကြီးများအတွက် သက်ဆိုင်ရာတိုင်းရင်းသားရေးရာ၀န်ကြီးဌာနများကို မဲပေးရွေးချယ်ခြင်းဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် လူဦးရေပြန့်ကြဲနေထိုင်သည့်ပုံစံမျိုးဖြစ်သည့်တိုင် PRစနစ်ကျင့်သုံးရန်မလိုပဲ လက်ရှိ‌ရှိနေပြီးသားရွေးကောက်ပွဲစနစ်ဖြင့် ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။


ထိုသို့သော အကြောင်းအရာအမျိုးမျိူးကြောင့် PRစနစ်သည် မြန်မာပြည်အတွက် လျော်ကန်သင့်မြတ်လှသော အခြေအနေမျိုး ရှိမနေသည့်အပြင်၊ PRကိုကျင့်သုံးချင်သူများ၏ ရည်ရွယ်ချက်များမှာလည်း "စေတနာ"ဆိုးက ပို၍အလေးသာနေသည်။ သို့သော် စစ်တပ်အနေဖြင့် မြန်မာပြည်နိုင်ငံရေးမှထွက်ခွာသွားပါလျှင်မူ PRစနစ်သည် မြန်မာပြည်တွင် တဖန်ပြန်လည် ခေတ်စားကောင်း ခေတ်စားလာနိုင်ပေသည်။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page