ကမ္ဘာပြားပြီ
- Thoth
- Jun 30, 2021
- 1 min read

ဆရာကျော်ဝင်းရဲ့ ကမ္ဘာကြီးပြားပြီ စာအုပ်ကို စဖတ်လိုက်တဲ့အချိန် ငါတော့အမှားကြီးမှားပြီဆိုတဲ့ အသိဝင်လာတယ်။ ဘာလို့လဲဆို ကျွန်တော်ဖတ်တဲ့စာတွေအများစုကလည်း ရသလိုစာပေတွေဖြစ်နေတာ့ တစိမ့်စိမ့်နဲ့ရင်ထဲစီးဝင်တတ်တဲ့ အလေ့အကျင့်ကရနေပြီ။ အဲ့လိုအချိန်မှာပဲ ကမ္ဘာကြီးပြားပြီဆိုတဲ့ စာမျက်နှာ၇၀၀ကျော်ပါ သုတလိုစာအုပ်မျိုးဟာ ခေါင်းထဲကိုအချက်အလက်တွေ ဒိန်းဒိန်းနဲ့မြည်အောင် ဘယ်လိုတွေများ ရိုက်သွင်းမလဲဆိုပြီး ရင်တမမနဲ့ဖတ်ခဲ့ရတယ်။ နောက်ပြီးစာအုပ်ပါ အကြောင်းအရာတွေအာ ITလောကနဲ့ပတ်သတ်နေတဲ့ဝေါဟာရတွေ စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်တဲ့ ဝေါဟာရတွေဖြစ်နေတော့ ဖတ်ရတာတော်တော်လေး ကသိကအောက်နိုင်တယ်လို့ပြောလို့ရတယ်။ ကိုယ်ကတော့ ITနယ်ပယ်ကလူမို့လို့ တချို့စကားလုံးတွေ တန်းကနဲသိပေမယ့် ITနယ်ထဲကမဟုတ်ရင်တော့စာကြောင်း တစ်ကြောင်းချင်းဆီကို အဓိပ္ပါယ်နားလည်အောင် နှစ်ခေါက်လောက်ပြန်ဖတ်ရမယ့် အနေအထားမှာရှိတယ်။ ဒီကြားထဲ ဆပလိန်းချိန်းတို့လို အောက်ဆို့ဆင်းတို့ အော့စ်ရှောရင်းတို့လို စီးပွားရေးအသုံးအနှူန်းတွေဟာလည်း နားထဲကို ထောင်းခနဲ ထောင်းခနဲမြည်အောင်ကို တစ်လုံးချင်းရိုက်သွင်းနေတယ်။
ဒါပေမဲ့ သုတလိုချင်တဲ့လူတွေအတွက် လုံးဝ100%ဖတ်သင့်တဲ့စာအုပ်လို့ ထင်ပါတယ်။
ဒီစာအုပ်ကိုဖတ်နေတဲ့အချိန် စာမျက်နှာငါးဆယ်ကျော်ကျော်လောက်မှာပဲ ဆက်ဖတ်သင့်သလား မဖတ်သင့်လားဆိုတဲ့အတွေးဝင်လာတယ်။ ဒါပေမဲ့ ကိုယ်ကITနယ်ပယ်ကလူဖြစ်နေတော့ ဆက်ဖတ်လိုက်ရင် ဘာတွေများထူးခြားတာလေးများတွေ့မလဲဆိုပြီး စိတ်မပါတပါ ဆက်ဖတ်ခဲ့တယ်။ စာမျက်နှာတစ်ရာကျော်မှာပဲ စိတ်ဝင်စားစရာစတွေ့လာတယ်။ အဲ့တာက ကမ္ဘာကြီးကိုပြားသွားအောင်ရိုက်တဲ့ရိုက်ချက် ဆယ့်သုံးချက်ဆိုပြီး တစ်ချက်ချင်းဆီဖော်ပြတဲ့အခန်းပါ။ ပထမအချက်မှာတင် ဘာလင်တံတိုင်းကြီးပြိုကျတဲ့အခန်းရေးထားတယ်။ ဘာလင်တံတိုင်းကြီးကိုဖြိုချလိုက်တာဟာ ဂလိုဘယ်ဘိုက်ဇေးရှင်း(သို့) အပြားကမ္ဘာကြီးဖြစ်အောင်ဖန်တီးပေးလိုက်တယ်လို့ သုံးသပ်ထားတဲ့ သုံးသပ်ချက်ဖြစ်တယ်။
တကယ်လည်း ဘာလင်တံတိုင်းကြီးပြိုကျတဲ့အချိန် ပြိုကွဲသွားတဲ့ ဆိုဗီယက်နမ်ယူနီယမ်ရဲ့ အရှေ့ဥရောပနိုင်ငံတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်း လှိူင်းလုံးကြီးထဲကိုသူ့ထက်ငါအပြိုင်အဆိုင်တိုးဝင်နေကြတဲ့အချိန်လည်းဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ လူ့ယဉ်ကျေးမှူသက်တမ်းအရင့်ဆုံးနိူင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယဟာလည်း ဂလိုဘယ်လိုက်ဇေးရှင်း လှိူင်းလုံးကြီးထဲကို ဘယ်လိုရောက်သွားလဲဆိုတာပြောပြထားတယ်။ စနစ်ဆိုးအောက်ကနေရုန်းထွက်ချင်တဲ့ တရုတ် အိန္ဒိယနိုင်ငံကလူငယ်တွေဟာ သင်ယူလိုစိတ် လေ့လာလိုစိတ် ပြင်းထန်လွန်းတဲ့အတွက် အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုတောင် အာရှတိုက်ကိုရွှေ့ပြောင်းလာရတဲ့အထိ ဖြစ်ခဲ့ရတယ်............
အခန်း(၁)မှာတော့ ကမ္ဘာကြီးဘာကြောင့်ပြားလဲဆိုတာကို အချက်ဆယ့်သုံးချက်နဲ့တင်ပြပြီး ကမ္ဘာကြီးဟာ လူတိုင်းလူတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်လို့ရတဲ့ အပြားကမ္ဘာဘောလုံးကွင်းကြီးဖြစ်နေပြီဆိုတာရယ် တစ်ချိန်တည်းမှာပဲ အရန်ခုံမှာခိုင်နေရတဲ့ စီးပွားရေးမတိုးတတ်တဲ့ နိုင်ငံအချို့ကြောင်းကိုလည်းတွေ့ရမှာဖြစ်တယ်။
အခန်း2မှာတော့ မေရိကန်လွန်ကမ္ဘာနဲ့ တရုတ်တို့ရဲ့ စူပါ ပါဝါကို နှိူင်းယှဉ်ပြထားတဲ့အခန်းဖြစ်တယ်။ ဒီအခန်းမှာတော့ တရုတ်တွေဟာ သုသေတနစာတမ်းတွေ သချာင်္ဘာသာနဲ့ သိပ္ပံပညာရပ်တွေမှာ စွမ်းစွမ်းတမံလေ့လာချက်တွေကြောင့် အင်ဂျင်နီယာဘွဲ့ရ စီးပွားရေးဘွဲ့ရတွေဟာ အမေရိကကိုပင် ကျော်လွန်သွားပြီး ပညာတတ်တွေအများဆုံးမွေးထုတ်ပေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာတယ်။ ကမ္ဘာမှာ "တရုတ်ပြည်တွင်ထုတ်လုပ်သည် အိန္ဒိယတွင်ဝန်ဆောင်မှူပေးသည်” ဆိုသည်အထိ ကမ္ဘာကြီးကို အာရှနိုင်ငံတွေ စိုးမိုးလာနိုင်ခဲ့တယ်။အရင်တုန်းက ရေကြည်ရာမြက်နုရာရွှေ့ပြောင်းလာတဲ့လူတွေကို အမေရိကကမွေးစားပြီး လူ့စွမ်းအားအရင်းအမြစ်တွေကိုတိုးတက်အောင်လုပ်ခဲ့ပေမယ့် အခုလိုဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ကိုယ့်အိမ်ကိုပြန်ပြီး အလုပ်လုပ်လို့ရနေပြီဖြစ်တဲ့အတွက်ကြောင့် အမေရိကရဲ့ လူ့စွမ်းအားအရင်အမြစ်ကလည်း အထိနာလှတယ်။
တချိန်တည်းမှာပဲ အပြားကမ္ဘာကြီးရဲ့ ဂလိုလိုက်ဇေးရှင်းဘောလုံးကွင်းထဲကိုလူတိုင်းပါဝင်ကစားနိုင်တာကြောင့် ဆင်းရဲနွမ်းပါးတဲ့ လူပေါင်းသန်း ၅၀၀ကျော်လောက်ဟာ လူလတ်တန်းစားဘဝကိုခုန်ကူးလာကြပြီး ခေတ်မှီဇိမ်ခံပစ္စည်းများကိုလည်း သုံးစွဲလာနိုင်တာကာကြောင့် လူသန်းငါးရာလောက်ကိုဖြည့်ဆည်းပေးမယ့် စွမ်းအင်လိုအပ်ချက်ကြီးကလည်း ကမ္ဘာကြီးအတွက်ခြိမ်းခြောက်မှူ ဖြစ်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ကျေးဇူးကြာင့် ကမ္ဘာကြီးဟာ ပထဝီမရှိ ဘာသာစကားမရှိ နိုင်ငံမရှိဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကူးသန်းရောင်းဝယ်ရေးကြောင့် ပထဝီနိုင်ငံရေးက မီးမွှေးပေးမယ့် ကမ္ဘာ့စစ်ကြီးရန်ကနေ ကာကွယ်ပေးသလို တစ်ဖက်မှာလည်း စွမ်းအင်လိုအပ်ချက် ခြိမ်းခြောက်မှူကြီးကြောင့် ကမ္ဘာ့စစ်ကြီးဟာ တစ်ကျော့ပြန်လာမလားဆိုတဲ့ စိုးရွံ့မှူတွေဟာလည်း ဒုနဲ့ဒေးရှိနေပါတယ်။
အခန်း(3)ကတော့ ကမ္ဘာကြီးတစ်ကယ်ပြား မပြားနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုးကျိုးတွေကိုဖော်ပြထားတာဖြစ်တယ်။ ဘာလင်တံတိုင်းကြီးဖြိုချက်လိုက်တာနဲ့ ကွန်မြူနစ်ဝါဒကြီး ပြိုကျသွားသလို တစ်ဖက်မှာလည်း အာရပ်ဒေသရဲ့ နိုင်ငံရေးအကြမ်းဖက်မှူနဲ့ ဘာသာရေးအကြမ်းဖက်မှူတွေဟာတစ်ပြိုင်တည်းထွက်ပေါ်လာတယ်။ 9/11လိုအကြမ်းဖက်မှူကြောင့် အမေရိကန်ဟာလူထုနဲ့ အနောက်လူထုကြားထဲ အကြောက်တရားတွေ တစိမ့်စိမ့်စီးဝင်လာတာကြောင့် အာရပ်ကမ္ဘာဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြီးအတွက်ခြိမ်းခြောက်မှူတစ်ခုဖြစ်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ရေး ဂလိုဘယ်ဆပလိုင်းချိန်းကြီးပေါ်ထွက်လာခဲ့သလို အာရပ်ကမ္ဘာကလည်း ခေတ်မှီနည်းပညာတွေယူသုံးပြီး ကမ္ဘာလုံးဆိုင်ရာ အသေခံဗုံးခွဲသမားတွေထုတ်လုပ်နိုင်တဲ့ ဆပလိုင်းချိန်းကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒီကမ္ဘာကြီးပြားပြီဆိုတဲ့စာအုပ်ကို သုံးသပ်ဝေဖန်ထားတဲ့ စာတွေကိုလည်း အခန်းတစ်ခန်းအနေနဲ့ဖော်ပြထားတယ်။ ဝေဖန်ချက်ထဲမှာတော့ ကမ္ဘာကြီးတစ်ကယ်ပြား မပြားဆိုတာရယ် ပထမဂလိုဘယ်လိုက်ဇေးရှင်းလှိူင်းလုံးကိုတော့(1440-1945) အနောက်ဥရောပက ဦးဆောင်မောင်းနှင်ခဲ့တာဖြစ်ပြီး၊ ဒုတိယဂလိုဘယ်လိုက်ဇေးရှင်း(1945-1990)ကိုတော့ အမေရိကန်ကမောင်းနှင်ခဲ့တာဖြစ်တယ်။ ယခုတွေ့ကြုံနေရတဲ့ တတိယဂလိုဘယ်လိုက်ဇေးရှင်းလှိူင်းလုံး(1991-ယခု)ကိုတော့ အာရှအင်အားကြီးနိုင်ငံတွေက ဦးဆောင်မောင်းနှင်နေတဲ့အကြောင်း ဆွေးနွေးချက်တွေမှာပါဝင်ပါတယ်။ ဒီဆွေးနွေးချက်ထဲမှာတော့ ကမ္ဘာကြီးဟာ နယူးယောက် လန်ဒန် ဟောင်ကောင် ပေကျင်း တိုကျို နဲ့ မွန်ဘိုင်းနဲ့နိုင်ငံအချို့မှာသာ 20%လောက်ပြားနေပြီး ကျန်တဲ့ကမ္ဘာကြီးရဲ့ 80%လောက်က လုံးနေတုန်းဖြစ်တယ်လို့(မြန်မာလည်း အပါအဝင်ပေါ့) ပညာရှင်တွေက သုံးသပ်ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပွတ်တိုက်မှူတွေဖြစ်လာမယ့် ယဉ်ကျေးမှူ ဓလေ့တွေအကြောင်းကိုလည်း ဆွေးနွေးထားတဲ့အပြင် စွမ်းအင်လိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာမယ့် အန္တရာယ်ကလည်း မလွှဲမသွေပေါ်ပေါက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာ့စစ်ကြီးအတွက်လည်း စိုးရိမ်မှူတွေကလည်းရှိနေဆဲဖြစ်တဲ့အကြောင်းတွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် စာမျက်နှာ200ကျော်လောက်ကနေ တောက်လျှောက်ဆွဲခေါ်လာနိုင်တဲ့ ဒီစာအုပ်ကြီးဟာ ပြီးမှန်းမသိ ပြီးသွားရင်း မေးခွန်းတွေအများကြီး စဉ်းစားစရာတွေအများကြီးချန်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကလည်း ဂလိုဘယ်ဘောလုံးကွင်းထဲမှာ ကစားနိုင်လောက်တဲ့ အရည်အချင်းတွေ လူ့စွမ်းအားအရင်းအမြစ်တွေအသင့်ရှိနေပြီလားဆိုတာကို စာအုပ်ဖတ်ပြီး သုံးလေးရက်လောက်ကြာတဲ့အထိ စာအုပ်အကြောင်းပြန်စဉ်းစားတိုင်း ဦးနှောက်ထဲမှာ နေရာယူတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
Comments