အနောက်တံခါးပြသာနာ
- Thoth
- Nov 10, 2021
- 1 min read
Updated: Nov 28, 2021

ဘာတဲလ် လစ်တနာက ဆီဒွင်လူမျိုး၊ ဂျာနစ်လစ်တစ်ဦးဖြစ်ပြီး မြန်မာ့အရေးကျွမ်းကျင်သူဖြစ်ကာ အာရှတိုက်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို နှစ်ပေါင်း ၄၀နီးပါး တောက်လျှောက်ရေးသားခဲ့သူဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်နိုင်ငံရေးဟာ သူရဲ့ငယ်မွေးခြံပေါက် အကြောင်းအရာတခုလို့ပြောမယ်ဆိုရင်တောင် မှားနိုင်မယ်မထင်ဘူး။ အခုဆိုလည်း ဧရာ၀တီသတင်းဌာနရဲ့ ဆောင်းပါးပိုင်းအစီအစဉ်မှာ မြန်မာပြည်နွေဦးတော်လှန်ရေးနဲ့ပတ်သတ်ပြီး ဆောင်းပါးတွေအတော်များများကို ရေးသားနေတုန်းပါ။ ဒါကြောင့် ဘာတဲလ် လစ်တနာဟာ မြန်မာစာဖတ်ပရိတ်သတ်တွေနဲ့ စိမ်းတဲ့လူတစ်ယောက်တော့မဟုတ်ဘူး။
ဒီ "အနောက်တံခါးပြသာနာ"ဆိုတဲ့စာအုပ်ထဲမှာတော့ မြန်မာပြည်အနောက်ပိုင်းမှာရှိနေတဲ့ ပဋိပက္ခအခြေခံအကြောင်းတရားများကို ဂျာနယ်လစ်တစ်ဦးပီပီ အချက်အလက်နဲ့ကိုယ်ကျင့်တရားပေါ်မှာ အခြေခံပြီး ရေးသားထားတဲ့ဆောင်းပါးတွေ အများအပြားပါ၀င်ပါတယ်။ ဒါ့အပြင် ဒီပဋိပက္ခတွေကိုလေ့လာတဲ့အခါမှာလည်း သာမန်ကာလျှံကာမျိုးမဟုတ်ပဲ သမိုင်းအရ၊ လူမှုရေးအရ၊ လုံခြုံရေးအရ စတဲ့ဘက်ပေါင်းစုံကနေ ရေးသားထားတာဖြစ်တဲ့အပြင် တချို့သောအချက်အလက်တွေက အတော်လေးစိတ်၀င်စားစရာကောင်းလှပါတယ်။ ဒီပြသာနာဟာ ဘယ်သူမှားတယ်၊ဘယ်သူမှန်တယ်ဆိုတာထက် ဒီပြသာနာတွေဟာ ဘယ်ကနေအခြေတည်ခဲ့တယ်၊ ဘယ်လိုမျိုးပေါက်ကွဲခဲ့ရာကနေ အခုလက်ရှိ ဘယ်လိုကြုံတွေနေရတယ်ဆိုတာမျိုးတွေကို အားမနာတမ်း နှိုက်နှိုက်ချွတ်ချွတ်ဝေဖန်စစ်ကြောထားတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်ရဲ့အနောက်ဘက် ပဋိပက္ခအခြေအနေတွေကို ဟုတ်တိုင်းမှန်ရာ မြင်နိုင်ဖို့ရာအတွက် ဘာတဲလ် လစ်တနာစာအုပ်က အတော်ပင်အသုံးတည့်ပါလိမ့်မယ်။
ဒါ့အပြင် တခြားသော အကြောင်းအရာတွေဖြစ်တဲ့ တရုတ်-မြန်မာဆက်ဆံရေး တည်ထောင်ပုံ၊ အဆက်အသွယ်ပြတ်ခဲ့ပုံ၊ ကောင်းမွန်ခဲ့ပုံတွေကို သုံးသပ်ထားတဲ့အကြောင်းအရာတွေအပြင် ပြင်ပဂျာနယ်လစ်တွေ သိပ်ရေးလေ့ရေးထမရှိတဲ့ မြန်မာ-အိန္ဒိယနယ်စပ်တစ်လျှောက်မှာရှိနေတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း၊ မြန်မာပြည်တိုင်းရင်းသားအရေး၊ မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးနည်းပညာများလျှို့ဝှက်စွာ သယ်ယူခဲ့ပုံတွေကို စိတ်၀င်စားဖွယ် ဖတ်ရှုရမှာပါ။ နောက်ပြီး မြန်မာစစ်တပ်ကို နျူးကလီယားနည်းပညာတွေ လျှို့ဝှက်စွာသင်ကြားပေးနေတဲ့ မြောက်ကိုရီးယားအကြောင်းနှင့် မြန်မာပြည်မှာရှိနေနိုင်တဲ့ အဏုမြူသုသေတနဌာနတွေရှိနေရာ ကပစ စက်ရုံတွေအကြောင်းလည်းပါ၀င်ပါိတယ်။
ဒါကြောင့် ဘာတဲလ် လစ်တနာရေးသားတဲ့ "အနောက်တံခါးပြသာနာ"ဆိုတဲ့စာအုပ်က မြန်မာပြည်အနောက်ပိုင်း ပဋိပက္ခတွေကိုနားလည်လိုသူတွေအပြင်၊ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေး၊နိုင်ငံခြားရေး၊လုံခြုံရေးဆိုင်ရာကိစ္စများကို သူံးသပ်ထားတဲ့ ပြင်ပ ဂျာနယ်လစ်တစ်ဦးရဲ့ အတွေးအမြင်တွေကို စိတ်၀င်စားဖွယ်ရာတွေ့ရှိရမည့် စာအုပ်တစ်အုပ်ဖြစ်နေပါလိမ့်မည်။
Comments