ချုံကင်း
- Thoth
- Jul 5, 2021
- 1 min read

ချုံကင်းဆိုတာ မြို့တစ်မြို့နာမည်ပါပဲ။ တရုတ်ပြည်ကြီးကို ဂျပန်တွေ၀င်တိုက်တဲ့အချိန်၊ ချန်ရှေကိတ်အစိုးရရဲ့ ဆုတ်ခွာရာလမ်းတစ်လျှောက်မှာ ရုံးစိုက်ခဲ့တဲ့ မြို့တစ်မြို့အကြောင်း။ စစ်ကြီးအတွင်းက ချုံကင်းမြို့အကြောင်း။ ဂျပန်တွေရဲ့ထိုးစစ်ကို ရှင်ကျန်း၊ကွမ်ကျိုး၊ ဝူဟန် စတဲ့ မြို့တွေကနေ တစ်မြို့ချင်းခုခံရင်း ချုံကင်းမြို့ကိုတစ်ဖြည်းဖြည်းချင်းဆုတ်ခွာလာတဲ့ ဇာတ်လမ်း။ ထိုအချိန်တုန်းက ချုံကင်းဟာ ဂျပန်တွေကိုပြန်လည်ထိုးစစ်ဆင်ဖို့အတွက် တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက်နယ်မြေတစ်ခု။ ချုံကင်းဟာ ခရီးသွား ဒိုင်ယာရီတစ်ခုလို၊ ၀တ္ထုဇာတ်လမ်းတစ်ပုဒ်လို၊ စစ်ရဲ့မှတ်တမ်းတစ်ခုလို တရုတ်ပြည်ကြီးရဲ့စစ်ဘေးဒုက္ခကို စိတ်လှုပ်ရှားဖွယ်ရာ ဖော်ကျူးထားတဲ့စာအုပ်တစ်အုပ်။စစ်ရဲ့အနိဌာရုံတွေကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေဟာ အစိတ်စိတ်အမွှာမွှာပြိုကျပျက်စီးခဲ့ တရုတ်ပြည်ရဲ့မြို့ပြတွေထဲမှာ ချုံကင်းဟာလည်းတစ်ခုအပါအ၀င်။ လေယာဉ်ဗုံးသီးတွေ၊ အမြှောက်ဆံတွေ၊ လက်နက်ကြီးမော်တာသီးတွေ၊ မက်ရှင်းဂန်းတွေကြားမှာ ပြေးရလွှားရနဲ့ ကိုယ့်အသက်ကိုယ်တောင်မေ့ချင်ယောင်ဆောင်ထားခဲ့ကြရတဲ့ ချုံကင်းမြို့ကပြည်သူတွေ။ ဗုံးခိုကျင်းတွေထက် တောနက်ကြီးထဲက ဂူတွေကိုသာ အားကိုးတကြီး အသုံးပြုခဲ့ရတဲ့ ချုံကင်းမြို့သူမြို့သားတွေ။ ဒီစာအုပ်ဟာ စစ်အတွင်းက ချုံကင်းမြို့ကြီးကို ရေးဖွဲ့ထားတာဖြစ်လို့ "စစ်အတွင်း ခရီးသည်"လို့တောင် ခေါ်ယူထိုက်ပါတယ်။ စစ်ရဲ့ ဒုက္ခပင်လယ်ဝေပုံကို ချုံကင်းမြို့မှာ ခံစားကြည့်ပါ။ ချုံကင်းပြည်သူတွေနဲ့အတူ ဒုက္ခတွေကို စီးမျောကြည့်ပါ။
Comments