ခရီးသွားကာလများ၀ယ်
- Revolution 4.0
- Nov 21, 2020
- 1 min read
မှန်းချက်နှင့်နှမ်းထွက်မကိုက် ၂

တစ်လမ်းလုံးလည်း စစ်ဆေးရေးဂိတ်တွေကများလှပါဘိခြင်း။ "ပစ်မိန့်ရှိသည် မ၀င်ရ"ဆိုသော ဆိုင်းဘုတ်များကလည်း ကားလမ်းဝဲယာတစ်လျှောက်တွင်အနှံ့အပြားတွေ့နေရ၏။ဒီလိုနဲ့ တစ်ဂိတ်ရောက်လိုက် မှတ်ပုံတင်တစ်ခါပြလိုက်နှင့် တစ်လမ်းလုံးဂိတ်ပေါင်း ငါးခုလောက်ဖြတ်လိုက်ရသည်။ လောပိတရောက်တော့ တွေးထားတာနဲ့မြင်ရတာသည် တက်တက်စင်အောင်လွဲနေလျက်ရှိသည်။ လောပိတမရောက်ခင် မိမိထင်ထားသည်က မြန်မာနိုင်ငံအနှံ့အပြားသို့လျှပ်စစ်ဓာတ်အား မဂ္ဂါဝဂ်ရာနဲ့ချီပို့နိုင်သောရေအားလျှပ်စစ်စီမံကိန်းသည် အလွန်ကြီးမားသောရေတံခွန်ကြီးဖြစ်ရမည်ဟုတွေးထင်ထားခဲ့သည်။ ယခု မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတော့ ရေတံခွန်ကထင်သလောက်မကြီး ခပ်သေးသေးပင်။ သို့သော် ရေစီးသံကတော့ တဝေါဝေါနှင့်အရှိန်ပြင်းလွန်းလှသည်။ ဒီလိုနဲ့ပဲမှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့ရသောကြောင့် မကျေမနပ်ဖြစ်မိသည်။ လောပိတဘက်လာဖို့မနက်စောစောအိပ်ရာထခဲ့ကြရသည်။ သို့သော် ထရကျိုးမနပ်။ ရေတံခွန်သည် ကျွန်တော်တို့၏စိတ်များကို ဆွဲငင်ညှို့ယူနိုင်ခြင်းမရှိ။ ထိုကြောင့်လောပိတထဲ ဟိုကြည့်ဒီကြည့်လုပ်ပြီး စိတ်ပျက်လက်ပျက်နဲ့ပြန်ထွက်လာခဲ့ကြသည်။

ကားဆရာကတော့ လောပိတနဲ့မလှမ်းမကမ်းတွင် ဓာတ်ပုံရိုက်လို့ကောင်းသော ကြိုးတံတားတစ်ဆင်းရှိသေးသည်ဟုပြောသောကြောင့် ထိုကြိုးတံတားဆီသို့ခရီးဆက်ခဲ့ပြန်သည်။ ကြိုးတံတားရောက်တော့လည်း မြင်ရသောမြင်ကွင်းသည် ဓာတ်ပုံဆရာများအတွက်တော့မသိ။ ကိုယ့်အတွက်တော့ သိပ် "ဟပ်" လှသည်မဟုတ်။ ပိုပြီးယုတ္တိမတန်သည်က ကြိုးတံတားတစ်ဖက်ကိုကူးလိုက်လျှင် ဘယ်ကိုမျှဆက်သွားလို့မရခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တံတားတစ်ဖက်တွင် ကားလမ်းမဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ ချုံပုတ်သာရှိသည်။ သို့သော်ဖြစ်နိုင်ချေရှိသည်က အရင်တုန်းကတော့ဒီတံတားကိုအသုံးပြုခဲ့ကြပြီး အခုခေတ်အသုံးမပြုကြတော့တာလည်းဖြစ်နိုင်သည်။ ထို့နောက်တံတားထိပ်တွင်စာရေးထားသည်က " ၅ဦးသာ ဖြတ်သန်းခွင့်ရှိသည်"ဆိုသည့်စာသား။ ထို့ကြောင့် ငါးယောက်တစ်လှည့်စီ တံတားပေါ်တတ်ကြရသည်။ တံတားပေါ်ရောက်တော့ လှဲပြီးဓာတ်ပုံရိုက်တဲ့သူကရိုက်၊ ထိုင်ပြီးဓာတ်ပုံရိုက်တဲ့သူကရိုက်၊ တစ်ချို့ကျတော့လည်း ၀မ်းယားမှောက်ပြီးပါရိုက်ကြသေးသည်။ တံတားပေါ်တတ်ဖို့ကိုယ့်အလှည့်ရောက်တော့ ဓာတ်ပုံရိုက်ဖို့စိတ်မ၀င်စား။ တံတားအောက်ကချောင်းရေကိုသာစိတ်၀င်တစားကြည့်နေမိသည်။ ယခုမြင်နေရသောချောင်းရသော လွိုင်ကော်မြို့တစ်ခြားနေရာများတွင်မြင်ခဲ့ရသလို မဲညစ်ညစ်အရောင်မျိုးမဟုတ်ပဲ ကျောက်စိမ်းရောင်သန်းနေသည်။ ရေစီးသည်လည်းတည့်တည့်မစီး။ ချောင်းအလယ်၌ရှိသောကျောက်စရစ်၊ ကျောက်ဖမိုးများအပေါ်ကွေ့ဝိုက်၍စီးဆင်းနေသောကြောင့် လှိုင်းတွန့်ကလေးများဖြစ်နေသည်။ ချောင်းရေရဲ့လှုပ်ရှားပုံ၊ အသွေးအရောင်တောက်ပပုံတို့ကိုကြည့်ရင်း လန်ဆန်းလာသည်။ ဒီကြားထဲ လေအေးကဝှေ့၍တိုက်နေသေးသည်။ လောပိတဘက်ကမကျေနပ်ချက်တွေသည် ချောင်းရေနှင့်အတူမျောပါသွားလေပြီ။ အားလုံးလည်းစိတ်ကျေနပ်သည်အထိ ဓာတ်ပုံရိုက်ပြီးကြသည်နှင့် သိပ်မနောက်ကျစေရန် ကြတ်ဂူဘက်သို့ပြန်ထွက်လာခဲ့ကြသည်။ လာလမ်းအတိုင်းပြန်လှည့်လာခဲ့ကြသည်။ သို့သော် စစ်ဆေးရေးဂိတ်တွေကတော့ ဖြတ်မြဲ ဖြတ်စဲ။ ကြတ်ဂူဆိုတော့ ရန်ကုန်ကကြားခဲ့ရတာတွေကို စိုးရိမ်မိသေးသည်။ တစ်ချို့ကတော့ မကောင်းဆိုးဝါးတွေရှိသည်ဟုပြောသည်။ တစ်ချို့ကျတော့လည်း ဂူထဲမြွေတွေ့တတ်သည်ဟုပြောသည်။ နောက်ပြီး ပါးစပ်မဆော့ဖို့ကိုလည်းသတိပေးကြသေးသည်။ ကိုယ့်အတွက်အကြောက်ဆုံးကတော့ မြွေဖြစ်သည်။ အကောင်ထဲတွင် အကြောက်ဆုံးကမြွေ။ ကြောက်ရုံတင်မဟုတ် ရွံ့ပါရွံ့သေး။ မြွေမရှိပါစေနဲ့၊မတွေ့ပါနဲ့ဟုသာ တစ်လမ်းလုံးဆုတောင်းလာခဲ့သည်။ ဒါနဲ့ ကားဆရာကိုမေးကြည့်တော့ သူလည်းကြတ်ဂူမရောက်ဖူးဟုပြောသည်။ ဒေသခံကယားလူမျိုးတစ်ယောက်က သူ့မြို့ရဲ့အထင်ကရနေရာတစ်ခုကိုမရောက်ဖူးတာကတော့ နည်းနည်းထူဆန်းနေသည်။ ရန်ကုန်မှာနေပြီး ရွှေတိဂုံမရောက်ဖူးတဲ့အဖြစ်မျိုး။ ဘာလို့မရောက်ဖူးလဲဆက်မေးကြည့်တော့ သရဲကြောက်လို့မသွားတာဟုပြောသည်။ နောက်ပြီး ကျွန်တော်တို့ကို ပါးစပ်မဆော့မိကြစေဖို့ကိုလည်းသတိပေးသေးသည်။ ဒေသခံတစ်ယောက်က သတိပေးနေသည့်အတွက် ကျွန်တော်တို့လည်း ပေါ့ပေါ့တန်တန်မတွေးရဲ။ ပါးစပ်မဆော့မိစေဖို့အထူးသတိထားကြသည်။ နောက်ပြီး ဂူထဲကပစ္စည်း တွေဖြစ်တဲ့ သစ်သားတို့၊ ကျောက်ခဲတို့ကိုလည်း လက်ဆော့ပြီး မယူလာမိစေရန်လည်း သတိပေးရသေးသည်။ အထူးသတိပေးရသည်က ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဆူဒရီး။ ဒီကောင်က ပါးစပ်ဆော့ လက်ဆော့အရမ်းလုပ်တတ်သည်။ ဒါကြောင့် ဒီကောင့်ကိုအထူးသတိကြီးကြီးပေးထားရသည်။ ဖြစ်နိုင်ရင် စကားမပြောတာအကောင်းဆုံးပဲဆိုပြီး ပါးစပ်မဟဖို့ပင်သတိပေးထားသည်။ ဒီလိုနဲ့ပဲ သတိကြီးကြီးဖြင့် ကြတ်ဂူသို့ဆက်လာခဲ့သည်။ ကြတ်ဂူသည် လွိုင်ကော်မြို့အတွင်းမှာပင်တည်ရှိသည်။ သို့သော်မြို့အစွန်။ ကြတ်ဂူသို့သွားရာလမ်းတစ်လျှောက်တွင် လွိုင်ကော်မြို့၏စိုက်ပျိုးမြေယာမျိုးကို မျက်စိတစ်ဆုံးတွေ့ရသည်။ သို့သော် နွေဦး၏သက်ေတများဖြစ်သောဖုန်မှုန့်များကတော့ လေရဲ့အလျင်ကြောင့် စိုက်ခင်းများအပေါ် ဝဲ၍လွင့်စင်သွားသလို၊ မိမိတွေးတောနေသည့်စိတ်ကူးယဉ်တစ်ပိုင်းတစ်သည်လည်း ဝဲယာတစ်လျှောက်မှမြင်ကွင်းများထဲသို့ တိုး၍ပျောက်ကွယ်သွား၏။
Comments