top of page

ပိုင်ရှင်မဲ့ မြို့

  • Writer: Revolution 4.0
    Revolution 4.0
  • Jun 14, 2021
  • 1 min read


မတ်လ 14ရက်နေ့ဟာ ဆင်ခြေဖုံးမြို့တစ်ခုကအစပြုလို့ တော်လှန်ရေးကို ခါးဆစ်ရိုးကနေ အပိုင်းပိုင်းဖြစ်အောင် ရိုက်ချိူးတဲ့နေ့


အဲ့ဒီမြို့ဟာ တစ်ယောက်ကျမှာစိုးလို့ နှစ်ယောက်တတ်ရင်း၊ တစ်ပွင့်ကြွေလို့ နှစ်ပွင့်ဝေရင်း အသက်ချင်းထပ်ခဲ့တဲ့မြို့


ပဝါမကူ ရေမရှုဘူးဟေ့လို့ပြောရင်း အလောင်းတွေတောင်ပုံရာပုံဖြစ်ခဲ့တဲ့မြို့


ငါတို့မြို့ရဲ့ခုခံစစ်ဟာ ခေတ်မှီတော်လှန်ရေးတွေလို မော်လီမပါ ဂက်စ်ဂန်းမပါ၊ နောက်ဖေးမီးဖိုချောင်ထဲက တုတ်ဓားတွေကသာ ဆင်ခြေဖုံးမြို့တစ်ခုရဲ့ အန္တိမတော်လှန်ရေးလက်နက်


လှုမှုကွန်ယက်ပေါ်က စည်းလွတ်ဝါးလွတ်ပိုစ့်တွေကြောင့် ငါတို့မြို့ဟာ ကိုမာ၀င်ခဲ့ရ


တစ်ချို့‌လူတွေ စိတ်ကျေနပ်စေဖို့အတွက် စစ်ကားတွေမီးလောင်ပြရ၊ စစ်သားတွေသေခဲ့ပြရ


ဒါပေမဲ့ တစ်ကယ်မီးလောင်ခဲ့တာက မြို့သူမြို့သားတွေရဲ့ဘ၀၊ တစ်ကယ်အသက်မဲ့သွားခဲ့တာက ရဲဘော်တွေရဲ့ဘ၀


သစ်ပင်နောက်ကွယ်လေးက ခြုံကျိုခြုံကြားထဲမှာ စစ်ခွေးတွေကိုစောင့်ရင်း၊ လက်ထဲကဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားချိန် ‌စနိုက်ပါမှန်ပြီး ဦးနှောက်ပွင့်ထွက်သွားတဲ့မြို့

မက်စ်ရှင်းဂန်းမှန်ပြီး ရင်အုံပဲ့ထွက်သွားတဲ့ မြို့


အဲ့ဒီနေ့ဟာ မြို့ရဲ့အသက်ကို ထိန်ပင်မှာ ချုပ်ထားတဲ့နေ့

အဲ့ဒီနေ့ဟာ မိစ္ဆာတွေ ပျော်မြူးတဲ့‌နေ့၊ စုန်းပြူးတွေ ခေတ်ထတဲ့နေ့


ငါတို့မြို့ဟာ ငါတို့မရှို့ခဲ့တဲ့ စက်ရုံကထွက်တဲ့ မီးခိုးလုံးတွေလို တစ်မြို့လုံးရဲ့ကောင်းကင်ထက်မှာ ဒုက္ခတွေပွင့်ဖူးကြလို့


ရင်ခွဲရုံက ပိုင်ရှင်မဲ့အလောင်းတွေရဲ့သတင်းကလည်း တစ်မြို့လုံးကို မိုးထိုးနေသလို


ဘယ်သူ့သားသမီးမှန်းမသိ၊ ဘယ်သူ့ဆွေမျိုးမှန်းမသိတဲ့ ပိုင်ရှင်မဲ့အလောင်းတွေကြောင့် အသုဘမရှိခဲ့၊ ရက်လည်ဆွမ်းသွတ်မရှိခဲ့၊ သရဏဂုံမရှိခဲ့။


နာရေးကြော်ငြာဟာ ရဲဘော်တို့အတွက် သူရဲကောင်းတံဆိပ်မဖြစ်ခဲ့၊ ရက်လည်ဆွမ်းသွတ်ဟာ ရဲဘော်တို့အတွက် ဂုဏ်ပြုအခမ်းအနားမဖြစ်ခဲ့။


တော်လှန်ရေးဆိုတာ မိစ္ဆာကောင်တွေခြေရင်းမှာ လူ့အသက်တွေကို ယစ်ပူ‌ဇော်ရုံ သက်သက်ပဲလား မျက်ရည်စတွေနဲ့တောင် ဂုဏ်ပြုဖို့မထိုက်တန်ခဲ့ကြလေသလား၊ အမေ့လျော့ခံခဲ့ကြလေသလား ရဲဘော်တို့ရယ်


ဒီမြို့ဟာ ရဲဘော်တို့နဲ့မထိုက်တန်ခဲ့

ဒီနိုင်ငံဟာ ရဲဘော်တို့နဲ့မထိုက်တန်ခဲ့

ဒီခေတ်ကြီးဟာ ရဲဘော်တို့နဲ့မထိုက်တန်ခဲ့


ရဲဘော်တို့ ကျောခိုင်းခဲ့တဲ့ ဒီမြို့ဟာ

အခုတော့ သူမဟုတ်ခဲ့သလို အသက်မရှုတတ်တော့၊

အခုတော့ သူမဟုတ်ခဲ့သလို ဒုက္ခကို လက်ပစ်မကူးတတ်တော့


ဒီမြို့ဟာ ရဲဘော်တို့စွန့်ပစ်သွားပြီးတည်းက

ပိုင်ရှင်မဲ့တဲ့မြို့၊

မူမမှန်တဲ့မြို့၊

အထီးကျန်ဆန်တဲ့မြို့.........


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page