ခရီးသွားကာလများ၀ယ်
- Revolution 4.0
- Nov 21, 2020
- 1 min read
မှန်းချက်နှင့်နှမ်းထွက်မကိုက် 1

ဒီနေ့မနက်တော့ လောပိနှင့်ကြက်ဂူဘက်ဆက်ဖို့ရှိသည်။ လောပိတသည် လွိုင်ကော်နှင့်လှမ်းသော်လည်း ကြက်ဂူကတော့လွိုင်ကော်မြို့နယ်နမိတ်အတွင်းမှာပင်ဖြစ်သည်။ ထို့ကြောင့် လောပိတနှင့်ကြက်ဂူသည် တောင်နှင့်မြောက်ဆိုသလိုဖြစ်နေ၏။ ဤနေရာနှစ်ခုတွင်သိပ်အချိန်ဆွဲလို့မဖြစ်သေး။ ပြင်ဦးလွင်ဆက်တတ်ဖို့အတွက် ညနေ5နာရီအမှီကားဂိတ်ရောက်ဖို့ကလည်းရှိသေးသည်။ ထို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်ဖို့ မနက်စောစော 6နာရီခွဲလောက်ထမှသာဖြစ်မည်။ သို့သော်လည်း မနက်6နာရီခွဲဆိုသည်မှာ ချစ်စရာကောင်းလှသောကျွန်တော်တို့သူငယ်ချင်းများအတွက် ဥည့်ဦးယံအိမ်မက်ကိုအခန်းဆက်အဖြစ်ဆွဲဆန့်နေတုန်းအချိန်ကာလသာဖြစ်သည်။ သူငယ်ချင်းများထဲတွင် နန္ဒတစ်ယောက်မှလွဲ၍အားလုံးမှာ "လူ့စည်းစိမ်"ခံစားတတ်ကြ၏။ နန္ဒတစ်ယောက်ကတော့ မနက်၅နာရီခွဲဆိုသည်နှင့် အာရုံဆွမ်းဘုဉ်းပေးမည့် ဘုန်ကြီးတစ်ပါးကဲ့သို့၊ ဈေးဦးပေါက်ချင်သော ပဲပြုတ်သည်တစ်ယောက်ကဲ့သို့၊ တာဝန်သိတတ်သောကြက်ဖတစ်ကောင်ကဲ့သို့ ငုတ်ခနဲထထိုင်ကာ တစ်ခြားအခန်းဖော်များအားလိုက်နှိုးလေ့ရှိ၏။ အခုလည်း ကျွန်တော်တို့အခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပြီး အခန်းတံခါးအား 'တစ် ဒေါက် ဒေါက်' ခေါက်နေလေပြီ။ အခန်းထဲတွင် အရင်ဆုံးတံခါးခေါက်သံကြားသူမှာ ကျွန်တော်။ သိူ့သော် မျက်လုံးကမဖွင့်ချင်။ တံခါးသွားဖွင့်ရမှာကို အပျင်းကြီးပျင်းနေသည်။ နန္ဒကတော့ ဆက်တိုက်ဆိုသလိုအခန်းထဲကလူတွေမထမချင်း တံခါးခေါက်နေလေသည်။ နားတွေလည်းငြီးလာ၍ တံခါးဖွင့်ဖို့ထမှဖြစ်မယ်ဆိုပြီး နာရီကြည့်လိုက်တော့ ၅:၄၅၀န်းကျင်လောက်သာရှိသေးသည်။ လာနှိုးဖို့ပြောထားသည်က ၆:၁၅။ ဒေါသက "ထောင်းခနဲ"ထွက်သွားသည်။ ဒီလောက်တောင်စောစောနှိုးချင်တဲ့လူ မမောမချင်းခေါက်စမ်းဆိုပြီး သောက်မြင်ကပ်ကပ်နဲ့ အိပ်ယာထဲစောင်ခေါင်းမြှီးခြုံပြီးပြန်လှဲနေလိုက်သည်။ ခဏကြာတော့ နန္ဒလည်းကျွန်တော်တို့အခန်းကိုလက်လျော့သွားပြီး ကျန်တဲ့အခန်းတွေကိုဒုက္ခသွားပေးပြန်သည်။ ကျန်တဲ့အဖွဲ့များက ကျွန်တော်တို့ထက်တောင်ပိုဆိုးသေးသည်။ သူတို့က ကာလနဂါးများအဖွဲ့။ ၁၅မိနစ်လောက်ကြာတော့ ကျန်တဲ့လူတွေလည်းအကြောင်းမထူး၍ ကျွန်တော်တို့အခန်းဘက်ပြန်လှည့်လာပြန်သည်။ ဒီတစ်ခါတော့ တစ်ခန်းထဲအတူနေတဲ့ ကိုပြည့်စုံလည်းနားငြီးမခံနိုင်၍ တံခါးသွားဖွင့်ပေးလိုက်သည်။ ကျွန်တော်တို့လည်း မထချင် ထချင်နှင့် ကုန်းရုန်းပြီးထကြရသည်။ နောက်တော့ လုပ်စရာရှိတာလုပ်ကြ၊ အ၀တ်လဲကြ အစားစားကြ၊ ဟို့လူ့စောင့်ကြ ဒီလူ့စောင့်ကြနဲ့ ၈နာရီထိုးသွားသည်။ သွားဖို့ချိန်းထားသည်က ၇နာရီ တစ်ကယ်သွားကြသည်က ၈နာရီ။ ဒါတောင်ဟိုတယ်တစ်ခုတည်းအတူနေပြီးအချိန်းအချက်လုပ်ကြခြင်းဖြစ်သည်။ စောစောလာစောင့်ဖို့ခေါ်ထားသည့်ကားသမားပင်လျှင် ၇နာရီတည်းကရောက်ေနသည့်အတွက်ကိုယ်တွေကို ၁နာရီလောက်ပင်ပြန်စောင့်လိုက်ရသေးသည်။ စီစဉ်ထားသည့်အတိုင်း သွားစရာရှိသည်များထဲက လောပိတဘက်သို့အရင်သွားကြသည်။ လောပိတရေတံခွန်ဘက်သွားရသည်မှာထင်သလောက်မလွယ်။ လမ်းခရီးတစ်လျှောက်အစစ်အဆေး အမေးမြန်းများသည်။ မနေ့ကတည်း သွားမည့်သူအားလုံး၏မှတ်ပုံတင်များကို မိတ္တူကူးယူထားရသည်။ စသွားကတည်းက စစ်ဆေးရေးဂိတ်များကိုတစ်ခုပြီးတစ်ခုဖြတ်သွားရသည်။ ကရင်နီ(ကယား)ပြည်နယ်သည် ၂၀၁၀နောက်ပိုင်းမှစ၍ ခရီးသွားလုပ်ငန်းစတင်တွင်ကျယ်လာသော ပြည်နယ်တစ်ခုဖြစ်သည်။ အကြောင်းမှာ အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကရင်နီလွတ်မြောက်ရေးတပ်များ(KNPP)၀င်ရောက်ဆွေးနွေးနေသောကြောင့် ခေတ္တခဏငြိမ်းချမ်းရေးရယူထားနိုင်ခြင်းဖြစ်သည်။ ယခု လောပိတရေတံခွန်သို့သွားရာ လမ်းတစ်လျှောက်သည်လည်း တပ်မတော်ဘက်အခြမ်းမှ ခြေကုပ်ယူထားသောနယ်မြေနှင့်ပွိုင့်ဂုံးများဖြစ်သောကြောင့် အစစ်ဆေးအမေးမြန်းထူ၏။ ကျွန်တော်တို့ကိုလိုက်ပို့သောကားဆရာပင်လျှင် စစ်သားတွေနှင့်စကားပြောရတာအဆင်မပြေသောကြောင့် တော်ရုံကားသမားများလောပိတဘက်လာလေ့မရှိဟုဆိုသည်။ ထို့နောက် လောပိတ view pointသို့ရောက်လာသည်။ လောပိတ view pointဆိုသော်လည်း ရေတံခွန်ကိုမြင်ရသည်မဟုတ်သေး။ ဘီလူးချောင်းရှိရာရေတံခွန်ကို အပေါ်စီးမှကြည့်၍မြင်ရခြင်းသာဖြစ်သည်။ ဘီလူးချောင်းသည် တောတောင်လျှိုကြားများအတွင်း ကွေ့ဝိုက်၍စီးဆင်းနေသော ချောင်းတစ်ခုဖြစ်သည်။ သို့သော် မှုန်ပျပျသာလှမ်းမြင်နေရသောချောင်းမှရေစီးသံသည် ယခုview pointနေရာမှအထင်းသားကြားနေရသည်။ ကားဆရာကိုမေးကြည့်လိုက်တော့ ရေတံခွန်ရောက်ဖို့ မိနစ်၄၀လောက်လိုသေးသည်ဟုပြောသည်။ သို့သော် ချောင်းရေစီးသံကတော့ တောနက်ထဲမှ ဒေါသထွက်နေသောသားရိုင်းတစ်ကောင်ကဲသို့ တစ်တောလုံး"ဟိန်း"နေသည်။ တစ်ချို့ကလည်းview pointနေရာမှ လျှိုကြီးကိုနောက်ခံထား၍ ဓာတ်ပုံရိုက်ကြသေးသည်။ ကျွန်တော်ကတော့ ဓာတ်ပုံမရိုက်ချင်ပဲ အပေါ့သွားချင်နေသည်။ အပေါ့သွားဖို့ ကားဆရာကိုမေးကြည့်လိုက်တော့ ဒီနားမလှမ်းမကမ်းတွင်ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသည်ဟုပြောသည်။ ဘုန်ကြီးကျောင်းသည် ရွာများနှင့်အတော်အလှမ်းဝေးသည့်အပြင် တောင်ကမ်းပါးယံပေါ်ထောက်ကန်၍ဆောက်ထားသည့်ပုံစံမျိုးဖြစ်သည်။ ထို့နောက်ကိစ္စဝိစ္စများပြီးသည်နှင့်လောပိတသို့ခရီးဆက်လာခဲ့သည်။
Comentarios