top of page

ခရီးသွားကာလများ၀ယ်

  • Writer: Revolution 4.0
    Revolution 4.0
  • Dec 6, 2020
  • 2 min read

ree

ညဏ်ဆင်ကြခြင်း

ကြတ်ဂူထဲသို့စ၀င်လိုက်သည်နှင့် တောင်တောင်မြောက်မြောက်မပြောမိစေဖို့ စပြီးသတိထားရသည်။ လက်ထဲ၌ကိုင်ဆောင်ထားသောဖုန်းမီးများကလည်း ပတ်၀န်းကျင်တစ်လျှောက်ရစ်ပတ်ထားသောအမှောင်ထုကို ထိထိရောက်ရောက်တွန်းလှန်နိုင်စွမ်းမရှိ။ မြင်ရသည်ဆိုရုံမျှ‌ လောက်သာဖြစ်သည်။ ထိုမြင်ရုံသာမြင်ရသော မီးရောင်ပျပျဖြင့်သာ ဂူထဲသို့ဆက်လာခဲ့ကြသည်။ ဂူရဲ့အစပိုင်းသွားရာလမ်းတစ်လျှောက်သည် မြေပြင်ညီသာဖြစ်သောကြောင့်ကိစ္စမရှိလှ။ သို့သော် ဂူထဲသို့နက်လာလေလေ သွားရာလမ်းတစ်လျှောက်သည်‌ဖြောင့်ဖြောင့်တန်းတန်းမဟုတ်တော့ပဲ အဖုအထစ်တွေများလာလေလေဖြစ်သည်။ လမ်းသည်မြေပြင်ညီမျိုးမဟုတ်တော့ပဲ ကျောက်တုံးတစ်တုံးပေါ်တစ်တုံးဆင့်နေသောအနေအထားမျိုးဖြစ်နေသည်။ ထိူ့ကြောင့် အမှောင်ထဲတွင်ခြေတစ်လှမ်း လှမ်းတိုင်းသတိကြီးကြီးထားနေရသည်။ တော်ကြာ ကျောက်တုံးများကြားထဲသို့ခြေထောက်ညှပ်သွားလျှင်မလွယ်။ နောက်ပြီး ကျွန်တော်ရဲ့စိုးရိမ်မှုအတိုင်း ကျောက်ကြိုကျောက်ကြားထဲက မြွေများထွက်လာလေမလားဟု တွေးမိနေသေးသည်။ ဒါ့အပြင် ‌ကြတ်ဂူရဲ့နာမည်ကြီးသက်ေတများဖြစ်သော ခေါင်းတလားအရှည်ကြီးများကိုလည်း ဘေးဝဲယာတစ်‌လျှောက်တွင်အနှံ့အပြားတွေ့နေရသည်။ ယုံတမ်းစကားများအရ ရှေးတုန်းက ကြတ်ဂူထဲတွင် အလွန်အရပ်မြင့်မားသာလူမျိုးစုတစ်စုနေထိုင်ကြသောကြောင့် ထိုသူတို့ကွယ်လွန်သောအခါ ဤမျှရှည်လျားလျသောခေါင်းတလားကြီးများဖြင့် သဂြိုလ်ကြသည်ဟုပြော၏။ ထိုယုံတမ်းစကားများ မည်သည့်မည်မျှမှန်သည်ဆိုသည်ကို တိတိပပမပြောနိုင်သော်လည်း ခေါင်းတလားအရှည်ကြီးများကတော့ မျက်မြင်ကိုယ်တွေ့ တွေ့နေရပြီဖြစ်သည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စုကလည်း စပ်စပ်စုစုရှိသည်နှင့် ခေါင်းတလားထဲ လူသေအရိုးများရှိလေမလားဆိုပြီး ဖုန်းမီးဖြင့်ထိုး၍ကြည့်ကြသေးသည်။ သို့သော် လူအရိုးများကိုမူမတွေ့။ နောက်တစ်ခုသတိထားမိသည်က အနံ့အသက်ဖြစ်သည်။ ဂူတော်တော်များများသည် လင်းနို့ကဲ့သို့သော အကောင်များ မှီတင်း‌နေထိုင်ရာနေရာဖြစ်သောကြောင့် အနံ့အသက်များမကောင်းလှ။ ညှီစို့စိုအနံ့အသက်ကတော့ အနည်းနှင့်အများရှိကြသည်။ ကြတ်ဂူကတော့ ထိုကဲ့သို့အနံ့အသက်မျိုးမရ။ အထဲသို့နက်အောင်မရောက်သေး၍လည်းဖြစ်နိုင်သည်။ သို့သော် အမှောင်ထုအားကတော့ ကြောက်ခမန်းလိလိလွှမ်းခြုံထားသည်။ အင်မတန်စကားမျှ‌လှသော ကျွန်တော်တို့သူငယ်ချင်းများသည်ပင်လျှင် စကားပြောသံမကြားရ။ ဂူထဲစ၀င်တုန်းက ကျွန်တော်လည်းရှေ့ဆုံးကမသွားရဲသည်ဖြစ်၍ နောက်ဆုံးမကျတကျလောက်တွင်နေရာယူထားပြီးဖြစ်သည်။ ကျွန်တော့်ရှေ့မှာ‌တော့ ဇေယျာသူရှိသည်။ အနောက်မှာတော့ ထက်စုနှင့် ရဲကြီးဖြစ်သည်။ အနောက်မှာရှိနေသောထက်စုက ခေါင်းတလားတွေကိုဖုန်းမီးဖြင့်ထိုးပြရင်း "ဟဲ့ တော်တော်ကြောက်စရာကောင်းတာပဲ"ဟု ခဏခဏပြောနေသည်။နဂိုကကတည်းက ကိုယ့်အတွေးနဲ့ကိုယ်ကြောက်နေသည့်ကိုယ့်အတွက် အခုလိုခဏခဏလာပြောပြနေသည်က "ကြောက်ပါတယ်ဆိုမှဖြဲခြောက်"ဆိုသလိုဖြစ်နေသည်။ သို့သော်လည်း ကြောက်တဲ့အသံမပေါ်အောင်တော့ "အင်း အင်း"ဟုသာ ခပ်တိုးတိုးလေး‌ပြန်ပြောပြီး ခေါင်းသာညှိမ့်ပြနေရသည်။ ကျွန်တော့်ကိုဖြဲခြောက်နေသောထက်စုအသံပင်လျှင် သူ့ရဲ့လူကောင်အရွယ်အစားအတိုင်း ခပ်သေးသေးမျှသာရှိတော့သည့်အတွက် မနည်းဂရုစိုက်‌နားထောင်နေရသည်။ သူလည်း ကြောက်နေတာဖြစ်နိုင်သည်။ ဂူထဲဆက်လျှောက်ရင်း မိနစ်၂၀လောက်ကြာတော့ ဂူထဲကပြန်ထွက်လာသည့် ဘုန်းကြီးအဖွဲ့တစ်ဖွဲ့နဲ့ဆုံသည်။ ကျွန်တော်တို့တွင် ဓာတ်မီးပါမလာသည်ကို သတိထားမိသောကြောင့် ဂူထဲဆက်သွားလျှင်ဓာတ်မီးယူသွားဖို့ဆိုပြီး သူတို့တွင်ပါလာသောဓာတ်မီးကိုပေးထားခဲ့သည်။ ဂူထဲကပြန်ထွက်လာရင်လည်း ဓာတ်မီးကိုတောင်အောက်ကဘုန်းကြီးကျောင်းမှာ ပြန်အပ်ဖို့မှာထားခဲ့သေးသည်။ ကျွန်တော်တို့လည်း ဘုန်းကြီးတွေဂူထဲခရီးဘယ်လောက်ပေါက်ခဲ့သည်ကိုသိချင်၍ 'အရှင်ဘုရားတို့ဘယ်‌ နေရာထိများရောက်ခဲ့ကြပါသလဲ" ဟုမေးမြန်းကြည့်သော်လည်း သူတို့က "ခပ်ဝေးဝေတောင်မရောက်သေးပါဘူးကွာ တို့လည်းအချိန်ကြာလို့ပြန်လှည့်လာတာ။ မင်းတို့လူငယ်တွေကတော့ သွားနိုင်တော့ ခပ်ဝေးဝေးသာရောက်အောင်သွားကြ"ဟုသာပြန်ပြောသည်။ ကျွန်တော်တို့လည်း ဘုန်းကြီးတွေပေးလိုက်သော ဓာတ်မီးကိုလက်ဆင့်ကမ်းယူလာရင်း ဂူထဲသို့‌ဆက်လာခဲ့ကြသည်။ ဓာတ်မီးမရှိခင်တုန်းက ခပ်ဝေးဝေးကအရာကို ဖုန်းမီးဖြင့်ကြည့်၍မမြင်ရသော်လည်း အခုတော့ ဓာတ်မီးရဲ့အလင်းရောင်စူးစိုက်မှုကြောင့် ပတ်၀န်းကျင်မှအရာ၀တ္ထုများကို အထင်းသားမြင်တွေ့နေရသည်။ ရှေ့တွင် ကျောက်တုံးလား မြေပြန့်လား ‌ချိုင့်လားဆိုတာကို ‌ဓာတ်မီးအကူအညီဖြင့်ကောင်းကောင်းခွဲခြားနိုင်လာသည်။ ရှေ့ကလူတွေကတော့ အားတတ်သရော ဂူထဲသို့နက်သည်ထက်နက်အောင်လျှောက်ချင်နေကြသည်။ သို့သော်လည်း ကျွန်တော့်အတွက်ကတော့ ဂူထဲနက်အောင်ရောက်လေ အန္တရာယ်ရှိလေခံစားနေရသည်။ ကြတ်ဂူသည် အဆုံးမရှိဟုပြောသံကြားဖူးသည်။ ထိုဂူတွင်အဆုံးရှိ မရှိကိုသိချင်သည့် နိုင်ငံခြားသားများသည်ပင်လျှင် ဂူထဲသို့၀င်သွားသောအခါ အဆုံးထိအောင်ရောက်မသွားကြပဲ ပြန်ထွက်လာကြသည်။ ထိုသို့သောအချိန်တွင် ဝေးဝေးရောက်အောင်လျှောက်နေကြသောကျွန်တော်တို့တွင်လည်း ဓာတ်မီးကလွဲ၍အခြားမရှိ။ ရေသန့်ဘူးကလည်းပါမလာ။ ထိုဓာတ်မီးနှစ်လက်ကလည်းဘယ်အချိန်အားကုန်မယ်မှန်းမသိ။ ထို့ကြောင့် ဂူထဲသို့နက်အောင်လျှောက်နေသည်ကအန္တာရယ်များသည်ဟု ခံစားနေရ၏။ အရင်နှစ်တုန်းကတော့ ထိုင်းနိုင်ငံက ဂူထဲတွင်ပိတ်မိနေသောကျောင်းသားများအကြောင်းတွေ့လိုက်ရသည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံသည်သာမက တစ်ကမ္ဘာလုံးကပါဂူထဲတွင်ပိတ်မိနေသောကျောင်းသားများ၏ကယ်ဆယ်ရေးအတွက် ဝိုင်း၀န်းဆုတောင်းပေးကြ၏။ ကျွန်တော်တို့သာရှေ့ဆက်လျှောက်ရင်း ဂူထဲတွင်ပိတ်မိနေပြီး ပြန်ထွက်မလာနိုင်လျှင် ကယ်ဆယ်ရေး‌တွေဘာတွေလုပ်ကြမည်မဟုတ်ပဲ မြန်မာနိုင်ငံတစ်လုံးက "သောက်ကမြင်းကြောထတဲ့ကောင်တွေ ပိတ်မိတာတောင်နည်းသေးတယ်၊ သေ‌ရင်အေးတာပဲ"ဆိုပြီး ဝိုင်း၀န်းမေတ္တာပို့ကြလိမ့်မည်ထင်သည်။ ထို့ကြောင့် ဂူထဲတွင်ပိတ်မိနေလျှင် သေတာ ရှင်တာကနောက်မှဖြစ်ပြီး၊ မြန်မာပြည်သူပြည်သားတို့၏မေတ္တာစူးမည်ကတော့အရင်ဖြစ်သည်။ ဒါကြောင့် ဂူထဲနက်အောင်လျှောက်ရမည်ကို ခပ်လန့်လန့်ဖြစ်နေခြင်းဖြစ်သည်။ ဂူနက်ပိုင်းသို့ရာက်လာလေလေ တိတ်ဆိတ်မှုမင်းမူလာလေဖြစ်သည်။ ထိုအချိန် ရှေ့ဆုံးတွင်ရှိနေသည့် ကိုဥက္ကာက " ဟေ့ရောင်တွေ ငါဗိုက်အောင့်လာပြီး အိမ်သာတတ်ချင်‌နေတယ်"ဟုပြောလာသည်။ ကိုဥက္ကာတွင် ၀မ်းရောဂါရှိသည်ကို ကျွန်တော်တို့သိပြီးသားဖြစ်၍ အိမ်သာအမြန်ရှာရမည်ဖြစ်သည်။ သို့သော်ကျွန်တော်တို့ရောက်နေသည်က ဂူထဲမှာဖြစ်သည်။ အိမ်သာရှိရာကိုသွားဖို့ဆိုသည်မှာ ဂူထဲကပြန်ထွက်ပြီး တောင်အောက်ဆင်းကြဖို့သာဖြစ်သည်။ ထို့ကြောင့် ဂူထဲမှပြန်ထွက်ကြရန်ဆုံးဖြတ်လိုက်သည်။ ဂူထဲ၀င်တုန်းက ၄၅မိနစ်လောက်ကြာခဲ့သော်လည်း ဂူအပြင်ပြန်ထွက်တော့ လာလမ်းအတိုင်းကိုပင် မိနစ်၂၀လောက်သာကြာတော့သည်။ ဂူအပြင်ပြန်ရောက်လာတော့ ကိုဥက္ကာက "ဟေ့ရောင်တွေ ငါ့ဗိုက်ကသိပ်မနာတော့ဘူး အိမ်သာမသွားလည်းရပြီ"ဟုပြောလာသည်။ ကျွန်တော်တို့အားလုံးလည်း ဇဝေဇဝါဖြစ်ကုန်သည်။ သူအိမ်သာတတ်ချင်သည်ဆိုသောကြောင့်သာ ဂူထဲကပြန်ထွက်လာခဲ့ကြခြင်းဖြစ်သည်။ ယခု သူကအိမ်သာသွားစရာမလိုတော့ဘူးဟုပြောလာသောအခါ ဂူထဲကပြန်ထွက်လာခြင်းသည် အလကားသက်သက်အချိန်ဖြုန်းသလိုဖြစ်နေသည်။ ထို့ကြောင့် ဂူထဲသို့နက်အောင်သွားချင်သည့်သူများက "ကိုဥက္ကာကြီး ဂူထဲဆက်၀င်ရမှာကြောက်လို့ သက်သက်ညဏ်ဆင်တာဟုတီးတိုးပြောလာကြသည်။ ကိုဥက္ကာရဲ့အဖြစ်အပျက်သည် ကြတ်ဂူထဲသို့၀င်နိုင်သမျှ၀င်မည်ဆိုသော စွန့်စားလိုသူများအတွက်တော့အတော်ဒေါသထွက်စရာကောင်းနေသည်။ သို့ပေသိ မတတ်နိုင်။ ဗိုက်ဆိုသည့်သဘောတရားမှာ အခုနေအိမ်သာသွားချင်နေသော်လည်း ခဏနေကျတော့ မသွားချင်တော့သည်မျိုးဖြစ်နိုင်သည့်အတွက် အပြစ်ပြော၍မရ။ ကျွန်တော်ကတော့ ကြိတ်ပြီး၀မ်းသာနေသည့်အပြင် ကိုဥက္ကာကိုပါကျေးဇူးတင်နေမိသေးသည်။ ကိုဥက္ကာက အိမ်သာတတ်ချင်သည်ဆိုသောကြောင့်သာ ဂူထဲကပြန်ထွက်လာကြခြင်းဖြစ်သည်။ အကယ်၍ကိုဥက္ကာသာ ဗိုက်မအောင့်ခဲ့ပါမူ ဂူထဲသို့ဘယ်လောက်နက်နက်ထဲထိ၀င်သွားမိကြမည်ကိုကျွန်တော်တို့မသိ။ ခုတော့လည်း ကိုဥက္ကာရဲ့ကျေးဇူးကြောင့် ကျွန်တော်ရဲ့လူမသိသူမသိစိုးရိမ်ပူပန်မှုတွေသည် အဝေးသို့လွင့်စင်ကွယ်ပျောက်သွား၏။ထို့နောက် တောင်အောက်မဆင်းခင် ဂူအ၀င်၀အနီးကဘူရားစေတီနံဘေးတွင် ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး အမှတ်တရအဖြစ်ဓာတ်ပုံရိုက်ကြသည်။ နောက်ပြီး တောင်အောက်သို့ဆင်းလာခဲ့ကြသည်။ ဂူထဲတွင်ဦးဇင်း‌တွေပေးထားခဲ့သည့် ဓာတ်မီးကိုလည်း ဘုန်ကြီးကျောင်းထဲသို့၀င်ပေးခဲ့ရသေးသည်။ တောင်အောက်ပြန်ရောက်လာတော့ အချိန်ကနေမွန်းလွဲနေပြီဖြစ်သည်။ ထို့ကြောင့် ခရီးစဉ်ထဲကကျန်ရှိနေသေးသည့် ရေတံခွန်ဘက်သို့ဆက်မသွားကြတော့ပဲ နေ့လည်စာစားဖို့အတွက် ထမင်းဆိုင်သို့သာသွားဖို့ အများသဘောတူဆုံးဖြတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လွိုင်ကော်အပြန် ကယား၀က်အူးချောင်း၀ယ်ချင်သူများကလည်းရှိသေးသည့်အပြင် ပြင်ဦးလွင်ဆက်သွားဖို့အတွက် ညနေ ၅နာရီအမှီကားဂိတ်သို့ရောက်ဖို့ကလည်းရှိသေးသည်။ ထို့ကြောင့် အချိန်သိပ်မလင့်စေဖို့အတွက် ထမင်းဆိုင်သို့သာထွက်လာခဲ့ကြသည်။ ထမင်းဆိုင်သို့‌သွားကြမည်ဆိုသော်လည်း ဆိုင်ကောင်းကောာင်းကို ကျွန်တော်တို့မသိ။ ထို့ကြောင့် လိုက်ပို့မည့်ကားဆရာကိုသာအားကိုးရင်း "အစ်ကိုရေ ရိုးရာဆိုင်ကောင်းကောင်းကိုသာမောင်းဗျာ"ဟူ၍ လမ်းညွှန်လိုက်ရတော့သည်။


Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page