ခရီးသွားကာလများ၀ယ်
- Revolution 4.0
- Dec 6, 2020
- 1 min read

ရေစက်ချလိုက်သောအိမ်သာ
ကြက်ဂူသို့ရောက်လာသောအခါ ဘုရားဖူးရာသီမဟုတ်သည်ကတစ်ကြောင်း ခရီးသွားရာသီမဟုတ်သည်တစ်ကြောင်း စသည့်အကြောင်းအချက်များကြောင့် လာရောက်လည်ပတ်သူက များများစားစားသိပ်မရှိ။ ထို့ကြောင့် ဂူထဲသို့၀င်သောအခါ မိမိတို့တစ်ဖွဲ့တည်းများဖြစ်နေမလားဆိုပြီး စိုးရိမ်မိသေးသည်။ ကြတ်ဂူ၀င်ပေါက်သို့ရောက်ဖို့ကလည်း လှေကားထစ်များကို စီကာရစ်ကုံးတတ်ရပေအုံးမည်။ လောပိတနှင့်ကြတ်ဂူသည် အတန်ငယ်လှမ်းသောကြောင့် လမ်းတစ်လျှောက်တွင်အပေါ့အပါးလည်းမသွားခဲ့ရ။ ကြတ်ဂူရောက်တော့ အိမ်သာကလည်း ကားရပ်ထားသည့်နေရာနှင့်သိပ်မဝေးသောကြောင့် ကြတ်ဂူရောက်မှသာ ကျန်းမာရေးသွားဖြစ်တော့သည်။ အိမ်သာထဲရောက်တော့ အနံ့အသက်ကင်းမှုနှင့် သန့်ရှင်းမှုကို စ၍သတိထားမိသည်။ အောက်ကခြေနင်းကြွေပြားသည်ပင်လျှင် အဖြူရောင်အလင်းတန်းများလက်လက်ထနေသလားဟုထင်ရသည်။ ဒီလိုဂျောင်ကျတဲ့နေရာမျိုးကအိမ်သာကို ခုလိုမျိုးသန့်သန့်ရှင်းရှင်းနဲ့အနံ့အသက်ကင်းကင်းထားသောကြောင့် အိမ်သာသန့်ရှင်းရေးသမားနှင့် ဘုရားဂေါပကများကို စိတ်ထဲကကျိတ်၍ကျေးဇူးတင်မိသေးသည်။ အိမ်သာထဲကပြန်ထွက်တော့ မိမိတို့သူငယ်ချင်း အချင်းချင်း "အိမ်သာကမဆိုးဘူးကွ တော်တော်သန့်ရှင်းသားပဲ"ဟူ၍ပင် နှုတ်ကထွက်၍ချီးမွှမ်းမိသေးသည်။ အတန်ကြာတော့ ကျွန်တော်တို့အိမ်သာကထွက်လာပုံကို ခပ်လှမ်းလှမ်းမှလူတစ်စုကဓာတ်ပုံရိုက်လိုက်သည်ကို လှမ်း၍တွေ့ရသည်။ ကျွန်တော်တို့ကိုမဟုတ်ပဲ အခြားနေရာကိုများဓာတ်ပုံရိုက်နေသလားဟု သတိထားကြည့်မိကြည့်လိုက်သည်။ ထိုအခါကျမှ ကျွန်တော့်ကိုစပ်ဖြီးဖြီးကြီးပြုံးပြပြီး နောက်တစ်ပုံထပ်ရိုက်လိုက်သည်။ စိတ်ထဲတွင် သို့လော သို့လော မေးခွန်းများကဗလောင်ဆူသွားသည်။ ကိုယ်တွေများအိမ်သာမှားတတ်လေသလားဟု ဆိုင်းဘုတ်ပြန်ကြည့်တော့လည်း "အိမ်သာ"ဟုဆိုင်းဘုတ်ချိတ်ဆွဲထားသောကြောင့် မှားစရာအကြောင်းမရှိ။ နောက်ပြီး အိမ်သာထဲကထွက်ခါစဆိုတော့ ဘောင်းဘီများဇစ်များပြုတ်နေသလားဟုအောက်ငုံကြည့်ရသေးသည်။ ဒီလိုကပေါက်တိကပေါက်ချာအဖြစ်မျိုးကရှိတတ်သောကြောင့် ပြော၍မရ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့လည်း အားလုံးကအဆင်ပြေနေသည်။ ဒါဆို ဘာလို့များကိုယ့်ကိုဘာလို့ဓာတ်ပုံရိုက်နေရသနည်း။ မဖြစ်။ သူတို့မြင်ကွင်းထဲမှ မြန်မြန်ထွက်သွားမှဖြစ်မည်ဆိုပြီး ခပ်သုတ်သုတ်လျှောက်လာမိလိုက်သည်။ ဒီလိုနဲ့မလှမ်းမကမ်းရောက်လာတော့ ကိုယ့်ကိုဒုတိယမ္မိထပ်ပြီးပြုံးပြပြန်သည်။ ကိုယ်လည်း ဘာရယ်ညာရယ်မသိပြန်ပြီးပြုံးပြမိလိုက်သည်။ ကျွန်တော်လည်း မျက်နှာချင်းဆက်မဆိုင်ဖြစ်တော့ပဲ ရှေ့တည့်တည့်သာလျှောက်လာခဲ့သည်။ နောက်တော့ စိတ်၀င်စားလွန်း၍ မနေနိုင်သည့်အဆုံး နောက်ပြန်လှည့်ကြည့်လိုက်တော့ လူလေးငါးယောက်လောက်က အိမ်သာကြီးကို နောက်ခံထားပြီးဓာတ်ပုံရိုက်နေကြသည်။ သေသေချာချောထပ်ကြည့်မိတော့ ဟုတ်သည်။ သူတို့၏နောက်တွင် ထီးထီးမားမားကြီးတည်ရှိနေသော အိမ်သာကလွဲ၍ တစ်ခြားဘာမြင်ကွင်းမှမရှိ။ ကိုယ်လည်း ဒီလူတွေအူကြောင်ကြောင်တွေပဲဟုတွေးမိလိုက်ပြီး ကားဆရာမှာလိုက်သည်ကိုသတိရလာသည်။ သူပြောလိုက်သည်မှာ ဂူထဲမီးမရှိသောကြောင့် တောင်အောက်ကဘုန်းကြီးကျောင်းထဲ ဓာတ်မီးငှားလိုက်ဖို့ဖြစ်သည်။ ကျွန်တော်တို့ရောက်တော့ ဘုန်ကြီးကျောင်းထဲသို့၀င်လို့မရ။ ကျောင်းထဲတွင် အလှူလုပ်နေသည်။ ကျွန်တော်တို့လည်း ကျောင်း၀င်းထဲလူတွေရှုပ်ရှုပ်ရှပ်ရှပ်ဖြစ်နေသည်နှင့် ဓာတ်မီးမငှားတော့ပဲ တောင်ပေါ်သို့သာဆက်တတ်လာခဲ့ကြသည်။ ကြက်ဂူအ၀င်၀သို့ရောက်ဖို့ လှေကားထစ်များပေါ်သိပ်မတတ်လိုက်ရ။ ထို့နောက်တစ်ဖြည်းဖြည်းတတ်လာရင်း လှေကားထစ်၀က်လောက်ရောက်တော့မှ တောင်အောက်ရှိဘုန်းကြီးကျောင်းထဲက ရေစက်ချအလှူလုပ်နေသည်ကိုလော်စပီကာမှတစ်ဆင့် အထင်းသားကြားလိုက်ရသည်။ "ဤသို့ ကုဋီလှူဒါန်းရသောအကျိုးအားကြောင့်........"။ ထိုအသံကြီးကြားလိုက်ရတော့ သောက်ကျိုးနည်းပဲဆိုပြီး တောင်အောက်က ပြုံးစိပြုံးစိအဖြစ်ကို အခုမှနားလည်သဘောပေါက်လာသည်။ ကျွန်တော််တို့၀င်ခဲ့သောအိမ်သာသည် အခုမှရေစက်ချလှူဒါန်းနေတုန်းပင်ရှိသေးသည်။ ဖဲကြိုးဖြတ် အိမ်သာဖွင့်ပွဲပင်လုပ်ရအုံးမည်မထင်။ သို့သော် ကျွန်တော်တို့ကတော့ ထိုအသစ်ချက်ချွတ်အိမ်သာကြီးကို အဖွဲ့လိုက်ကြီးဈေးဦးဖောက်ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့်လည်း အလှူရှင်တွေကကျွန်တော်တို့ကိုကြည့်ပြီး ပြုံးစိစိလုပ်နေခဲ့ကြခြင်းဖြစ်မည်။ ဓာတ်ပုံရိုက်သည်ဆိုသည်ကလည်း သူတို့၏လှူဒါန်းမှုကိုမှတ်တမ်းတင်နေကြခြင်းဖြစ်သာသည်။ သို့သော်လည်း ထိုမှတ်တမ်းပုံထဲတွင် အိမ်သာမှထွက်လာသော ကျွန်တော်တို့ပုံတွေလည်းပါကောင်းပါလာနိုင်သည်။ တော်ကြာ အိမ်သာမှထွက်လာသောကျွန်တော်တို့ပုံများကို အိမ်ဦးခန်းတွင် ပုံကြီးချဲ့ပြီး အမှတ်တရအဖြစ်ချိတ်ဆွဲထားလိုက်ရင်တော့ခက်ပေရော့မည်။ သန့်ရှင်းသည်၊ အနံ့အသက်ကင်းသည်ဟုချီးမွှမ်းခဲ့သမျှသည်လည်း သန့်ရှင်းရေးသမားတော်လွန်း၍မဟုတ် မည်သူမှအသုံးမပြုရသေးသောကြောင့်ဖြစ်သည်။ ကျွန်တော်ကတော့ ပြန်တွေးလိုက်တိုင်း အားနာလာသည်။ အိမ်သာလှူသည်မှာ အများသူငါအသုံးပြုဖို့အတွက်မှန်သည်ဆိုသော်လည်း ဘုန်ကြီးကျောင်းတွင်ရေစက်ပင်မချရသေးခင် ကျွန်တော်တို့ကအရင်ဦးအောင်ရေစက်ချပစ်လိုက်သည်။ ခဏကြာတော့ "ကုသိုလ် အမျှ အမျှ အမျှ"ဆိုသောအသံသည် လေထဲတွင်ပျံလွင့်လာသည်။ ကျွန်တော်လည်း "သာဓု သာဓု သာဓု"ဟု ခပ်တိုးတိုးရွတ်ဆိုမိသည်။ သိပ်မကြာသေးခင်အချိန်ကပင်လျှင် ဤအလှု့ရှင်တွေလှူဒါန်းခဲ့သော အိမ်သာအသစ်ချက်ချွတ်ကြီးကို ကျွန်တော်တို့အသုံးပြုခဲ့သည်မဟုတ်ပါလား။ မဆီမဆိုင် ဤအလှုရှင်တွေနဲ့ကျွန်တော်တို့ တစ်စုံတစ်ရာများ ကံစပ်နေသလားဟုထင်မိသေးသည်။ အကယ်ဆို ရန်ကုန်မှာနေသူများအဖို့ လူသူအရောက်အပေါက်နည်းသော လွိုင်ကော်မြို့အစွန်အဖျားရဲ့ အိမ်သာအသစ်ကြီးကို ရေစက်မချချင်ဈေဦးဖောက်ဖို့ဆိုသည်မှာ ထင်သလောက်မလွယ်။ အင်မတန်ကံစပ်မှဖြစ်နိုင်သည်။ အခုမှတော့လည်း ကံစပ်လွန်း၍ယုံတင်မကပဲ "ရေကန်အသင့်၊ကြာအသင့်" ပင်ဖြစ်နေသေးသည်။ တောင်အောက်ကအမျှဝေသံသည် တိုး၍ပျောက်ကွယ်သွားသကဲ့ ကျွန်တော်တို့ရဲ့ခြေလှမ်းများသည်လည်း အရှေ့သို့တိုး၍ရောက်လာ၏။ တောင်ပေါ်ရောက်ရောက်ချင်း အရင်မြင်လိုက်ရသည်က လှေကားများဖြစ်သည်။ ထိုလှေကားများမှတစ်ဆင့် ကြတ်ဂူအပေါက်၀သို့သွားရမည်ဖြစ်သည်။ လှေကားများအထိတော့ သဘာ၀အလင်းရောင်ကပတ်၀န်းကျင်တစ်ဝိုက်ကိုလွှမ်း၍ခြုံထားသည်။ သို့သော် ဂူပေါက်၀သို့ရောက်လာသည်နှင့် အလင်းရောင်၏လမ်းပြပေးမှုသည် ဖျော့၍ ဖျော့၍ လျော့ရဲလာသည်။ ထိုကြောင့် ဖျော့တော့သွားသောအလင်းရောင်များကိုအားကိုးမရတော့သည်ဖြစ်၍ အသင့်ယူလာကြသောကျွန်တော်တို့လက်ကိုင်ဖုန်းများမှ မီးအလင်းရောင်များကို တွန်း၍ဖွင့်လိုက်ကြ၏။
Comments