top of page

မပြောမပြီး မတီးမမြည်

  • Writer: LoveToShare
    LoveToShare
  • Mar 5, 2021
  • 1 min read


အခုလောက်ကောင်ထုတ်ဖော်ရေးဆိုပြီးလုပ်နေတဲ့လူတွေက social punishmentကိုအခွင့်ရေးယူပြီး ကိုယ်ရဲ့နဂိုအငုံ့စိတ်အခံနဲ့ ကြည့်မရတဲ့လူတွေကိုပါ တစ်ခါတည်းရောကြိတ်နေတယ်လို့ ရှင်းရှင်းလင်းလင်း သဘောပေါက်လာတယ်။


အခုလုပ်နေတာတွေကြည့်ပြီး ပဲခူးရိုးမထဲက ဗမာပြည်‌ကွန်မြူနစ်ပါတီရဲ့ ဖြုတ်၊ထုတ်၊သတ်ကြီး မြင်လာတယ်။ ဆိုဗီယက်နိုင်ငံမှာ စတာလင်က ကိုယ့်လူမျိုးအချင်းချင်း လူသန်းငါးဆယ်လောက်ကို ဆိုက်ဘေးရီးယားပို့ပြီး သေဒဏ်ပေးခဲ့တာသတိရလာတယ်။ မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးမှာ အသက်ပေးရတဲ့ တရုတ်လူမျိုး သန်းနဲ့ချီကို ပြန်မြင်လာတယ်။

အငုံစိတ်နဲ့ ဘာမှမဆိုင်တဲ့လူတွေကို လက်မရွံ့သတ်ခဲ့ကြတဲ့ လူသတ်ပွဲကြီးတွေ။

အခုလည်း လောက်ကောင်ဖော်ထုတ်ရေးတဲ့။ စစ်ဗိုလ်သားသမီးတွေကို ဖော်ထုတ်တာ၊ ပြစ်တင်တာ၊ ရှုံ့ချတာက လုပ်လို့ရတယ်။ လုပ်လည်း လုပ်သင့်တယ်။ ဒါပေမဲ့ ဘာမဆိုင် ညာမဆိုင် သူ့ဘာသူနေနေတဲ့လူတွေ၊ စစ်တပ်နဲ့ပတ်သတ်မှုလည်းမရှိ၊ စစ်အာဏာရှင်ထောက်တိုင်ထဲမှာလည်း မပါ၊ အဲ့ဒီလူတွေကိုပါ လောက်ကောင်ဆိုပြီးသတ်မှတ်နေတာက တော်တော်လေးကိုအောက်တန်းစားဆန်တယ်။ စက်ဆုပ်ရွံ့ရှာဖို့လည်းကောင်းတယ်။ တစ်ကယ်တော့ ကိုယ်လောက်ကောင်လို့သတ်မှတ်ထားတဲ့လူတွေက ဆန္ဒပြပွဲတွေမှာ လူအားနဲ့မပါပဲ၊ ငွေအားနဲ့ပါတာလည်းဖြစ်နိုင်သလို၊ စိတ်ခွန်အားရေးရာအရ ပါတာလည်းဖြစ်နိုင်တာပဲ။ နောက်ဆုံး 8နာရီတိုင်း သံပုံးတီးတာတို့၊ ဆန္ဒပြတဲ့လူတွေကို လက်ခုတ်တီးအားပေးတာတို့လည်း လုပ်ချင်လုပ်နေမှာ။ ဒါပေမဲ့ အဲ့အကြောင်းအရာတွေကို fbပေါ်တင်ချင်မှတင်မယ်လေ။ လုပ်သမျှတင်နေရအောင် fbကဘ၀လည်းမဟုတ်ဘူး။ ဒါကြောင့် profileမှာ ဆန့်ကျင့်ကြောင်း frameမတင်တာ‌လေးတွေ့တာနဲ့၊ Fbပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေးမရေးတာ၊ ပိုစ့်မတင်တဲ့လူတွေကိုပါ လောက်ကောင်ဆိုပြီးသတ်မှတ်နေတာ တော်တော်စိတ်ပျက်စရာကောင်းတယ်။


ဆိုကရေးတီးကပြောဖူးတယ်။ လူဆိုတာ social animalတဲ့ တစ်နည်းအားဖြင့် လူမှုရေးသတ္တဝါပေါ့။ ဒါကြောင့် social punishmentလုပ်တာဟာ လူတစ်ယောက်ကို သေတာထက်ပိုဆိုးဝါးစေတယ်။ ထိရောက်တယ် လုပ်လည်းလုပ်သင့်တယ်။ ဒါပေမဲ့ လောက်ကောင်လို့ပြောတော့မယ်ဆို အဲ့လူရဲ့အကြောင်းကို သေချာသိမှပြောသင့်တယ်။ အဓိကက ကိုယ်ပြောတာကို တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိရမယ်။ အဲ့လိုမှမဟုတ်ပဲ ရမ်းသမ်း မှန်းသမ်းပြီး လုပ်‌နေရင်တော့ တော်တော်အဆင်မပြေဘူး။


လောက်ကောင်လို့သတ်မှတ်မယ်ဆိုရင် ဒီလူဟာ အာဏာရှင်အစွယ်အပွားလား၊ အတိတ်မှာအာဏာရှင်တွေနဲ့ ပတ်သတ်ခဲ့ဖူးလား၊ အာဏာရှင်ဒေါက်တိုင် တည်တံ့ရေးအတွက် သူကူညီနေပေးသလား၊ အာဏာရှင်ကို ရပ်ခံအားပေးနေတာလား၊ သူအားပေးလိုက်တာကြောင့် အာဏာရှင်တွေအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိသလဲ စတဲ့အချက်တွေပေါ်မူတည်ပြီး စဉ်းစားရမှာ။ အခုက မဲမဲမြင်မြင်တာနဲ့ လောက်ကောင်၊ ကိုယ်နဲ့ရန်ငြိုးရှိခဲ့ဖူးလည်း လောက်ကောင်၊ အငုံ့စိတ်နဲ့ကြည့်မရတဲ့လူလည်း လောက်ကောင်ဆိုပြီးလုပ်နေတာ တော်တော်ဆိုးတယ်။ ကြာလာတော့ ဘာဖြစ်လာသလဲဆိုရင် အာဏာရှင်တွေကို တွန်းလှန်ရင်း၊ ကိုယ်တိုင်အာဏာရှင်ဆန်လာတယ်၊ အမြင်မတူတာကို ကိုယ်တိုင်မကြိုက်ဘူး။ တစ်သွေးတစ်သံ တစ်မိန့်တည်းကိုပဲ လိုချင်လာတယ်။ Game of thronesကြည့်တဲ့လူတွေဆိုသိပါလိမ့်မယ် Daenerysဟာ အာဏာရှင်တွေကို တွန်းလှန်ရင်း သူကိုယ်တိုင်ဘယ်လိုအာဏာရှင်ဖြစ်သွားသလဲဆိုတာ။


နောက်ပြီး ကိုယ်နဲ့မတည့်တဲ့သူ၊ ကြည့်မရတဲ့သူကိုကျတော့ လောက်ကောင်ဆိုပြီး ချက်ချင်းကောက်တင်လိုက်ပြီး၊ ကိုယ့်သူငယ်ချင်းအရင်းကြီးတွေ ကိုယ့်ဆွေမျိုးတွေထဲမှာရှိနေတဲ့ လောက်ကောင်အကြီးစားတွေကိုတော့ ထုတ်ပြောရမှာ ၀န်လေးနေကြတယ်။ နောက်ထပ် သတိထားရမှာက နှမ်းဖြူးတဲ့သူတွေ။ အဲ့လူတွေက ပုတ်သင်ညိုလိုပဲ။ သူ့လူ ကိုယ့်လူခွဲရခက်တယ်။

ဒီတော်လှန်ရေးကြီးပြီးရင် လူ့အဖွဲ့အစည်းကြားထဲမှာ ကောင်းတဲ့အရာတွေလည်း ရောက်ရှိလာမှာဖြစ်သလို၊မကောင်းတဲ့အရာတွေလည်း ဆက်ကြုံတွေ့ရအုံးမယ်။ အဓိကက မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ ခွာပြဲနေတဲ့ ဆရာနဲ့တပည့်၊ လူကြီးနဲ့လူငယ်၊ မိဘနဲ့သားသမီး၊ ကိုယ့်မိတ်ဆွေတွေ စတဲ့ကြားထဲမှာ ရှိနေတဲ့အမုန်းတရားတွေ၊ အယူအဆကွဲကြားမှုတွေ၊ အမြင်မကြည်လင်မှုတွေကို အစေးကပ်အောင် ပြန်လည်ပြုပြင်ရအုံးမယ်။

အဓိကကတော့ social punishmentဆိုပြီး နဂိုကတည်းက ကိုယ်အမြင်မကြည်လင်တဲ့လူတွေကို အငုံ့စိတ်နဲ့ရောမကြိတ်ဖို့ပဲ။ ကိုယ့်ကိုတောင် profileမချိန်းလို့ ဆဲချင်နေတဲ့ကောင်တွေ တွေ့နေရတယ်။ ပိုစ့်တင်ရင် publicနဲ့မတင်လို့ စောက်ကြောက်လို့ပြောချင်နေတဲ့ကောင်တွေလည်းတွေ့နေရတယ်။ fb စသုံးလာကတည်း က တစ်ချို့ videoကလွဲရင် ဘယ်ဟာမှ publicနဲ့မတင်ဘူး။ publicနဲ့တင်ရင် မနေတတ်လို့ အဲ့တာကိုမှ social punishmentဆိုပြီးလာလုပ်ရင်တော့ စောက်ခွက် လော်နဲ့သက်စေ့ထိုးပါမယ်။


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page