လမ်းမလွဲစေဖို့
- Revolution 4.0
- Feb 8, 2021
- 1 min read
Updated: May 20, 2021

ဆန္ဒထွက်ပြတာပါ။ အောင်ပွဲထွက်ခံတာမဟုတ်။ လှောင်ပြောင်ပွဲပြုလုပ်တာလည်းမဟုတ်
ဒီနေ့ဆို ဆန္ဒပြတာနှစ်ရက်မြောက်နေ့ရှိပါပြီ။ အားသာချက်တွေရော၊ အားနည်းချက်တွေရော အစုံတွေ့ရပါတယ်။
ပထမဆုံး ကောင်းတဲ့ဘက်ကပြောရရင် ဆန္ဒပြပွဲတွေမှာခေါင်းဆောင်မရှိဘူး။ ခေါင်းဆောင်မရှိတဲ့အတွက် လုပ်နေကျပုံစံတွေအတိုင်း ခေါင်းဆောင်တွေကိုဖမ်း ပြီးတော့ထောင်ထဲထည့်ပြီး ဆန္ဒပြပွဲတွေကို ဦးချိုးလို့မရပါဘူး။ ဒါကောင်းတဲ့အချက်။
ဒုတိယအချက်က စည်းကမ်းရှိတယ်။ ဒီနေ့ထိ အမှိုက်ကောက်တဲ့လူတွေကတာ၀န်သိသိကောက်ပေးနေတုန်းပဲ။ ကားလမ်းမကြီးတွေကိုလုံး၀ပိတ်ချတာမျိုးမဟုတ်ပဲ ကားသွားလာလို့ရအောင် နေရာလေးတွေဖွင့်ပေးထားတယ် ( တစ်နေရာနဲ့တစ်နေရာမတူနိုင်)။
တတိယအချက်ကတော့ လူငယ်၊လူရွယ်တိုင်းဟာ နိုင်ငံရေးအသိရှိကြတယ်။ မတရားမှုကိုခေါင်းငုံမခံရဘူးဆိုတဲ့ အသိရှိလို့ အားလုံးလမ်းပေါ်ရောက်လာကြတာဖြစ်တယ်။ ဒါကောင်းတဲ့အချက်တွေ။
ဒါပေမဲ့ နှစ်ရက်အတွေ့အကြုံအရ ခေါင်းဆောင်သူမရှိတော့ ရှေ့ကနေပြီးကြွေးကြော်သံ တိုင်ပေးကြတဲ့လူတွေဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေပါတယ်။ မနေ့ကတော့ လူသိပ်မများတော့ကိစ္စမရှိပေမယ့်။ ဒီလိုလူများတဲ့နေ့ဆိုတော်တော် သိသာပါတယ်။ ဒီဘက်က လူတစ်ရာလောက်က "ညီတယ်ဟေ့ ညီတယ်ဟေ့"ဆို ဟိုဘက်အခြမ်းက လူတစ်ရာလောက်က "အလိုမရှိ အလိုမရှိ"ဆိုပြီးအော်ကြတယ်။ စည်းချက်တွေမမှန်ကြတော့ ဒီဘက်ကသီချင်းပြီးရင်တောင် ဟိုဘက်ကမပြီးသေးတော့ ဟိုဘက်ကသီချင်းလက်ကျန်ကိုဆက်ဆို။ ဒါနဲ့ပဲ ကျောင်းသားတပ်ဦးသီချင်းကို ၁နာရီခွဲအတွင်း အခါနှစ်ဆယ်လောက်ဆိုလိုက်ရပါတယ်။ ရှေ့ဆုံးကနေတိုင်ပေးကြတဲ့လူတွေက ဖင်ပြဲအောင်တိုင်ပေးနေပေမယ့် တိုင်ပေးတဲ့လူတွေအချင်းချင်းတောင် စည်းချက်မမိကြတော့ ရယ်စရာကြီးဖြစ်နေတယ်။ အဲ့လိုလုပ်မယ့်အစား လူတစ်ထောင်လောက်ဆို တစ်စုစီဆန္ဒခွဲပြကြတာဆိုတော့ အဲ့ဒီထဲက ရှေ့ဆုံးကနေတိုင်ပေးမယ့် လူ အယောက် ၃၀နီးပါးလောက်ရွေးထုတ်ပြီး လူအုပ်ကြီးရှေ့ကနေ လက်ချင်းချိတ်ပြီး ဝိုင်းအော်ပေးရင် စည်းချက်မိမယ်ထင်တယ်။
နောက်ပြီး ဒီနေ့ဆန္ဒသွားပြရတဲ့ feelingကတစ်မျိုးဖြစ်နေတယ်။ မနေ့ကတော့ တော်တော်အဆင်ပြေတယ်။ ဒီနေ့ကျတော့ ကိုယ့်ကိုကိုယ် ပွဲဈေးရောက်နေသလိုလို၊ သကြန်ရောက်နေသလိုလိုခံစားရတယ်။ လူတွေက covidကြောင့်ပိတ်မိနေတာတွေရယ်၊ သကြန်မှာအိမ်အပြင်မထွက်ရတဲ့ခံစားချက်တွေကို ဆန္ဒပြပွဲလာပြီးစိတ်ဖြေနေသလားလို့တောင်ထင်ရတယ်။ တစ်ခါတစ်လေဆို partyပေးနေသလိုလို၊ အောင်ပွဲတစ်ခုခုကိုလာရောက်၀န်းရံနေရသလိုမျိုးတောင် ခံစားနေရတယ်။ အခုဆို လူတွေက ထိုင်းဆန္ဒပြပွဲတွေလို attentionယူရမယ် attentionယူရမယ်ပဲပြောနေတယ်။ တစ်ကယ်လုပ်ရမယ့် စစ်အာဏာရှင်ပြုတ်ကျရေးကိုတော့ မေ့နေကြသလိုပဲ။ နိုင်ငံတစ်ကာရဲ့ attentionကိုယူတာကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ လမ်းစဉ်ကနေတော့သွေဖယ်သွားလို့မဖြစ်ဘူး။ ကျွန်တော်တို့ လမ်းပေါ်ထွက်လာကြတယ်ဆိုတာ နိုင်ငံရေးအသိရှိကြလို့ပါ။ အခန့်မသင့်ရင် ပစ်ခတ်တာတွေပါကြုံရနိုင်တယ်ဆိုတာ အများစုကတွေးပြီးသားဆိုတာလည်း နားလည်ပါတယ်။
ကျွန်တော်တို့ဆီမှာ နိုင်ငံရေးအသိတော့ရှိပြီးသားပါ။ ဒါပေမဲ့ နိုင်ငံရေးခံယူချက်လည်းရှိဖို့လိုပါသေးတယ်။ အသိရှိပြီး ခံယူချက်မရှိရင် ကောက်ရိုးမီးလည်းဖြစ်သွားနိုင်သလို လမ်းလည်းလွဲသွားနိုင်ပါတယ်။ knowledgeဆိုတဲ့အသိကို wisdomဆိုတဲ့ ညဏ်ပညာဖြစ်သွားအောင်ပြောင်းလဲနိုင်ရပါမယ်။ လူတွေက မေရိကန်ဆန္ဒပြပွဲတွေ၊ ထိုင်းဆန္ဒပြပွဲတွေကို အတုယူပြီးဘာလုပ် ညာလုပ်ဆိုပြီးညွှန်းလေ့ရှိပါတယ်။ ဒါပေမဲ့ ထိုင်းတွေ၊မေရိကန်တွေဆန္ဒပြတာက သူတို့ရွေးချယ်ထားတဲ့အစိုးရရဲ့ လုပ်ရပ်ကိုမကြိုက်လို့ ဆန္ဒပြတာပါ။ ကျွန်တော်တို့ဆီမှာက ကျွန်တော်တို့ရွေးချယ်ထားတဲ့အစိုးရအာဏာကို စစ်တပ်ကလုယူလို့ဆန္ဒပြနေတာပါ။ စစ်အာဏာရှင်တွေကို ရှုံချ၊ကန့်ကွက်ရုံလောက်ပဲဆို အခုဆန္ဒပြပွဲတွေကအတော်ကိုလုံလောက်နေပါပြီ။ ဒါပေမဲ့ စစ်အာဏာရှင်တွေကိုဖြုတ်ချဖို့ဆိုရင်တော့ ဒီ့ထက်ပိုပြီးစည်းလုံးဖို့၊ အားစိုက်ဖို့လိုပါသေးတယ်။ ကျွန်တော်ကတော့ ထိုင်းတို့၊မေရိကန်တို့ထက် ဟောင်ကောင်သားတွေရဲ့ ဖြတ်ထိုးညဏ်နဲ့ရဲရင့်ပုံကို ပိုပြီးအတုယူသင့်တယ်ထင်ပါတယ်။ International attentionကိုရခဲ့တဲ့ ဟောင်ကောင်က တစ်မူထူးခြားအောင် attentionတွေကိုလုပ်ယူနေခဲ့တာမဟုတ်ပါဘူး။ ကျရောက်လာတဲ့အခြေအနေပေါ်အပြင် ဖြစ်လာနိုင်တဲ့အခြေအနေတွေအားလုံးကို ကြိုတင်တွက်ဆနိုင်ဖို့ ဖြတ်ထိုးညဏ်နဲ့ရဲစွမ်းသတ္တိကိုအခြေခံပြီး ဖြေရှင်းခဲ့လို့ နိုင်ငံတကာ attentionကိုရခဲ့တာပါ။
ဘယ်လိုပဲလိုအပ်ချက်တွေရှိရှိ သမိုင်းမှာအရင်ပြခဲ့တဲ့ဆန္ဒပြပွဲတွေထက် စည်းကမ်းလည်းပိုရှိလာသလို၊ ပိုပြီးလည်းစည်းလုံးလာကြတယ်။ သွေးရူးသွေတန်း ဆန္ဒပြကြတာမျိုးမဟုတ်ပဲ ညဏ်ပညာအပေါ်ခြေခံတဲ့ဆန္ဒပြပွဲတွေအဖြစ်ပြောင်းလဲနိုင်ခဲ့ပါပြီ။ မြန်မာပြည်ကအခုဆန္ဒပြပွဲတွေဟာ အိမ်နီးချင်းနိုင်ငံအများစုက ဆန္ဒပြပွဲတွေထက်တောင် သာပါသေးတယ်။ အခုဆိုရင် လူငယ်တွေရဲ့ နိုင်ငံရေးအသိကိုလည်း မြန်မာပြည်ကလူကြီးတွေတင်မက တစ်ကမ္ဘာလုံးကလူတွေကပါ အသိအမှတ်ပြုရပါလိမ့်မယ်။
မြန်မာပြည်မှာက Generation အသစ်တစ်ခုရဲ့ ပထမဆုံးဆန္ဒပြပွဲမို့လို့ လိုအပ်ချက်တွေရှိမှာအမှန်ပါ။ ဒါတွေကိုတစ်ခုချင်းစီပြင်ဆင်ရင်း စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ အဓိကဦးတည်ချက်ပေါ် မမှိတ်မသုန်လျှောက်လမ်းရမှာပါ။ နောက်ဆုံးအနေနဲ့ လမ်းပေါ်ထွက်နေတဲ့လူတွေ မပေါ့လျော့ကြပါနဲ့။ အန္တရယ်ကအမြဲတမ်းအနီးအနားမှာပါ။ ဟောင်ကောင်သားတွေလိုတော့ အတင့်မရဲပါနဲ့။ ရဲတွေနဲ့အမြဲ ထိပ်တိုက်တွေ့ဖို့မကြိုးစားပါနဲ့။ ဒါပေမဲ့ ဟောင်ကောင်သားတွေလိုတော့ ဖြတ်ထိုးညဏ်ကို အချိန်အခါသင့် အသုံးပြုနိုင်ကြပါစေ။
credit for photo
Comentários