top of page

မုန်တိုင်းထန်လာနိုင်သော မနက်ဖြန်များ

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 7, 2021
  • 1 min read

Updated: May 20, 2021



ဆန္ဒပြပွဲတွေက တစ်ဖြည်းဖြည်းအရှိန်မြင့်လာပါပြီ တစ်ဖက်ကချေမှုန်းမဲ့သူတွေကလည်း အကွက်တွေသေချာချပြင်ဆင်ကြမှာပါ။ ဒါကိုလုံး၀မမေ့ပါနဲ့။

ဒီမိုကရေစီဘိုးအေဆိုတဲ့ မေရိကန်တောင် ဆန္ဒပြပွဲတွေအရှိန်ပြင်းလာရင် စည်းကျော်သည်မကျော်သည်ဖြစ်စေ လူစုကို ‌မီးသတ်ပိုက် မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲကြပါတယ်။ မြန်မာပြည်က ဖက်ဆစ်စစ်တပ်ဆိုရင်တော့ အထူးပြောစရာမရှိပါဘူး။

အခုလမ်းပေါ်ကိုဆန္ဒထွက်ပြနေတဲ့လူတွေဟာ တစ်ယောက်မှ အသက်နှစ်ချောင်းအပိုမပါလာကြသလို၊ ဘယ်သူမှလည်း သေမှာကို မကြောက်တဲ့လူဆိုပြီးမရှိဘူး။ အားလုံးက မတရားအလုပ်ခံရလို့ လမ်းပေါ်ကိုထွက်လာကြတာ။ ကျွန်တော်ဆို ဒီနေ့ဆန္ဒသွားပြတာ ကြွေးကြော်သံကိုအော်နေတုန်းက သွေးကြွနေပေမယ့် တစ်ခြားအချိန်တွေမှာဆို စစ်တပ်ရောက်လာရင် ဘယ်နားကပြေးရမလဲဆိုတာ အမြဲအကဲခတ်နေရတယ်။ နောက်ပြီး ကျွန်တော်တို့ဆန္ဒပြတာက ရဲကားရှေ့တည့်တည့်မှာ။ ပြည်သူတွေကလည်း ရဲတွေကို ပန်းတွေပေးတာနည်းတာမဟုတ်ဘူး။ ရဲတွေဆီကပန်းတွေက ရှိုး‌ပွဲကအဆိုတော်တွေထက်တောင်များပါတယ်။ မုန့်ထုတ်တွေဆိုလည်း ဆာလာအိတ်အပြည့်။ ပြည်သူ့ရဲ ပြည်သူ့ရဲဆိုပြီးအော်တာကလည်း ဟိန်းနေတာပဲ။ မေတ္တာတရားနဲ့ဆက်ဆံတာကောင်းပါတယ်။ ဒါပေမဲ့ အယုံမလွယ်ကြပါနဲ့။ သူတို့ဆီကအများကြီးပြန်မလျှော်လင့်ထားကြပါနဲ့။ အချိန်တန်လို့ အထက်အမိန့်အရဆို ကျွန်တော်တို့ဆီကို ကျည်ဆန်တွေပစ်သွင်းဖို့ ၀န်လေးနေမှာမဟုတ်ဘူးဆိုတာ သတိရကြပါ။

အဲ့ဒီလိုလမ်း‌ပေါ်ထွက်နေတဲ့လူတွေကို ပြန်ရုပ်သိမ်းသွားအောင်လုပ်တဲ့နည်းက တစ်နည်းပဲရှိပါတယ်။ အဲ့တာ CD movementပါ။ လူကြီးတွေအနေနဲ့ CD movementတွေကို ဟန်ပြမလုပ်ပဲ အစိုးရယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွားအောင်လုပ်ပါ။ တစ်ကယ်လို့ CD movementသာ မအောင်မြင်ခဲ့ဘူး။ ဒါမှမဟုတ် ထမင်းငတ်မှာကြောက်လို့ မလုပ်ရဲဘူးဆိုရင်တော့ လမ်းပေါ်ကလူတွေရဲ့အသက်တွေကို အလကားပေးလိုက်ရပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ ၂၁ရာစုသမိုင်းမှာ လူကြီးတွေဟာ လူငယ်တွေအသက်ကို သူတို့အခွင့်အရေးနဲ့ အလဲအလှယ်လုပ်ခဲ့တယ်ဆိုပြီးမှတ်တမ်းဆိုးကြီးကျန်ခဲ့ပါလိမ့်မယ်။

အခုလမ်းပေါ်ကိုထွက်နေသူတွေအနေနဲ့လည်း လုံး၀သတိမပေါ့လျော့ကြပါနဲ့။ ဒီအတိုင်း ကျွန်တော်တို့ကိုလွှတ်ပေးထားပြီး လုပ်ချင်တာလုပ်ခွင့်ပေးထားတာဟာ လုံး၀သွေးရိုးသားရိုးမဟုတ်ပါဘူး။ ဒါဟာ ခြောက်တာမဟုတ်ပါဘူး။ သတိရှိအောင်ပါ။ တစ်ချိန်ချိန်မှာ အကြမ်းဖက်ဖြိုခွဲမှာကတော့ ကျိန်းသေပါတယ်။ လုံး၀သတိမပေါ့ဆကြပါနဲ့။

CD movementက စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတော့ပဲ၊ စစ်အာဏာရှင်လက်အောက်မှာ ခေါင်းငုံပေးရမယ့် ပြည်သူတွေရဲ့အသက်ကိုပါကယ်တဲ့ပွဲပါ။ ဒါကိုမြဲမြဲမှတ်ထားပါ။ တစ်ကယ်လို့ လူကြီးတွေအနေနဲ့ ဒီတာ၀န်ကိုပျက်ကွက်ကြမယ်ဆိုရင်တော့ လူငယ်တွေက ဒီသမိုင်းကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။

CD movementဆိုတာ ကိုယ့်ထမင်းအိုးကိုယ်ပြန်ခွဲတာဖြစ်တဲ့အတွက် တိုက်တွန်းရမှာအားနာပါတယ်။ ဒါပေမဲ့ သမိုင်းပေးတာ၀န်ဖြစ်လို့ မလွှဲမသွေလုပ်ဆောင်ရမှာပဲ။ ဒီလိုသာမလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင် အာဏာရှင်တွေလက်ထဲကို သေနတ်တွေထည့်ပြီး ပြည်သူကိုပစ်ခိုင်းတာ ခင်ဗျားတို့လူကြီးတွေကိုယ်တိုင်ပဲဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။


စစ်အာဏာရှင်ကျဆုံးပါစေ


credit for photo




Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page