ဗြူရိုကရက်ယန္တားရဲ့ခြေတံလက်တံရိုက်ချိုးပွဲ
- Revolution 4.0
- Feb 5, 2021
- 1 min read

သူပုန်အစိုးရယန္တာရားရပ်တန့်ပျက်စီးသွားရေးပါ။ဓာတ်ပုံအလှရိုက်ပြိုင်ပွဲမဟုတ်ပါ။ ဖဲကြိုးတတ်ပြရုံ၊ လက်သုံးချောင်းထောင်းပြီး ဓာတ်ပုံရိုက်ရုံလောက်ဖြင့် စစ်အာဏာရှင်ပြုတ်မကျ။
ကျွန်တော်တို့ဟာ အနုနည်းနဲ့အကြမ်းမဖက် အာဏာဖီဆန်တယ်ဆိုတဲ့နည်းလမ်းကိုရွေးလိုက်ကြပြီဆိုရင် ဒီနည်းလမ်းကို နားလည်ကြဖို့အတွက် ဘာတွေအားသားချက်ရှိလဲ အားနည်းချက်ရှိလဲဆိုတာသိဖို့ မဟတ္တမဂန္ဒီကြီးအကြောင်းကို ပြန်လည်လေ့လာကြဖို့အချိန်သင့်ပါပြီ။ ဘာလို့ဆို အကြမ်းမဖက်အာဏာဖီဆန်ရေး နည်းလမ်းကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တာက မဟတ္တမဂန္ဒီမို့လို့ပါ။ အကြမ်းမဖက်တဲ့ဂန္ဒီရဲ့နည်းလမ်းဟာ စစ်အင်အားအလွန်ကြီးမားတယ်ဆိုတဲ့ ဗြိတိသျှအင်ပါယာကြီးကို သွက်သွက်ခါသွားအောင်လှုပ်ရမ်းနိုင်ခဲ့တယ်။ မြန်မာပြည်မှာ လွတ်လပ်ရေးကို တိုက်ယူခဲ့ရပေမယ့်၊ အိန္ဒိယမှာတော့ ဂန္ဒီရဲ့အကြမ်းမဖက်တဲ့နည်းလမ်းက အိန္ဒိယပြည်ကြီးကိုလွတ်လပ်စေခဲ့တယ်။ ဂန္ဒီနည်းလမ်းဟာ နူးညံ့တယ်၊သိမ်မွေ့တယ် ပြောရရင် ဓမ္မဆန်တယ်လို့တောင်ပြောလို့ရတယ်။ ဂန္ဒီနည်းလမ်းကိုသုံးမယ်ဆိုရင်တော့ စိတ်ရှည်ရမယ်၊ စိတ်ဓာတ်မာကျောရမယ်၊ ခေါင်းဆောင်ကောင်းရှိရပါမယ်၊ အရှည်ကိုကြည့်တတ်ရမယ်။ကောက်ရိုးမီးထလုပ်လို့မရဘူး။
အခုဆိုမြန်မာပြည်သူတွေလုပ်နေကြတဲ့ civil disobedienceဆိုတာဟာ သူပုန်အစိုးရဲ့ယန္တားကြီးတစ်ခုလုံးကိုရပ်သွားအောင်လုပ်ပစ်တာပါ။ ဒီလိုမျိုးလည်ပတ်နေတဲ့ ယန္တာကြီးရပ်သွားရင် စစ်တပ်ကငြိမ်ခံနေမှာမဟုတ်ဘူး။ အလုပ်တွေပြန်လုပ်ကြဖို့အတွက် ခြိမ်းခြောက်လာမယ် အကျပ်ကိုင်လာမယ်။ အဲ့ဒီလိုအချိန်မှာ တစ်ချို့လူတွေကအခွင့်အရေးတွေဆုံးရှုံးရမှာကြောက်ပြီး ဒါမှမဟုတ် မိသားစု၀မ်းရေးအခြေအနေကြောင့် စစ်တပ်ရဲ့ခြိမ်းခြောက်မှုကိုလက်ခံလိုက်ကြမယ်။ အဲ့လိုမျိုးဆို သပိတ်က ကြာရှည်မခံဘူး။ ဒါကြောင့် စိတ်ဓာတ်မာကျောရမယ်ပြောတာပါ။
နောက်တစ်ခုက မက်လုံးတွေပေးမယ်။ အလုပ်ထွက်ပြီးဆန္ဒပြတဲ့သူနေရာမှာ အလုပ်လုပ်ချင်တဲ့တစ်ခြားလူတွေကို လစာများများပေးပြီး၊အခွင့်အရေးတွေများများပေးပြီး လုပ်ခိုင်းတာမျိုး။ အဲ့လိုမျိုးသစ္စာဖောက်လောက်ကောင်တွေများလာရင်လည်း သပိတ်ကပျက်စီးမှာပဲဖြစ်တယ်။ သမိုင်းနဲ့ချိန်ထိုးပြောပြရရင် 1938ကျောင်းသားသပိတ်မှာ ဗိုလ်ချုပ်တို့အားလုံးကစာမေးပွဲမဖြေပဲ သိပိတ်မှောက်ကြတယ်။ ဒါပေမဲ့ ကျောင်းသားတစ်ချို့က အစိုးရကိုမဆန့်ကျင်ချင်ကြတဲ့အခါ စာမေးပွဲလာဖြေကြတယ်။ စာမေးပွဲလာဖြေတဲ့လူရှိတာနဲ့ သပိတ်ကပျက်စီးပြီ။ ဗိုလ်ချုပ်တို့ကအဲ့လူတွေကိုတားခဲ့တဲ့ နည်းပရိယာယ်ကစိတ်၀င်စားစရာကောင်းတယ်။ စာမေးပွဲလာဖြေကြတဲ့ကျောင်းသားတွေလာရာလမ်းမှာ စာသင်ခန်းထဲမ၀င်နိုင်အောင် ဆန္ဒပြကျောင်းသားတွေကမှောက်လှဲပြီးအိပ်လိုက်ကြပါတယ်။ သဘောက အခန်းထဲ၀င်ချင်ရင်အောက်ကလှဲနေတဲ့လူကိုကျော်ပြီး၀င်ပေါ့။ ဘယ်သူမှကျော်ပြီးမ၀င်ခဲ့ကြလို့ 1938ကျောင်းသားသပိတ်ဟာဆက်ရှိခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အခါ စိတ်ဓာတ်ပျော့ညံ့တဲ့လူတွေကိုတားဆီးတဲ့နည်းပါ။ ဒါကြောင့် မက်လုံးတွေအပေးခံရတဲ့လူကို ငြိမ်းချမ်းတဲ့နည်းနဲ့တားဆီးဖို့ကြိုးစားကြပါ။
အနုနည်းနဲ့အာဏာဖီဆန်တာဟာ ရေတိုတိုက်ပွဲမဟုတ်ဘူး။ ရေရှည်တိုက်ပွဲ။ ဒါကြောင့်သပိတ်တိုက်ပွဲကြာလာရင် လူထုဟာဆက်မတိုက်ချင်တော့ဘူး။ စိတ်ဓာတ်တွေကျလာမယ်။ ငါတို့တော့ အာဏာရှင်တွေကိုမနိုင်တော့ပါဘူးကွာဆိုတဲ့စိတ်မျိုး။ ဒါမှမဟုတ် ငါလုပ်နေတာတွေဟာ အဓိပ္ပာယ်ရောရှိရဲ့လားဆိုပြီး တွေဝေတာတွေဖြစ်တတ်တယ်။ ဒါ့အပြင် ၀မ်းရေးအတွက်ပဲစဉ်းစားလာတာမျိုးတောင်ရှိနိုင်တယ်။ အဲ့ဒီလိုမျိုး စိတ်ဓာတ်ပျော့ညံ့လာတဲ့အခါ ခေါင်းဆောင်ကောင်းတွေရဲ့ လမ်းညွှန်မှုတွေ၊ ဟောပြောချက်တွေက ဦးတည်ချက်တွေကိုမှေးမှိုန်မသွားအောင်၊ ယိမ်းယိုင်မသွားအောင်တည့်မတ်ပေးပါမှာ။ အိန္ဒိယတစ်ပြည်လုံးဟာ ဂန္ဒီကြီးရဲ့လမ်းညွှန်မှုကြောင့် ဘယ်တော့မှအားမလျော့ခဲ့ကြပါဘူး။ သူတို့လိုချင်တဲ့လွတ်လပ်ရေးကလွဲရင် ဘာနဲ့မှအလဲအလှယ်မလုပ်ခဲ့ကြဘူး။ ဒါကြောင့် ခေါင်းဆောင်ကောင်းလိုတာပါ။
နောက်တစ်ခုကအရှည်ကိုကြည့်တတ်ရမယ်။ အခုဆို CD movementကြောင့် အလုပ်မဆင်းတဲ့ဆရာ၀န်၊၀န်ထမ်းတွေကို ဆရာကျင့်၀တ်မရှိဘူး၊ ၀န်ထမ်းကျင့်၀တ်မရှိဘူး ဆိုပြီးမျိုးစုံဝေဖန်နေကြတယ်။ CD movementကိုလုပ်နေတဲ့လူတွေအနေနဲ့ အဲ့ဒီစကားတွေကိုနားယောင်မနေဖို့လိုတယ်။ အခုလိုစစ်အာဏာရှင်ကိုတော်လှန်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ရပိုင်ခွင့်တွေကိုမဆုံးရှုံးအောင် ကာကွယ်တာထက်ပိုတယ်။ တစ်နည်းအားဖြင့် မတရားမှုကိုတွန်းလှန်တာ၊ အမှန်တရားကိုကာကွယ်တာ၊ နောက်မျိုးဆက်တွေအတွက် သမိုင်းပေးတာ၀န်ကိုထမ်းဆောင်နေကြတာဖြစ်တယ်။ ဒါကြောင့်အခုချိန်မှာ CD movementကြောင့်ထိခိုက်ရတဲ့ ပြည်သူတွေလည်းရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဒါတွေကိုခဏမေ့ထားပြီး ရေရှည်ကိုကြည့်ပြီးဆက်လုပ်ရပါမယ်။ ဘယ်သွေးယောင်ဖျားယောင်မှု၊ ဘယ်တွေဝေမှုတွေကြောင့်မှ လမ်းလွဲသွားလို့မဖြစ်ဘူး။ သူပုန်အစိုးရရဲ့ ယန္တားကြီးတစ်ခုလုံး ရပ်သွားအောင်ထိတိုက်ပွဲ၀င်ရပါမယ်။ လီနင်ပြောခဲ့တာရှိပါတယ်။ "တော်လှန်ရေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာရှိတယ်"။ ဒါပေမဲ့ ဒီဘေးထွက်ဆိုးကျိုးတွေဟာ ကြီးမြတ်တဲ့တော်လှန်ရေးကို ဘယ်တော့မှလမ်းလွဲစေဖို့မဖြစ်ရပါဘူး။
သတိထားရမှာက ကောက်ရိုးမီးအကျင့်ပါ။ တစ်နည်းအားဖြင့် မြန်မာလူမျိုးတွေအကျင့်ဆိုလည်း မမှားဘူး။ အခုလိုအချိန်မှာ ဓာတ်ပုံတွေအပြိုင်အဆိုင်ရိုက်ပြီး စစ်အာဏာရှင်ကိုတော်လှန်တယ်ပြောနေကြတယ်။ ဒါပေမဲ့ ဒါတွေဟာဆန္ဒပြတဲ့အဆင့်ပဲရှိသေးတယ်။ သပိတ်မှောက်အာဏာဖီဆန်တဲ့အဆင့်မရောက်သေးဘူး။ CD movementရဲ့အဓိကရယ်ရွယ်ချက်ဟာ အစိုးရယန္တာရားရပ်တန့်သွားရေးပါ။ ဒါကိုလုံး၀မမေ့ပါနဲ့။ နောက်ပြီး CD movementမှာ တစ်ပတ် နှစ်ပတ် နဲ့ပြီးသွားမှာမဟုတ်ပါဘူး။ တစ်လကြာချင်ကြာမယ် ၊ နှစ်လလောက်ထိကြာချင်လည်းကြာမယ်။ ဒီလောက်ထိအောင်ကို ရေရှည်တိုက်ရမယ့် တိုက်ပွဲဖြစ်တယ်။ ဒီအတောအတွင်းမှာ မိသားစုစား၀တ်နေရေးတွေလည်းထိခိုက်လာနိုင်တာရှိတယ်။ ဒါတွေကိုကူညီဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကအရေးကြီးတဲ့နေရာကပါ၀င်ရမှာဖြစ်တယ်။ ဒါကြောင့် တစ်ပတ် နှစ်ပတ်လောက်လေး CDလုပ်လိုက်ရုံနဲ့ စစ်အာဏာရှင်တွေ တုန်လှုပ်သွားမယ်မထင်နဲ့။ ရေရှည်တိုက်ပွဲဆိုတာ အခုကတည်းကကြိုစဉ်းစားထားကြပါ။ ကောက်ရိုးမီး မဖြစ်ကြစေဖို့မျှော်လင့်ပါတယ်။
နောက်ထပ်တစ်ခုကတော့ ကဏ္ဍပေါင်းစုံပါ၀င်ရေးပါ။ ဗြူရိုကရက်ယန္တားရဲ့ခြေတံ လက်တံတွေကိုရိုကျိုးဖို့ဆိုရင် ကဏ္ဍပေါင်းစုံပါ၀င်ရမှာပါ။ ဟိုးအပေါ်ဆုံး ကျန်းမာရေး၊ပညာရေး၀န်ဆောင်မှုတွေကနေ ယုတ်စွအဆုံး စည်ပင်သာယာ၀န်ထမ်းတွေ၊ ဘစ်ကား၀န်ဆောင်မှုတွေအထိရပ်ဆိုင်းသွားအောင် ကြိုးစားကြရမှာပါ။ အဲ့လိုအခြေအနေမျိုးထိရောက်ခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ CD movementဟာ အောင်မြင်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တစ်ယောက်တစ်ပေါက်နဲ့ တော်ရိလျော့ရိလေးပဲလုပ်ကြမယ်၊ ကောက်ရိုးမီးလေးပဲ လုပ်ကြမယ်ဆိုရင်တော့ တစ်ကယ်ပေးဆပ်ခဲ့တဲ့ ၀န်ထမ်းတွေဘ၀ပဲစုတ်ပြတ်သွားမှာပါ။ ဘာအာဏာရှင်မှပြုတ်ကျသွားမှာမဟုတ်ဘူး။ နောက်ဆုံးတစ်ခုကတော့ ပုဂ္ဂလိကအခန်းကဏ္ဍက အလုပ်သမားတွေပါ ပါ၀င်လာရေးဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာက ဖောက်ပြန်ပြီး ကိုယ်ကျိုးကိုသာကြည့်တတ်တဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးသမားတွေကြောင့် အလုပ်သမားတွေရဲ့ CDပါ၀င်မှုက အားကောင်းလာမယ်မထင်ဘူး။ ဒါပေမဲ့ ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍက အလုပ်သမားတွေပါ ပါ၀င်လာမယ်ဆိုရင်တော့ CD movementဟာ စစ်အာဏာရှင်တွေကို အိမ်မက်တွေကယောက်ခြောက်ခြားမက်စေမှာပါ။
တစ်ခုမမေ့ထားဖို့က ကိုမင်းသေ့ပြောသလို CD movementဆိုတာ processဆိုတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်။ Eventဆိုတဲ့ ပွဲတစ်ခုမဟုတ်ဘူး။ CD movementကနေ အာဏာရှင်တွေရဲ့ ဗြူရိုကရက်ခြေတံ လက်တံတွေကိုရိုက်ချိုးပြီး လူတန်းစားပေါင်းစုံပါ၀င်တဲ့ အထွေထွေသပိတ်ကြီးဆီဦးတည်သွားကြဖို့ဆိုတာ မမေ့ကြပါနဲ့။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Comments