ရွှေပြည်အေးတရားဟော
- Revolution 4.0
- Feb 5, 2021
- 1 min read

အခုချိန်မှာ ရွှေပြည်အေးတရားဟောချင်နေတဲ့ ဖောက်ပြန်ရေးသမားတွေရယ်၊ နိုင်ငံရေးကိစ္စမို့လို့ ၀င်မပါချင်ဘူး ကြားနေပါတယ်ဆိုတဲ့ ကျပ်မပြည့် အနုပညာရှင်တွေ၊ ကျော်ကြားသူတွေ၊ အောင်မြင်သူတွေရဲ့ စကားတွေကြောင့် ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကြီး လမ်းလွဲမသွားဖို့လိုအပ်တယ်။ ကျွန်တော်ကိုယ်တိုင် ၂၀၂၀မှာမဲမပေးခဲ့ဘူး။ ဘာလို့ဆို ပါတီတိုင်းဟာ တရားမျှတစွာယှဉ်ပြိုင်လို့ရတယ်ဆိုတဲ့ playgroundဖြစ်တဲ့နိုင်ငံရေးဂွင်ရှိနေလို့။ အခုတော့ တရားမျှတမှုတွေချုပ်ငြိမ်းကုန်ပြီ၊ နိုင်ငံရေးဆိုတာလည်းမရှိတော့ဘူး။ ဓမ္မနဲ့ အဓမ္မ။ အမှားနဲ့အမှန်ပဲရှိတော့တယ်။ ဓမ္မနဲ့ အဓမ္မကြား ကြားနေပါတယ်ဆိုတဲ့လူ တွေဟာ သာတဲ့ဘက်ကိုပြေးကပ်ချင်တဲ့ အချောင်သမားသာပေါင်းညာစားကောင်တွေပဲ။
နေက်ပြီး ရွှေပြည်အေးတရားဟောချင်နေတဲ့ကောင်တွေ။ အရာရာတိုင်းကိုမေတ္တာထားပြီး တုံ့ပြန်ရမယ်ဆိုတာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကို ပါရမီဖြည့်နေတဲ့ ဘုရားလောင်းတွေလို လူမျိုးတွေအတွက်ဆိုရင်တော့ မှန်ရင်မှန်လိမ့်မယ်။ ဒါပေမဲ့ မေတ္တာတရားကြီးမားတယ်ဆိုတဲ့ မြတ်စွာဘုရားတောင် ဒေ၀ဒတ်ရဲ့ ကျောက်မောင်းဆင်တဲ့ရန်ကမလွတ်ခဲ့ဘူး။ နောက်ဆုံး လက်ဝဲတော်ရံ အဂ္ဂသာ၀ကကြီးဖြစ်တဲ့ ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ဟာ နန္ဒေါပနန္ဒ နဂါးမင်းကို တရားပြပြီး အနိုင်ယူခဲ့တာမဟုတ်ဘူး။ တန်ခိုးဗျာဒိတ်တော်အဖြာဖြာပြပြီး သူသေကိုယ်သေအပြတ်ချပြီးမှ အနိုင်ယူခဲ့တာပါ။ ဘုရားအလောင်းတော် ပဉ္ဇဝုဒမင်းသားဟာ လူ့ဘီလူးကြီးကို တရားဟောပြီးအနိုင်ယူတာမဟုတ်ဘူး။ လက်နက်ငါးပါးနဲ့တော်လှန်ပြီးမှ အနိုင်ယူခဲ့တာပါ။ အခုလို စစ်အာဏာရှင်ဖြုတ်ချရေးမှာလည်း အဂ္ဂသာ၀ကြီးရှင်မောဂ္ဂလန်ကိုယ်တော်မြတ်လို စိတ်နှလုံးမူပြီး ပဉ္ဓဝုဒမင်းသားလို ဇွဲနဲ့သတ္တိမျိုး မွေးမြူကြပါ။ စစ်အာဏာရှင်တွေဟာ အစကတည်းက လူစိတ်ရှိပြီးလူလိုနားလည်ခဲ့ရင် ဒီလိုလုပ်ရပ်မျိုးကိုလုပ်လိမ့်မှာမဟုတ်ဘူး။ ဒါကြောင့် လူလိုနားမလည်တဲ့ကောင်တွေကို လူစကားသွားပြောပြနေတာဟာ ကျွဲပါးစောင်းတီးနေသလိုဖြစ်နေလိမ့်မယ်။
အခုချိန်မှာ လူတွေကြားမှာရှိနေတဲ့ အမုန်းတရားမီးတောက်တွေဟာ အောက်တန်းကျတဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုမျိုးမဟုတ်ဘူး။ မတရားမှုကိုမနှစ်မြို့တဲ့၊ အဓမ္မကိုမုန်းတီးတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမုန်းမျိူးတွေ။ အဲ့ဒီအမုန်းတရားတွေကို စိတ်လွတ်လက်လွတ် မုန်းတီးလိုက်စမ်းပါ။ နောက်ဆုံး အမုန်းမီးတောက်တွေနဲ့ တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်သွားလည်း အဲ့ဒီမီးတောက်တွေဟာ မဟာအဝဝီက ငရဲသားတွေကိုအပြစ်ပေးတဲ့ မီးတောက်တွေအဖြစ်မှတ်ယူလိုက်ကြပါ။ ငရဲမီးဟာ သူယုတ်မာတွေပူလောင်စေပေမယ့်၊ သူတော်ကောင်းတွေကိုတော့ မပူလောင်စေပါဘူး။
ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ဟာ စစ်အာဏာရှင်ပြုတ်ကျဖို့ဆိုတာမမေ့စေချင်ပါဘူး။ ပုဂံခေတ်မှာ မွန်ဘုရင်ဖြစ်တဲ့ မနူဟာမင်းဟာ အနော်ရထာရဲ့အချုပ်အနှောင်ထဲရောက်နေခဲ့လို့ တစ်ရက်ကလေးမှ စိတ်မချမ်းသာခဲ့ပါဘူး။ ဒါကြောင့်လည်း မနူဟာဘုရားဆိုတာဖြစ်လာတာပါ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုဟာ စစ်အာဏာရှင်လက်အောက်မှာဆိုတာ တစ်နေ့ကလေးမှ မေ့မသွားပါနဲ့။ မနူဟာမင်းလို နေ့တိုင်းသတိရနေပါ။ စစ်အာဏာရှင်လက်အောက်မှာလို့ တစ်ခါသတိရလိုက်တိုင်းဟာ အမှန်တစ်ရားကိုမျက်နှာမူဖို့အတွက် ဓမ္မကိုလက်ကိုင်ထားဖို့အတွက် တစ်ခါနီးစပ်နေမှာဖြစ်ပါတယ်။ အနုနည်းပဲဖြစ်ဖြစ် အကြမ်းနည်းပဲဖြစ်ဖြစ် ဘာပဲ တော်လှန် တော်လှန်၊ တော်လှန်ရေးဆိုတာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ပွဲကနားတစ်ခုလို ပွဲပြီးတာနဲ့ ပိုနေမြဲ ကျားနေမြဲ ဖြစ်သွားမှာမဟုတ်ပါဘူး။ သွေးအေးမသွားကြပါနဲ့။ သွေးဆူမနေကြပါနဲ့။ သတိတရားလက်ကိုင်ထားပြီး သွေးနွေးအောင်နေကြပါ။ အခုတိုက်ပွဲတွေဟာ ရေရှည်တိုက်ပွဲတွေအတွက် အစပဲရှိသေးတယ်ဆိုတာမမေ့ပါနဲ့။ ဒါတွေဟာ ကျွန်တော်တို့တိုင်းပြည်ကံကြမ္မာရဲ့အဆုံးသတ်မဟုတ်သေးပါဘူး။ စစ်အာဏာရှင်တွေရဲ့ ကျဆုံးခန်းအစပဲရှိပါသေးတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
Comments