သမိုင်းထဲကအရှုံ:
- Revolution 4.0
- Feb 26, 2021
- 2 min read
Updated: Jul 8, 2021

စင်ပြိုင်အစိုးရဖွဲ့တဲ့ပုံစံမျိုးဟာ NLDအနေနဲ့အခုမှစတင်လုပ်ဆောင်တာမျိုးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း အခုလိုမျိုး စင်ပြိုင်အစိုးရဖွဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းကလည်း ၁၉၉၀ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ခဲ့ပေမယ့် စစ်တပ်ကအာဏာလွှဲမပေးတဲ့အတွက်ကြောင့် NLDဟာ ယခုလိုမျိုးစင်ပြိုင်အစိုးရထောင်ခဲ့တာပါ။
၁၉၉၀မှာစင်ပြိုင်အစိုးရဖွဲ့ကြမယ်ဆိုတဲ့အခါ NLDမှာ ရွေးချယ်စရာ နည်းလမ်းသုံးခုရှိခဲ့ပါတယ်။ ပထမနည်းကတော့ မန္တလေးမှာ အစိုးရဖွဲ့ဖို့ပါ။ တစ်ကယ်လို့ မန္တလေးမှာNLD အနေနဲ့အစိုးရဖွဲ့မယ်ဆိုရင် ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေက တစ်ဗိုလ်တပ်တစ်ဗိုလ်ဆင်းစနစ်နဲ့ အလောင်းချောင်းထပ်ပြီး အမတ်တွေကို အသေခံကာကွယ်မယ်လို့ ကတိပြုခဲ့ကြပါတယ် (မန္တလေးသွေးဟာ သမိုင်းအရ မရိုင်းခဲ့ပါဘူး)။ ဒါပေမဲ့ NLDဟာ အဲ့ဒီနည်းလမ်းကို လက်မခံခဲ့ပါဘူး။ ဒုတိယနည်းကတော့ သံရုံးတွေရဲ့အကူအညီယူပြီး အစိုးရဖွဲ့တာပါ။ ဒီနည်းလမ်းကိုလည်း NLDမရွေးချယ်ခဲ့ပါဘူး။ နောက်ဆုံးနည်းကတော့ လွတ်မြောက်နယ်မြေဒေသတွေမှာ အစိုးရဖွဲ့တာပါ။ ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေရဲ့ အကူအညီကိုယူပြီး ၁၉၉၀ရွေးကောက်ပွဲနိုင်NLDအမတ်တွေဟာ စင်ပြိုင်အစိုးရကို ထူထောင်ခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းကဆို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံတစ်ကာကသံတမန်တွေ၊ မီဒီယာတွေကိုခေါ်ယူပြီး ဒီNLDအမတ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ တရား၀င်အစိုးရပဲလို့ ကြေညာပေးခဲ့ပါတယ်။ တိုင်းရင်းသားတွေဘက်က ရန်ပုံငွေအမြောက်အမြားလည်းထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ NLDအမတ်တွေဟာ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းအားကြီးတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကဆိုပါတယ်။ ငါတို့ဟာ လူထုထောက်ခံမှု legitimacyကိုအပြည့်အ၀ရထားတယ်ဆိုပြီး NLDအမတ်တွေဟာ မောက်မာလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ နောက်ပြီး သူတို့မှာရှိနေတဲ့ legitimacyကို ခွဲပေးရမှာစိုးတဲ့အတွက် တိုင်းရင်းသားတွေကို ဂျောင်ထိုးထားတယ်လို့လည်း ဆိုပါတယ်။ သဘောက NLDဖွဲ့တဲ့စင်ပြိုင်အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေကို နေရာပေးပြီး ဖွဲ့စည်းခဲ့ခြင်းမရှိပါဘူး။ ဒါနဲ့ပဲ NLDအစိုးရဟာ လေထဲမြှောက်တတ်နေတဲ့ စွန်သဘောမျိုးဖြစ်နေပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အနေဝေးခဲ့ပါတယ်။ နောက်ဆုံးကြတော့ နိုင်ငံတစ်ကာသံရုံးမှာ လော်ဘီလိုက်လုပ်တဲ့အဆင့်ပဲကျန်ပါတော့တယ်။ သဘောက သံရုံးတွေဆီသွားပြီး "ငါတို့ကတရား၀င်အစိုးရ ငါတို့ကိုအသိအမှတ်ပြု။ န၀တ/နအဖ အစိုးရက တရားမ၀င်အစိုးရ။ သူတို့ကိုအသိအမှတ်မပြုနဲ့ဆိုပြီး" သံရုံးတွေကိုလိုက်ပြီး လော်ဘီလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကြာတော့လည်း အဲ့ဒီစင်ပြိုင်အစိုးရဟာ တဖြည်းဖြည်းပျက်စီးသွားပါတယ်။
အခု CRPHဆိုတာကလည်း ၁၉၉၀ကလွတ်မြောက်ဒေသမှာထူထောင်ခဲ့တဲ့ စင်ပြိုင်အစိုးရဆိုတာနဲ့ တော်တော်လေးကိုတူပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးကျွမ်းကျင်သူတွေက CRPHကိုပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။ ဘာလို့လည်းဆိုတော့ CRPHအနေနဲ့အခုလုပ်နေတဲ့ပုံစံမျိုးဟာ ၁၉၉၀နဲ့တစ်သွေမသိမ်းတူနေလို့ပါပဲ။ အဓိကက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို CRPHအနေနဲ့ အလေးမထားလို့ဖြစ်ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ခဲ့တာ NLDတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေမှာ နိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေလည်းရှိပါတယ်။ ဥပမာ - SNLDတို့။ အခုလိုမျိုး NLDပါတီတစ်ခုတည်းနဲ့ အစိုးရဖွဲ့မယ့်အစား တိုင်းရင်းသားပါတီတွေနဲ့ပေါင်းပြီး တိုင်းရင်းသားဒေသက လူထုထောက်ခံမှုတွေရအောင်ထိပါ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းသင့်တယ်လို့ ဝေဖန်ထောက်ပြပါတယ်။
နောက်ပြီး CRPHအနေနဲ့ တာ၀န်ယူမှု၊တာ၀န်ခံမှုကို ဒီထက်မက ပိုတိုးပြီးလုပ်ဆောင်သင့်တယ်လို့ထောက်ပြပါတယ်။ ဥပမာ - CDMကိစ္စမျိုးမှာဆိုရင် ပြည်သူ့အစိုးရပြန်တတ်ရင် အလုပ်ပြန်ရမယ်လို့ အာမခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့အစိုးရပြန်ဖြစ်ကိုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုချင်းဆီကို လူထုကိုရှင်းပြဖို့လိုပါတယ်။ CDMလုပ်နေတဲ့ ၀န်ထမ်းတွေရဲ့ဘ၀က ပေးဆပ်ထားတာကြီးပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ ဘယ်လိုနည်းတွေနဲ့အစိုးရမဖြစ် ဖြစ်အောင်ကြိုးစားမလဲဆိုတာ အမြန်ရှင်းပြသင့်ပါပြီ။ အဲ့လိုမှမဟုတ်ပဲ ၁၀ရက်နေရင်ထူးခြားမယ်တို့၊ ၇ရက်အတွင်းထူးလာလိမ့်မယ်တို့က ကလေးကိုမုန့်ပေးနှစ်သိမ့်သလို အင်မတန်ကိုမှ တာ၀န်ခံမှုကင်းမဲ့လွန်းလှပါတယ်။
နောက်တစ်ခုက ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းဖို့ဆိုတာပါ။ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်မှာကျတော့ " ရဲတပ်ဖွဲ့များမှအပ အခြားသူများသည် လုံခြုံရေးတပ်ဖွဲ့ ကရိယာတန်ဆာပလာများကို သုံးစွဲ တပ်ဆင်ခွင့်မရှိ"ဆိုတော့ သဘောက ရဲတပ်ဖွဲ့ကိုပဲ လုံခြုံရေးအတွက်ဆက်လက်အသုံးပြုမယ်ဆိုသလိုဖြစ်နေပါတယ်။ အခုဆို ရဲတပ်ဖွဲ့ကလည်း စစ်ကောင်စီအောက်ရောက်နေပြီဆိုတာ သံသယရှိစရာမလိုတော့သလို၊ မနေ့ကလို တာမွေကအဖြစ်အပျက်မှာဆိုရင်လည်း ရဲတပ်ဖွဲ့က စစ်ကောင်စီရဲ့လက်ကိုင်တုတ်ဆိုတာ ထင်သာမြင်သာရှိလှပါတယ်။ ဒီလိုဆို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီအောက်မှာရောက်နေတဲ့ ရဲတပ်ဖွဲ့များကို မည်သို့မည်ပုံအသုံးပြုရမည်နည်း။ ဒါကြောင့် ဒီအချက်ကို CRPHအနေနဲ့ ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုနေပြီး၊ မူဝါဒနဲ့ အကောင်အထည်ဖော်ရမယ့် လည်ပတ်ရေးယန္တားရားဟာ တစ်လွဲစီဖြစ်နေပါတယ်။
လွန်ခဲ့တဲ့၂နှစ်က ဗင်နီဇွဲလားမှာ စစ်အာဏာသိမ်းခဲ့တုန်းကလည်း စစ်တပ်ဟာ အနိုင်ရအတိုက်အခံပါတီကို အာဏာလွှဲမပေးပဲ တရားရုံးမှာ ခုံရုံးတင်ပြီး ရွေးကောက်ပွဲရလာဒ်ကိုပယ်ဖျက်ခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ အာဏာသိမ်းမှုပုံစံဟာ မြန်မာပြည်အာဏာသိမ်းတာနဲ့ ၈၀%လောက်တူညီနေပါတယ်။ မြန်မာပြည်မှာ CRPHဖွဲ့သလိုမျိုးပဲ ဗင်နီဇွဲလားမှာလည်း လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ပြီး နိုင်ငံတစ်ကာရဲ့ ထောက်ခံမှုကို ရယူဖို့ကြိုးစားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နိုင်ငံပေါင်းလေးဆယ်ကျော်က အနိုင်ရဗင်နီဇွဲလားပါတီအစိုးရအဖွဲ့ကို တရား၀င်အစိုးရအဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ အဲ့ဒီနိုင်ငံတွေထဲမှာ US၊UKနဲ့ EUအဖွဲ့၀င်နိုင်ငံတွေလည်းပါပါတယ်။ ကျန်တဲ့ နိုင်ငံပေါင်းနှစ်ဆယ်ကျော်လောက်က စစ်အာဏာသိမ်း အစိုးရကိုထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်လပိုင်းလည်းရောက်ရော အနိုင်ရဗင်နီဇွဲလားပါတီကို တရား၀င်အစိုးရဆိုပြီး အသိအမှတ်ပြုတဲ့နိုင်ငံက နှစ်ဆယ်ကျော်လောက်ပဲကျန်ပါတော့တယ်။ ဒါကြောင့် အခု CRPHအနေနဲ့လည်း ဒီလိုမျိုးအတွေ့အကြုံတွေကို ကောင်းကောင်းသင်ခန်းစာယူဖို့လိုပါတယ်။ အခု CRPHအဖွဲ့ဆိုတာ ဒေါက်တာ ဆာဆာကို UNကိုယ်စားလှယ်အဖြစ်တတ်ရောက်ဆွေးနွေးတဲ့အဆင့်ပဲရှိပါသေးတယ်။ CRPHကို မြန်မာပြည်ရဲ့ တရား၀င်အစိုးရအဖြစ်တောင် အသိအမှတ်ပြုတဲ့အဆင့် မရောက်သေးပါဘူး။ တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုရင်တောင် ဘယ်လောက်ကြာကြာထိထိ တရား၀င်နိုင်မှာလဲက မေးခွန်းထုတ်စရာပါ။ ဒေါက်တာဆာဆာကို UNကိုယ်စားလှယ်ခန့်တာလောက်ကို အောင်ပွဲရဲ့လမ်းစလို့ပြောဖို့ အလွန့်အလွန်ကိုအလှမ်းဝေးနေသေးပါတယ်။ USနဲ့ EUနိုင်ငံတွေရဲ့ထောက်ခံမှုကိုရထားတဲ့ ဗင်နီဇွဲလားအတိုက်အခံပါတီတောင် အချိန်ကြာလာတော့ ထောက်ခံမယ့်သူ နည်းသထက်နည်းလာပါတယ်။ ဒါတွေကိုရင်ဆိုင်ဖို့ CRPHအနေနဲ့ ဘာတွေပြင်ဆင်သင့်လဲဆိုတာ စဉ်းစားဖို့ အချိန်သိပ်မကျန်တော့ပါဘူး။
CRPHဟာ လူထုရဲ့ legitimacyကြောင့် မျဉ်တန်းပေါ်မှာရှိနေသော်ငြားလည်း အချိန်မရွေး မျဉ်းတန်းအောက်ကို ပြန်ပြုတ်ကျသွားနိုင်ပါတယ်။ ဘာလို့ဆို CRPHကိုယ်တိုင်က ပြည်တွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ၀ရမ်းပြေးဖြစ်နေသလို၊ သိပ်မကြာခင်အချိန်မှာလည်း NLDပါတီကို မတရားအသင်းအဖြစ်ကြေညာပြီး အပြီးတိုင်ဖျက်ဆီးသွားမယ်ဆိုတဲ့အခြေအနေမျိုးတွေ မြင်လာရပါပြီ။ တစ်ကယ်လို့ NLDပါတီကိုမဖျက်သိမ်းဘူးဆိုရင်တောင် ဘက်ပေါင်းစုံကနေ ရွေးကောက်ပွဲမ၀င်နိုင်အောင် စိတ်ဓာတ်ရေးရာအရရော၊ ရုပ်၀တ္ထုပိုင်းအရကော ဖိနှိပ်အမှုန့်ချေဖို့လည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေကိုရင်ဆိုင်ဖို့ အတွက် CRPHအနေနဲ့ကြိုတင်ပြင်ဆင်ထားသင့်သလို၊ လူထုကိုလည်းပွင့်ပွင့်လင်းလင်းချပြဖို့လိုပါတယ်။ ဒါကြောင့် CRPHဟာ စစ်ကောင်စီရဲ့အမိန့်ကိုပြန်လည်ဖီဆန်ထုတ်ပြန်ရုံလောက်နဲ့တင် မလုံလောက်တော့ပဲ၊ ကိုယ်ဘက့်ကအသာစီးပြန်ယူပြီး ထုတ်ပြန်ရမယ့်အမိန့်တွေလည်းရှိသင့်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံအရေးအရ အသာစီးပြန်ယူဖို့ အထူးလိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ၁၉၉၀တုန်းက လွတ်မြောက်နယ်မြေမှာဖွဲ့ခဲ့တဲ့ စင်ပြိုင်အစိုးရလို အစိုးရအဆင့်ကနေ လော်ဘီအဆင့်သာသာလောက်နဲ့ပဲ ပြိုကွဲပျက်စီးသွားပါလိမ့်မယ်။
မှတ်ချက် လူငယ်တွေကြားထဲမှာလည်း CRPHရဲ့လမ်းညွှန်မှုကို ခံယူမလား၊ မခံယူဘူးလားဆိုတဲ့အတွေးအခေါ်တိုက်ပွဲကလည်းရှိနေပါလိမ့်မယ်။ မြန်မာပြည်ထုံးစံအတိုင်းဆို အတွေးအခေါ်တိုက်ပွဲဆိုတာနဲ့ ကွဲကြ၊ပြဲကြ တစ်ဖက်နဲ့တစ်ဖက် ရန်ဆောင်ကြ၊အပြတ်ချကြဆိုတဲ့ ယဉ်ကျေးမှုမျိုး နောက်တစ်ကျော့ပြန်မလာပါစေနဲ့လို့ ဆုတောင်းရင်း...
credit for photo
Comentários