top of page

ဘယ်လဲ‌ဟေ့ မေရိကန်

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 18, 2021
  • 1 min read


မြန်မာပြည်ဟာ မေရိကန်အတွက်ဘယ်‌လောက်အရေးပါလဲဆိုတာသိဖို့ အလွယ်ဆုံးအခြေခံအချက်တစ်ချက်ကိုမူတည်ပြီး ဆုံးဖြတ်လို့ရတယ်။ အဲ့ဒါက မေရိကန်တွေဟာ မြန်မာပြည်အတွက်ပိုက်ဆံဘယ်လောက်များများသုံးလဲ။ ဘာလို့လဲဆိုတော့ မေရိကန်တွေဟာ သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာအရေးပါတဲ့ မဟာမိတ်တွေလို့သတ်မှတ်ထားရင် ငွေကြေးအမြောက်အမြားသုံးစွဲပြီးကူညီလေ့ရှိတယ်။ ဥပမာ အရှေ့အလယ်ပိုင်းဒေသမှာ ဗျုဟာအရအရေးပါတဲ့ အစ္စရေးဆိုရင် မေရိကန်တွေဆီကရန်ပုံငွေတွေကိုသန်းနဲ့ချီပြီးရတယ်။ အာဖဂန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေဟာ မေရိကန်ရဲ့အမျိုးသားလုံခြုံရေးမူဝါဒအရ အရေးပါတဲ့နိုင်ငံတွေ။ ဒါပေမဲ့ အခုချိန်ထိတော့မေရိကန်တွေဟာ မြန်မာပြည်ကိုတစ်ခါမှတော့ ငွေကြေးအလုံးအရင်းနဲ့မကူညီပေးဖူးဘူး။ ဒါဟာဘာကိုဆိုသလဲဆိုရင် မြန်မာပြည်ဟာ သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိ‌မနေဘူးလို့ဆိုလိုတာပဲ။


အရင်ရာစုနှစ်မှာတော့ cold warလို့ခေါ်တဲ့ စစ်အေးတိုက်ပွဲမှာ ဆိုဗီယက်ယူနီယမ်နဲ့မေရိကန်တို့ရဲ့ အိုင်ဒီယော်လော်ဂျီ တိုက်ပွဲဟာပြင်းထန်ခဲ့တယ်။ ဒါပေမဲ့ ဒီဘက်ရာစုနှစ်မှာတော့ တရုတ်နဲ့မေရိကန်တို့ရဲ့ စူပါပါဝါအင်အားချင်းယှဉ်ပြိုင်တာဟာ ပြင်းထန်လာတယ်။ ‌ထူးထူးခြားခြား မေရိကန်တွေဟာ အရင်တုန်းကလို လူအနည်းငယ်ကသာ တရုတ်ကိုမုန်းတီးတာမျိုးမဟုတ်ပဲ ရီပါဘလစ်ကန်ပါတီကရော၊ ဒီမိုကရက်တစ်ပါတီကပါ တညီတညွှတ်တည်း ‌တရုတ်မုန်းတီးရေးဝါဒပြင်းထန်နေတာကိုတွေ့ရတယ်။ မေရိကမှာပညာသင်ယူနေတဲ့ တစ်ချို့တရုတ်ကျောင်းသားတွေတောင် မေရိကန်တွေက နောက်ယောင်ခံ spyအလုပ်မျိုးကို လုပ်ဆောင်နေတယ်လို့ သတင်းတစ်ခုမှာဖော်ပြဖူးတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် တရုတ်နဲ့မေရိကန်ကြားတင်းမာမှုဟာ တော်တော်ပြင်းထန်တယ်ပြောလို့ရတယ်။


တရုတ်နဲ့မေရိကန်တင်းမာမှူမြင့်တတ်လာနဲ့အမျှ ပစိဖိတ်သမုဒ္ဒရာဘက်က ပထဝီနိုင်ငံရေး ငလျင်ပြတ်ရွေ့ကြောကြီးဟာ စတင်လှုပ်ရှားအသက်၀င်လာတယ်။ ဒီ ပစိဖိတ်သမုဒ္ဒရာဟာ ကမ္ဘာ့နိုင်ငံတွေအတွက်တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါ၀င်တယ်။ ဒုတိယကမ္ဘာစစ်ကဆို ဂျပန်တွေဟာ ပစိဖိတ်ဒေသကိုလွမ်းမိုးဖို့အရေး မေရိကန်တွေကိုမိုက်ရူးရဲဆန်ဆန်ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ အခုတစ်ခါ တရုတ်နဲ့မေရိကန်ကြား ဆက်ဆံရေးတင်းမာလာတော့ ပစိဖိတ်ဒေသ နိုင်ငံရေးငလျင်ကြောက တစ်ခါပြန်လည်လှုပ်ရှားအသက်၀င်လာပြန်တယ်။ ဒီငလျင်ကြောကို မဟာဗျူဟာအရ "အင်ဒို-ပစိဖိတ်‌ဒေသ"လို့ခေါ်တယ်။ မေရိကန်တွေရဲ့ နိုင်ငံ‌ခြားရေးမူဝါဒမှာ "အင်ဒို-ပစိဖိတ်ဒေသ"ဟာ အရေးပါလာတာနဲ့အမျှ မြန်မာနိုင်ငံဟာ မေရိကန်တွေအတွက်တော်တော်မဟာဗျူဟာ‌မြောက်လာတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်ဟာ "အင်ဒို-ပစိဖိတ်"ဒေသရဲ့ လုံး၀အချက်အချာကျတဲ့အလယ်ဗဟိုမှာတည်ရှိနေလို့ဖြစ်တယ်။ တရုတ်ရဲ့ ယခုအသုံးပြုနေတဲ့ ပစိဖိတ်သမုဒ္ဒရာလမ်းကြောင်းဟာ မေရိကန်ရေတပ်ကြီးစိုးတဲ့ ဂျပန်၊ဩစတြီးရီးယားဘက်အခြမ်းကနေသွားလာနေတာဖြစ်တယ်။ တရုတ်ဟာ ရေနံရာခိုင်နှုန်းတော်တော်များကို ဒီလမ်းကြောင်းကိုအသုံးပြုပြီး ပို့ဆောင်နေတာဖြစ်တယ်။ တစ်ကယ်လို့ မေရိကန်ရေတပ်ဟာ ဒီလမ်းကြောင်းကိုပိတ်ချလိုက်ရင် တရုတ်အနေနဲ့ ထွက်ပေါက်ပိတ်သွားမယ့်အဖြစ်မျိုးကြုံနေရတယ်။ တရုတ်အနေနဲ့ ဒီအဖြစ်ဆိုးမျိုးကနေရုန်းထွက်နိုင်ဖို့ အခြားထွက်ပေါက်တစ်ခုကိုရှာကြည့်တဲ့အခါ မြန်မာပြည်ကနေ ကျောက်ဖြူ-ကူမင်းလမ်းပိုင်းကိုဖောက်လုပ်ပြီး ရခိုင်ပြည်ကျောက်ဖြူရေနက်ဆိပ်ကမ်းကတစ်ဆင့် အိန္ဒိယသမုဒ္ဒရာဘက်အခြမ်းကို ထွက်နိုင်ဖို့ဖြစ်တယ်။ ဒါ ကြောင့် မေရိကန်ဟာ တရုတ်ရဲ့ထွက်ပေါက်ဖြစ်တဲ့မြန်မာပြည်ကို ဩဇာလွှမ်းမိုးနိုင်မှသာလျှင် တရုတ်ကိုနှစ်ဖက်ညှပ်ပိတ်ပြီး ဂျောင်ပိတ်ရိုက်နိုင်မှာဖြစ်တယ်။ ဒီလိုနိုင်ငံရေးဗျူဟာတွေကြောင့် ယခုအချိန်မှာ မြန်မာပြည်ဟာ မေရိကန်အတွက် တော်တော်လေးအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ပြောလို့ရတယ်။


ဒါပေမဲ့ မေရိကန်အတွက် မြန်မာပြည်ဟာဗျူဟာအရအရေးပါရုံနဲ့ စစ်ရေးအရကူညီလား မကူညီဘူးလားဆိုတာကလည်း တော်တော်စဉ်းစားစရာပါ။ မေရိကန်သမ္မတတွေဟာ အခြားနိုင်ငံတစ်နိုင်ငံကို စစ်ရေးအရကျူးကျော်လိုက်ရင် သူတို့ပြည်တွင်းမှာလူထုထောက်ခံမှူတွေလျော့ကျသွားလေ့ရှိတယ်။ ၁၉၆၂ခုနှစ်မှာ မေရိကန်တွေ ဗီယက်နမ်ကိုကျူးကျော်ခဲ့တုန်းကလည်း ပြည်တွင်းကစစ်ဆန့်ကျင့်ရေးလှုပ်ရှားမှုတွေကြောင့် မေရိကန်သမ္မတတွေဖြစ်တဲ့ ဂျွန်ကနေဒီတို့၊နစ်ဆင်တို့ တော်တော်လေးဝေဖန်ခံခဲ့ရပါတယ်။ အီရတ်ကိုကျူးကျော်တုန်းကလည်း ဂျော့ဘုရှ်တစ်ယောက်လည်း ပြည်တွင်းမှာထောက်ခံမှုတော်တော်လေးလျော့သွားတယ်။ အခုတစ်ခါမှာရော ဂျိူးဘိုင်ဒန်ကရော ဒီလိုအလုပ်မျိုးလုပ်ပါ့မလားဆိုတာတော်တော်စဉ်းစားစရာပါ။ နောက်ပြီး ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီကနေတတ်လာတဲ့ သမ္မတတစ်ယောက်ဖြစ်တယ်။ ရီပါဘလစ်ကန်တွေနဲ့မတူတာက ဒီမိုကရက်တွေဟာ နောက်ဆုံးရွေးစရာလမ်းမရှိတော့မှသာ စစ်ရေးအရအရေးယူတာကိုလုပ်လေ့ရှိတယ်။ ဒါကြောင့် ဒီမိုကရက်သမ္မတတစ်ယောက်ဖြစ်တဲ့ ဂျိုးဘိုင်ဒန်အနေနဲ့ စစ်ရေးကိုရွေးချယ်ပါ့မလားဆိုတာကလည်း နောက်ထပ်စဉ်းစားစရာပါ။


လူတွေနောက်ထပ်ပြောနေတာက မေရိကန်တွေဟာ စစ်တပ်လိုက်ကြီးမြန်မာပြည်ကိုရောက်မလာရင်တောင်၊ အီရန်ဗိုလ်ချုပ်ကိုလုပ်ကြံသလိုမျိုး လေကြောင်းပစ်မှတ်တွေ၊ ဒရုန်းတွေကတစ်ဆင့်လုပ်ကြံနိုင်တယ်ဆိုတဲ့ယူဆချက်မျိုးပါ။ တစ်ကယ်တော့ မအလသေသွားလည်း စစ်တပ်မှာအာဏာရှင်တွေကကျန်မြဲ ကျန်စဲပါ။ စစ်တပ်ဟာ လွတ်လပ်ရေးခေတ်ကတည်းကနေရှိနေတဲ့ အဖွဲ့အစည်းတစ်ခုမို့လို့ သူတို့ဟာ institutionအရခိုင်မာနေပါပြီ။ ‌သမိုင်းကိုပြန်ကြည့်လိုက်ရင် နေ၀င်းမရှိ‌တော့၊ စောမောင်၊ စောမောင်မရှိတော့ သန်းရွှေ၊ သန်းရွှေမရှိတော့ မအလ။ ဒါကြောင့် institutionခိုင်မာပြီးသားဖြစ်တဲ့အတွက် စစ်ဗိုလ်ချုပ်တွေကို လုပ်ကြံသတ်ဖြတ်လည်းအကျိုးဆက်ကထူးမှာမဟုတ်ပါဘူး။ အာဏာရှင်တွေက ကျန်နေအုံးမှာပါ။ နောက်ဆုံး USဟာ သူ့စစ်တပ်ကိုမသုံးပဲ ကုလသမ္မဂလုံခြုံရေးကောင်စီကနေပို့တဲ့ စစ်တပ်မျိုးဆိုရင်ရောဆိုတဲ့ယူဆချက်မျိုးရှိပါသေးတယ်။ အဲ့ဒီနည်းကတော့ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ရှရှားမှာ ဗီတိုအာဏာရှိနေလို့ဖြစ်ပါတယ်။


စစ်ရေးအရအရေးယူတယ်ဆိုတာ ရွေးချယ်စရာတွေမရှိတော့တဲ့အတွက် နောက်ဆုံးရွေးချယ်ရတဲ့နည်းပါ။ ဒီနည်းလမ်းကိုရွေးချယ်ပြီးပြီဆိုရင်တော့ လုံး၀နောက်ပြန်ဆုတ်လို့မရတော့ပါဘူး။ ဒါကြောင့် မြန်မာပြည်ကိုစစ်ရေးအရအရေးယူမယ်ဆိုတာဟာ ဖြစ်လာမှဖြစ်ကရော့၊ ဘာမှမဖြစ်ခင်ထိတော့ ၉၉%မဖြစ်နိုင်ဘူးလို့သတ်မှတ်လို့ရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ မြန်မာပြည်ကို စစ်ရေးအရအရေးယူမယ့်အစား၊ တစ်ခါမှမကြုံဖူးလောက်တဲ့ နိုင်ငံရေးအရ ပြင်းပြင်းထန်ထန်ဖိအားပေးတာမျိုးပဲ အရေးယူနိုင်ပါတယ်။


၁၉၁၄လောက်က ဩစတီးယျ-ဟန်ဂရီအင်ယာပါရဲ့ အိမ်ရှေ့စံမင်းသားကို ဆားဗီးယားကလူသတ်သမားကလုပ်ကြံလိုက်တာနဲ့ ပထမကမ္ဘာစစ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်ခဲ့မှာမဟုတ်ပါဘူး။ အဲ့အချိန်တုန်းက စစ်ဖြစ်မယ်လို့ပြောတဲ့လူကိုတောင် လူအများကကြောင်တောင်တောင်လို့ပြောခဲ့ကြပါတယ်။ ၁၉၃၉လောက်မှာ ဟစ်တလာက ယူဂိုဆလားဗီးယားကို သိမ်းယူရုံလောက်နဲ့လည်း ဒုတိယကမ္ဘာစစ်ဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၆၂ခုနှစ်က ကျူဘား‌ဒုံပျံအရေးခင်းမှာ မေရိကန်‌သဘော်တွေနဲ့ ဆိုဗီယက်သဘော်တွေ ခေါင်းချင်းဆိုင်အနေအထားနဲ့ ပစ်တော့မယ်ဆိုရုံလောက်လေးသာကျန်တော့တဲ့အချိန်မှာ လူတိုင်းဟာ တတိယကမ္ဘာစစ်ဖြစ်ပြီလို့ တထစ်ချသတ်မှတ်ထားပြီးသားပါ။ ဒါပေမဲ့ တတိယကမ္ဘာစစ်ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် စစ်ရေးဆိုတာဟာ ဖြစ်မယ်၊မဖြစ်ဘူးဆိုပြီး တထစ်ချတွက်ဆလို့မရပါဘူး။ ဖြစ်လာမှ ဖြစ်တယ်လို့သာသတ်မှတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာ နောက်ဆုံးရွေးချယ်စရာလမ်းဖြစ်တဲ့အပြင်၊ ရှေ့တိုးပြီးရင် နောက်ပြန်ဆုတ်လို့မရတော့တဲ့ အခြေအနေတစ်ခုဖြစ်ပါ။


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page