top of page

အနောက်မျှော်ဝါဒ ဒါမှမဟုတ် အရှေ့မျှော်ဝါဒ

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 13, 2021
  • 1 min read


မြန်မာပြည်ကြီးဟာ ကိုယ့်နှာခေါင်းပေါက်နဲ့ကိုယ်အသက်မရှုနိုင်တော့ရင် အောက်ဆီဂျင်ပေးနိုင်မယ့်နိုင်ငံတွေကိုမျှော်လင့်တကြီး အားကိုးခဲ့ကြတာအစဉ်အလာတစ်ခုလိုဖြစ်နေပြီ။ ဒါပေမဲ့ဘယ်တော့မှ ထိရောက်တဲ့အကူအညီကိုမရခဲ့ဘူး။


၁၉၆၂ဦးနေ၀င်းအာဏာသိမ်းတော့ မြန်မာလူငယ်တွေဟာ ‌တရုတ်ပြည်မှာရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီဆီက အကူအညီတွေကိုအကြီးအကျယ် မျှော်လင့်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းဆို လူငယ်တွေကို တရားအားထုတ်တဲ့ကောင်တွေလို့တောင် ‌အပြောင်အပျက်ခေါ်ဝေါ်ခဲ့ကြတယ်။ တရားအားထုတ်တယ်ဆိုတာ တရုတ်အားထားကိုပြောတာပါ။ အဲ့ဒီ‌ခေတ်တုန်းကဆို မေရိကန်တွေကို "ဘူဇွာယန်ကီး"ဆိုပြီး အသေမုန်းနေတဲ့အချိန် တရုတ်ပြည်က မော်စီတုန်းကိုကျတော့ ဘုရားတစ်ဆူလိုကိုးကွယ်‌နေတဲ့အချိန်ပါ။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် နှစ်ပေါင်း၃၀နီးပါးသာကြာခဲ့တယ်။ တရုတ်ပြည်က ဘာမှထိရောက်တဲ့အကူအညီကိုမပေးနိုင်ခဲ့ဘူး။ တစ်နည်းအားဖြင့် အရှေ့မျှော်ဝါဒ။


၁၉၈၈ သန်းရွှေအာဏာသိမ်းတော့လည်း အနောက်ဥရောပနိုင်ငံကြီး‌တွေနဲ့မေရိကန်နိုင်ငံဆီက အကူအညီတွေကိုအားကိုးတကြီးမျှော်လင့်ခဲ့ကြပြန်တယ်။ အဲ့ဒီခေတ်တုန်းကကျတော့ ပုလင်းတူဘူးစွတ်အတူတူဖြစ်တဲ့ စစ်အာဏာရှင်ကြီးတွေနဲ့ပေါက်ဖော်တွေကို လူထုဟာရွံ့ရှာမုန်းတီးခဲ့ကြတဲ့အတွက်ကြောင့် တရုတ်မုန်းတီးရေးဝါဒဟာ ကြီးထွားလာခဲ့တယ်။ သို့သော် အိမ်ဖြူတော်ကိုသစ္စာခံတဲ့လူတွေကလည်း အများအပြား။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဟာ နှစ်‌‌ပေါင်း၂၀ကျော်အောင်သာကြာသွားတယ်။ အနောက်အုပ်စုတွေဟာ မြန်မာပြည်ကို တစ်ကယ်ထိရောက်တဲ့အကူအညီတွေ မပေးနိုင်ခဲ့ဘူး။ တစ်နည်းအားဖြင့် အနောက်မျှော်ဝါဒ။

မြန်မာပြည်သမိုင်းအရ အရှေ့မျှော်ဝါဒရော၊ အနောက်မျှောဝါဒရောဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူး။ အခုလည်း ၂၀၂၁အာဏာသိမ်းပွဲမှာလူငယ်တွေက အနောက်မျှော်ဝါဒကိုပြန်လည်အသက်သွင်းကြပြန်ပြီ။ သမိုင်းကိုပြန်ကြည့်ရရင် နိုင်ငံတစ်ကာဟာ ပြည်သူကြမ်းရင် လိုက်ကြမ်းပြပြီး၊ ပြည်သူနုရင် လိုက်နုပြတဲ့ သဘောမျိုးကိုဆောင်နေတယ်။ သဘောက ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊အာဏာဖီဆန်ပွဲတွေ အရှိန်ကောင်းလာရင် နိုင်ငံတစ်ကာမှာ အစည်းအဝေးတွေ ခပ်စိတ်စိတ်လုပ်ပြီး ပြင်းပြင်းထန်ထန်ရှုံချပြ၊ကန့်ကွက်ပြ။ ဒါပေမဲ့ ပြည်သူတွေဖိနှိပ်ခံလိုက်ရပြီ၊ ပြန်သွေးအေးသွားကြပြီဆို နိုင်ငံတစ်ကာက သူတို့နဲ့မဆိုင်တော့သလိုတွေဖြစ်ကုန်ပြန်ရော။ ဒါကြောင့် မြန်မာပြည်အ‌ရေးမှာ နိုင်ငံတစ်ကာရဲ့ကူညီမှုဟာ အထောက်အပံ့ပေးတဲ့အဆင့်မှာပဲရှိတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအားကသာ အဓိကကျတဲ့အခန်းကဏ္ဍဖြစ်ကြောင်း သမိုင်းကသက်သေပြပြီးပြီ။


ဒါပေမဲ့ ခေတ်တွေစနစ်တွေအရ ၁၉၆၂ခုနှစ်နဲ့၁၉၈၈ကာလတုန်းက ကမ္ဘာကြီးဟာ အိုင်ဒီယော်လောဂျီတံတိုင်းတွေကာရံထားတာကြောင့် ပြည်ပအကူအညီတွေဟာ မြန်မာပြည်ကိုထင်သလောက် မထိရောက်ဘူးဆိုတာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ယခုလိုမျိုး ကမ္ဘာတစ်၀န်းမှာ ဒီမိုကရက်တွေအနည်းငယ်နောက်ပြန်လဲကျနေပေမယ့် လစ်ဘရယ်ဒီမိုကရေစီဟာ အားကောင်းတဲ့ မိန်းစထွင်း အိုင်ဒီယော်လော်ဂျီ‌ရေစီးကြောင်းတစ်ခုအဖြစ် ရှိနေတဲ့အတွက်ကြောင့် ဒီတစ်ခါပြည်ပအကူအညီတွေဟာ မြန်မာပြည်အတွက်ထိရောက်လာနိုင်ချေ ၂၀%လောက်တော့ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ၈၀%လောက်ကတော့ ဖြစ်နိုင်ချေမရှိပါဘူး။ ဘာလို့ဆိုတော့ မြန်မာပြည်ရဲ့ အိမ်နီးချင်း တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့မိုက်ဖော်မိုက်ဖက် ဆိုးဖော်ဆိုးဖက်တွေဖြစ်တဲ့အပြင် ကုလလုံခြုံရေးကောင်စီမှာလည်း ဗီတိုအာဏာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။ တရုတ်ပြည်ဟာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်ခုကနေ လာရောက်ဩဇာလွှမ်းမိုးတာမျိုးကိုတော့ လုံး၀လက်ခံမှာမဟုတ်ပါဘူး။ သူရဲ့ဩဇာဖြန့်ကျက်ရေးဖြစ်တဲ့ မြန်မာပြည်ကို ‌အနောက်ဥရောပကလာရောက်ခြယ်လှယ်တာဟာ တရုတ်ပြည်ရဲ့အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေပါတယ်။


မြန်မာပြည်ဟာ ဘာကြောင့်နိုင်ငံကြီးတွေရဲ့ထိရောက်တဲ့အကူအညီကိုမရနိုင်သလဲဆိုရင် - မြန်မာပြည်ရဲ့နိုင်ငံကြားရေးမူဝါဒဟာ ၀န်ကြီးချုပ်ဦးနုခေတ်ကနေ ယနေ့အချိန်ထိ ကြားနေဝါဒကိုပဲကျင့်သုံးပါတယ်။ ဘယ်တော့မှ ဘက်တစ်ဖက်တည်းကိုလိုက်တဲ့ဝါဒကို မကျင့်သုံးပါဘူး။ ဒါကြောင့် ဘက်တစ်ခုတည်းကပေးတဲ့ အင်တိုက်အားတိုက် အကူအညီတွေကိုဘယ်တော့မှမရခဲ့ပါဘူး။ - နိုင်ငံကြီးတွေသုံးတဲ့ ဒစ်ပလိုမေစီဆိုတဲ့ သံခင်းတမန်ခင်းတွေဟာ ရီရယ်လစ်ဇင်ဆိုတဲ့ "အကျိုးစီးပွားသာအဓိက၊ စံတန်ဖိုးတွေကနောက်မှ" ဆိုတဲ့ အိုင်ဒီယာတွေအပေါ် အခြေခံတဲ့အတွက် နိုင်ငံငယ်တွေရဲ့စစ်မှန်တဲ့အပြောင်းအလဲကိုဖော်ဆောင်ဖို့ အားနည်းနေပါတယ်။ - နောက်ဆုံးအချက်ကျတော့ အိမ်နီးနားချင်းမကောင်းတဲ့ မြန်မာပြည်ရဲ့ကံကြမ္မာကြောင့်ပါ။ တရုတ်ပြည်ဟာ မြန်မာပြည်အတွက် ကောင်းကျိုးပေးတာအလွန်နည်းပါတယ်။ ရပ်ကွက်ထဲမှာ အိမ်နီးနားချင်းမကောင်းရင် အိမ်ပြောင်းလိုက်လို့ရပေမယ့်၊ မြန်မာနိုင်ငံကတော့ တရုတ်ပြည်ဘေးနားကနေ ပြောင်းသွားလို့မရပါဘူး

ဒီအချက်တွေကြောင့် မြန်မာပြည်ဟာ ပြည်ပအကူအညီတွေထိရောက်ဖို့အတွက် အခွင့်အလမ်းနည်းနေပါတယ်။


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page