top of page

မြန်မာပြည်ကလူငယ်တွေ ကိုယ့်တန်ဖိုးထားမှုကဘာလဲဆိုတာ ပြန်လည်သုံးသပ်ဖို့လိုလာပြီ

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 12, 2021
  • 1 min read


ကမ္ဘာမှာဖြစ်ခဲ့တဲ့ ဟောင်ကောင်၊ထိုင်း ဆန္ဒပြပွဲတွေကို ဟော့ပေါ့စားတာလောက်သာမြင် မသိချင်ယောင်ဆောင်ခဲ့ကြ၊ မေရိကန်ဆန္ဒပြပွဲတွေကို profileလေးချိန်း socialဆန်ပြခဲ့ကြပြီးကျမှ အခုကျတော့ နိုင်ငံတစ်ကာသွေးစည်းညီညွှတ်မှုတို့၊ UNအရေးတို့၊ ကမ္ဘာကြီးရဲ့အာရုံစိုက်မှုတွေကို အရေးတစ်ကြီးမျှော်လင့်နေကြပြီ။ ကမ္ဘာ့အရေးတွေမှာ စိတ်ဝင်စားမှုနည်းခဲ့တဲ့မြန်မာလူငယ်တွေဟာ၊ အခုကျတော့ မြန်မာပြည်ကို ကမ္ဘာကြီးကကယ်တင်ဖို့ အသည်းအသန်တောင်းဆိုနေကြပြန်ပြီ။ ကျွန်တော်တို့ဟာ ဘာလဲ ဘယ်လဲ။


တိုင်းရင်းသားပါတီတွေကို မိုးမွှန်အောင်ဆဲ၊ စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်ချင်းစာရမယ်မှန်းနားမလည်ခဲ့။ မြို့ကြီးတစ်ချို့ကလွဲပြီး မြန်မာပြည်ရဲ့ ၆၀%လောက်က စစ်ဖြစ်နေတဲ့အချိန်မှာတောင် ငြိမ်းချမ်းတဲ့ဒေသကလူတွေဟာ မြန်မာပြည်မှာစစ်ဖြစ်နေတယ်ဆိုတာကို ယောင်လို့တောင် ခေါင်းထဲအသိတရားထဲမရောက်ခဲ့ပဲ ကိုယ်လုပ်စရာရှိတာကိုသာလုပ်ကြ။ ပျော်မြဲပျော်စဲ နေမြဲနေစဲ။ အခုကျမှ KNUတို့ KIOတို့ကလာလုပ်နေလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘာလုပ်နေလဲတို့။ တို့ပြည်ထောင်စုသားတွေ စည်းလုံးရအောင်လို့ပြောနေတာဟာ တရားမျှတရဲ့လားဆိုတာ ကိုယ့်ဘာကိုယ်ပြန်စဉ်းစားသင့်တယ်။


Generation Zရဲ့ အဓိကအလယ်အူတိုင်ဟာ နည်းပညာဖြစ်တဲ့အတွက်ကြောင့် နေ့စဉ်ဘ၀‌တွေဟာ နည်းပညာပင်လယ်ပြင်ကြီးထဲမှာစီးမျောနေခဲ့တာကြာပါပြီ။ နိုင်ငံရေး၊ သမိုင်း၊ ဘောဂဗေဒ၊ လူမှူသိပ္ပံဆိုတဲ့အရာတွေကို ခေတ်နောက်နေကျသလိုလို၊ ကိုယ်နဲ့မဆိုင်သလိုသဘောထားပြီး ခပ်ဝေးဝေးမှာနေခဲ့ကြတယ်။ အခုလိုအခြေအနေမျိုးမှာ နည်းပညာဆိုတဲ့ အလယ်အူတိုင်ကနေ တစ်ဖြည်းဖြည်းချင်းကွာလာတော့ နိုင်ငံရေးဝိညဏ်လေးဟာ ဝုန်းခနဲ မီးထတောက်ခဲ့ကြပြီ။ မေ့မေ့လျော့လျော့ထားခဲ့ကြတဲ့ ဘာသာရပ်တွေက ကိုယ်တွေအနာဂတ်ကိုအဆုံးအဖြတ်ပေးမယ့် လမ်းညွှန်ချက်တွေဖြစ်လာပြီ။


ဒါကြောင့် ဒီပြသာနာကြီးတွေပြီးသွားတဲ့အခါ မြန်မာပြည်ကလူငယ်တွေ ကမ္ဘာကြီးကို နည်းပညာဆိုတဲ့မှန်ပြောင်းကနေ နည်းနည်းလောက်ခွာကြည့်ကြည့်ပါ။ အရင်တုန်းက သတိမထားမိခဲ့တဲ့ပြသာနာတွေအများကြီးတွေ့ရပါလိမ့်မယ်။ နောက်ပြီး ကိုယ်ဟာ ဘာကိုတန်ဖိုးထားလဲဆိုတာပြန်သုံးသပ်ပါ။ ကိုယ့်ဘ၀အတွက် တန်ဖိုးထားတဲ့အရာတော့ လူတိုင်းမှာရှိပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးထွေထွေထူးထူးစဉ်းစားစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် တန်ဖိုးထားတဲ့အရာ၊ ကိုယ့်ကမ္ဘာကြီးအတွက် တန်ဖိုးတဲ့အရာ‌တွေကို စဉ်းစားကြည့်ပါ။ ဘာကြောင့်လဲဆို ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားမှုဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်နေလို့ပဲ။


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page