ဖာခေါင်းလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေး
- Revolution 4.0

- Feb 11, 2021
- 1 min read
Updated: May 20, 2021

ခင်ဗျားတို့ ဦးနှောက်ထဲမှာ သိထားရမှာက "အမိန့် အမှတ် ၁/၂၀၂၁ ဤအမိန့်သည်ဥပဒေကဲ့သို့ အာဏာတည်၏"လို့ ထုတ်ပြန်လိုက်တဲ့စာထွက်ပြီဆိုတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိုတာမရှိတော့သလို၊ ၂၀၀၈ခြေဥဆိုတာလည်းမရှိတော့ဘူး။ မအလက ခြေဥကိုမဖျက်သေးဘူးဆိုတာ သူ့ပိုက်ဘော သူမနိုင်လို့ ဒုက္ခရောက်နေတာ။ ၂၀၀၈က စစ်တပ်ရဲ့ဘုရားသခင်။ စစ်တပ်ထဲက အာဏာရူးမျိုးမစစ်တစ်သိုက်ကို တရားစွဲလို့မရအောင် ၂၀၀၈ကကာကွယ်ပေးထားတာ။ မအလက ၂၀၀၈ကိုဖျက်လိုက်ရင် ကိုယ့်သေတွင်းကိုယ်တူးတာ ဖြစ်သလို၊ ခုနေမဖျက်ပြန်ရင်လည်း နိုင်ငံတော်ပုန်ကန်မှုမြောက်နေတယ်။ အဲ့တော့ အခြေအနေအချိန်အခါကိုကြည့်ပြီး ၂၀၀၈ကိုသုံးတတ်ရမယ်။
အခုတစ်လော CDMလှုပ်ရှားမှုမှာ ပါ၀င်မလာတဲ့လူတွေရဲ့ပါးစပ်က ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီး ပြောနေတာတွေ့ရတယ်။ ပြောချင်တာက အလုပ်ဆင်းချင် ဆင်းမယ်၊ မဆင်းချင် မဆင်ဘူး။ ဒါသူတို့လုပ်ပိုင်ခွင့်ပေါ့။ အဲ့ဒီလိုကျပ်မပြည့်ဂေါက်သီးတွေကို ပြောချင်တာ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းကတည်းက ဒီမိုကရေစီဆိုတာမရှိတော့ဘူး။ စစ်တပ်အာဏာသိမ်းတဲ့စနစ်အောက်မှာ ဒီမိုကရေစီဆိုပြီးလာပြောနေတာဟာ သခင်စိုးပြောသလို "ဖာခေါင်းဦးဆောင်တဲ့ ပြည့်တန်ဆာပပျောက်ရေး"ကို ယုံကြည်သလိုဖြစ်နေတယ်။
နောက်ပြီး အိမ်ကအဖေကလေဖြတ်နေလို့၊ မောင်လေးရဲ့ကျောင်းစရိတ်ဆိုပြီး မျက်ရည်ချူချက်ကလည်း ညငှက်လေးတွေထက်တောင် ဒရမ်မာကောင်းသေးတယ်။ ကိုယ်တွေအနေနဲ့ တစ်ကယ်အခက်ခဲရှိတဲ့လူတွေကို ကူညီဖို့အတွက် တစ်ကယ်ကူညီပေးနေတဲ့အဖွဲ့နဲ့ ဆက်သွယ်ပေးတော့လည်း မဟုတ်ရပြန်ဘူး။ ငါရဲ့ ၀န်ထမ်းအနာဂတ်လေး၊ တစ်ကယ်လို့ ဒီတိုက်ပွဲမအောင်မြင်ရင် ဘယ်လိုလုပ်မလဲတဲ့။ လမ်းပေါ်မှာ ဘယ်အချိန်ပစ်လို့ ပစ်ခံရမယ်မှန်းမသိတဲ့ လူငယ်တွေရဲ့အနာဂတ်၊ CDMလုပ်လို့ ညဘက်လူအိပ်ချိန် ခွေးဆွဲသလို ဆွဲခံနေရတဲ့ လူတွေအနာဂတ်ကရော ဘာတွေကျိန်းသေနေလို့လဲ။ လူငယ်တွေက သူတို့ရဲ့အနာဂတ်တွေနဲ့ပုံအောပြီး စစ်အာဏာရှင်ကိုဖြုတ်ချနေကြတာ။ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးတော့ပဲ စဉ်းစားမနေကြပါနဲ့။
နောက်တစ်ခုက ၀န်ထမ်းဆိုတာ ပါတီနိုင်ငံရေးမလုပ်ချင်ဘူး။ ၀န်ထမ်းကနိုင်ငံရေးနဲ့ကင်းရှင်းရမယ်။ ၀န်ထမ်းဆိုတာ ဘယ်အစိုးရတတ်တတ် သူ့သစ္စာတော်ခံရမယ်ဆိုတဲ့ စောက်တစ်လွဲအယူအဆတွေနဲ့ brainwashခံထားရတဲ့ လူတွေကိုပြောချင်တာက ခုချိန်မှာ နိုင်ငံရေးဆိုတာမရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့နိုင်ငံမှာ နိုင်ငံရေးတို့၊ တရားဥပဒေတို့ဆိုတာ မိန်းမရွှင်ပါးစပ်က ခေါ်ဈေးလိုပဲ။ အာဏာရှိတဲ့လူက သုံးချင်သလိုသုံးနိုင်တယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာမရှိတော့ဘူး။ အမှားနှင့်အမှန် ဓမ္မနှင့်အဓမ္မသာရှိတယ်။ ခုချိန်မှာ ဓမ္မဘက်မှာရပ်တည်မှာလား အဓမ္မဘက်မှာရပ်တည်မလားဆိုတာပဲ အရေးကြီးတော့တယ်။ ဒီလိုရှင်းလင်းနေတာကိုမှ နားမလည်နိုင်ရင်တော့ စစ်ကျွန်ပညာရေးနဲ့ ကြီးပြင်းလာခဲ့ရလို့ စစ်ဘောမရတာ အရသာတွေ့နေတယ်လို့ပဲ ယူဆလိုက်တော့တယ်။
credit for photo







Comments