လူထုအရေးတော်ပုံ
- Revolution 4.0
- Feb 2, 2021
- 1 min read

မြန်မာပြည်မှာဆန္ဒပြတဲ့နည်းနဲ့စစ်တပ်ကိုဖြုတ်ချမယ်ဆိုရင်တော့ ကိုယ့်အသက်ကို အိမ်မှာတစ်ခါတည်း သရဏဂုံတင်ခဲ့ကြဖို့လိုလိမ့်မယ်။
ကျွန်တော်တို့သိခဲ့ကြတဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေ၊ ထိုင်းဆန္ဒပြပွဲတွေ၊ မေရိကန်ဆန္ဒပြပွဲတွေလို မီးသတ်ပိုက် တွေ၊မျက်ရည်ယိုဗုံးတွေလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး။ မြန်မာပြည်မှာက အထက်အမိန့်ကိုလွန်ဆန်လို့မရလို့ပါဆိုပြီး ပြည်သူတွေအသက်ကိုကြက်ကလေး ငှက်ကလေးသတ်သလို G3ကျည်အတောင့်လိုက်နဲ့ တရကြမ်းဆွဲတာကိုခံရလိမ့်မယ်။ သေနတ်ပစ်ခံရလို့မသေပဲ အဖမ်းခံရရင်တောင် စစ်ကြောရေးမှာအပိတ်ခံပြီး ဒုက္ခတိဘ၀ရောက်ဖို့ကလည်း သေချာသလောက်နီးပါးပဲ။ အာဏာရှင်တွေဟာ ပြည်သူတွေသွေးနဲ့ခြေဆေးကြဖို့ လက်တွန့်နေကြမှာမဟုတ်ဘူး။
ဒါပေမဲ့ အခုလူတွေကလည်း ဒါတွေကိုတွေးကြောက်ပြီး ၈၈မှာဆန္ဒပြခဲ့တာ လူတွေသေတာပဲအဖက်တင်တယ်။ နောက်ဆုံးတော့စစ်အာရှင်တွေအုပ်ချုပ်တာပဲမလားဆိုပြီး အဲ့ဒီအချက်ကိုအကြောင်းပြုပြီး ဆန္ဒပြပွဲတွေကိုအပြစ်တင်နေကြတယ်။ ၈၈လို ထပ်မဖြစ်အောင်ဘာညာပေါ့။ တစ်ခုပြောရရင် မဆလဆိုတဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကို ဗကပဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကနှစ်ပေါင်း ၂၀ကျော်ကြာအောင် လက်နက်ကိုင်တိုက်ခဲ့ပေမယ့် မဆလအစိုးရပြုတ်ကျမသွားဘူး။ 88မှာ လက်နက်မဲ့တဲ့လူအုပ်ကြီးက ဖြုတ်ချလို့ နေ၀င်းနဲ့မဆလပါတီဟာ ချက်ချင်းပဲပြုတ်ကျသွားခဲ့ရတယ်။ 88က တစ်ပါတီအာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေတယ်၊ ၂၀၁၀ပါတီစုံရွေးကောက်ပွဲကို လမ်းဖွင့်ပေးတယ်။ အဲ့ဒါ၈၈ရဲ့အောင်မြင်မှုပဲ။ ဒါပေမဲ့ စွန့်လွှတ်ခဲ့ရတဲ့အသက်တွေကတော့မနည်းဘူး။
ကျွန်တော်ထင်တယ် အခုfbမှာသူ့လူကိုယ့်ဘက်သားတွေရောနေတယ်။ သတင်းအမှားအမှန်ကလည်းခွဲခြားရခက်နေတယ်။ ကျွန်တော်အနေနဲ့ဆိုရင် ၇၂နာရီဆိုတာဘာမှမရှိဘူးဆိုတဲ့အကြောင်း မနေ့ကတည်းကပြောခဲ့ပြီးပြီ။ ဒါဟာတစ်ကောင်ကောင်ထွင်သွားတဲ့ ဂျင်း။ နောက်ပြီး UNတပ်တွေ။ ဘယ်အကြောင်းနဲ့မှရောက်လာစရာမရှိဘူး။ ဗီတိုအာဏာရှိတဲ့ တရုတ် ရှရှားက ထောက်ခံမယ်ထင်လား။ အမှန်တိုင်းပြောရရင် ဘာကိုးစရာမှမရှိဘူး။ ကျွန်တော်တို့မှာအားကိုးစရာ ခေါင်းဆောင်ပဲရှိတယ်။
အဲ့ဒီလိုပြောလို့လမ်းပေါ်ထွက်ခိုင်းနေတာမဟုတ်ဘူး။ သတိနဲ့နေခိုင်းတာ။ အခုလူတွေကသွေးအေးသွားကြတယ်။ နောက်ပြီး ၈၈လိုမဖြစ်အောင်ဆိုတဲ့ အကြောက်တရားတွေကြီးနေတယ်။ တပ်မတော်ကကျင်းပပေးတဲ့ ရွေးကောက်ပွဲကိုမျှော်လင့်နေကြတယ်။ ၁၉၉၀တုန်းကတပ်မတော်ရွေးကောက်ပွဲလုပ်တုန်းကလည်း NLDပါတီအနိုင်ရပေမယ့်အာဏာမလွှဲခဲ့ဘူး။ ၂၀၁၀ရွေးကောက်ပွဲကျတော့ မဲခိုးတယ်။ တစ်ကယ်လို့သန့်သန့်ရှင်းရှင်းလုပ်ပေးရင်တောင် အစိုးရအဖွဲ့ထဲကြံ့ခိုင်ရေးတစ်၀က်ကိုထည့်ပေးအုံးမှာ။ သမိုင်းမှာတောက်လျှောက်ကလိမ်ကကျစ်ကျခဲ့တဲ့ တပ်မတော်ဆိုတဲ့ institutionကိုယုံကြည်တဲ့ကောင်ဟာ တော်တော်ဦးနှောက်မရှိလို့ဖြစ်မယ်။ အာဏာရှင်တွေကို ကျွန်တော်လည်းကြောက်တယ်။ အသေခံရမှာ မကြောက်ပဲနေမလားဗျာ။ ဒါပေမဲ့ အခုဟာက ကြောက်အားပိုပြီး အားလုံးဆေးဆေးနေကြပါ အေးဆေးကြပါနဲ့ သတိလက်လွတ်တွေဖြစ်ကုန်ကြပြီ။ ဒါဟာ ဒီတိုင်းပြည်ရဲ့ ကံကြမ္မာပဲလို့ထင်နေကြပြီ။ တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ ပြည်သူတွေရေးရတာ အာဏာရှင်တွေရေးရတာမဟုတ်ဘူး။ အခုဆိုလွတ်မြောက်နယ်မြေမှာရောက်နေတဲ့ ကိုမင်းကိုနိုင်ပြောပုံအရဆို အနုနည်းနဲ့အာဏာဖီဆန်တဲ့နည်းကိုရွေးလိုက်ပြီလို့ပြောရတယ်။ အနုနည်းနဲ့အာဏာဖီဆန်တယ်ဟာ ဂန္ဒီနည်းနာကိုလိုက်တာပဲ။ ဂန္ဒီရဲ့အကြမ်းမဖက်တဲ့အာဏာဖီဆန်ရေးဟာ စစ်အင်အားကြီးမားတဲ့ ဗြိတိသျှအင်ပါယာကြီးကို ဖိန့်ဖိန့်တုန်အောင်တုန်လှုပ်ချောက်ချားစေခဲ့တယ်။ အခုတော့ အခြေအနေအရ လမ်းပေါ်မထွက်ကြပဲ အနုနည်းနဲ့အာဏာဖီဆန်ကြရမယ်။
ဒါပေမဲ့ အခုတော့ လမ်းပေါ်ထွက်ရင်ကို ဒေါ်စုကမကြိုက်သလိုလို၊ နည်းနည်းလောက်တင်းတင်းမာမာလုပ်ပြရင်တောင် ဒေါ်စုကမညွှန်ကြားထားသလို ရေးတင်နေကြတဲ့လူတွေက ကျားပေါက်သီချင်းထဲကလို ဗြောက်တွေကိုကြောက်လို့လား၊ တစ်ကယ်စေတနာရှိလို့လားဆိုတာ ပြန်လည်စဉ်းစားကြဖို့အချိန်တန်ပြီ။ ကျွန်တော့်အထင် အခုအာဏာသိမ်းပွဲက ဘာသွေးထွက်သံယိုမှုမှမဖြစ်ပဲ အေးဆေးပြီးသွားပြီ။ အာဏာရှင်တွေလိုချင်တာလည်း ဒါပဲထင်တယ်။ ဒီလိုပြောလို့ လမ်းပေါ်ထွက်ခိုင်းနေတာမဟုတ်ဘူး။ အားလုံးသွေးအေးမသွားကြဖို့ မတရားမှုကို တိုင်းပြည်ရဲ့ကံကြမ္မာဆိုပြီး မပုံချပစ်ဖို့ပါ။
ကျွန်တော်တို့အရှေ့က Generation Xက ဖက်ဆစ်စနစ်၊ ကိုလိုနီစနစ်ကိုတော်လှန်ရင်း အသက်ပေးခဲ့ကြတယ်။ Generation Yက တစ်ပါတီအာဏာရှင်ကိုဖြုတ်ချခဲ့ကြတယ်။ အခုကျွန်တော်တို့ Generation Zက ဘယ်လဲ ဘာလဲ။ ဒါကြီးကတိုင်းပြည်ရဲ့ကံကြမ္မာပါကွာလို့ ပုံချလိုက်ရင်တော့ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေက သမိုင်းစာမျက်နှာပေါ်က Gen Zရဲ့အခန်းစာမျက်နှာကိုတံထွေးနဲ့ထွေးပစ်ကြမှာပဲ။ အခုချိန်ဟာ တိုင်းပြည်ရဲ့ကံကြမ္မာကို ပြည်သူတွေပုခုံးပေါ်ထမ်းတင်ပေးလိုက်တဲ့အချိန်ရောက်ပြီ။ ကျွန်တော်တို့ဟာ ဒီတာ၀န်ကိုဒီအတိုင်းဘေးရှောင်နေမှာလား။ ဒါမှမဟုတ် တာ၀န်သိသိနဲ့၀င်ထမ်းကြမှာလား။
ဆရာကြီးဗန်းမော်တင်အောင်ပြောသလိုပဲ
"လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူဖြတ်သန်းလာတဲ့ခေတ်တစ်လျှောက်
သူ့ပုခုံးပေါ်ထမ်းတင်ပေးလိုက်တဲ့ သမိုင်းပေးတာ၀န်ကို
ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲဆိုတဲ့
အချက်နဲ့တိုင်းတာတယ်"
Comments