တော်လှန်ရေးအတတ်အကျ
- Revolution 4.0
- Feb 10, 2021
- 1 min read

ဒီနေ့လိုဆန္ဒပြပွဲတွေကို ပျော်တယ်ပဲပြောပြော၊ပျက်တယ်ပဲပြောပြော ကျွန်တော်ကတော့သဘောကျပါတယ်။
မနေ့ကဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဲနဲ့ဆန္ဒပြသူတွေ တင်းတင်းမာမာ ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ကျတော့ အားလုံးဟာ သူတို့မဟုတ်သလိုမျိုးတွေ ဖြစ်ကုန်ကြပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဒီနေ့ဆန္ဒပြမှုပုံစံကြောင့်ပါ။ သူတို့ဘက်ကတင်းရင် ကျွန်တော်တို့ဘက် လျော့ရပါမယ်။ သူတို့ဘက်ကလျော့ရင် ကျွန်တော်တို့ဘက်က ပြန်တင်းရပါမယ်။
ဆန္ဒပြပွဲတွေက အရမ်းကြီးတင်းမာလာပြီလို့ ခံစားရရင် ဆန္ဒပြပွဲတစ်ခုလုံးကို ပျော်ပွဲရွှင်ပွဲပုံစံအဖြစ် ပြောင်းလဲလိုက်ပါ။ သူတို့ကို စောက်ဂရုမစိုက်သလို၊ စောက်ဖတ်မလုပ်သလို၊ အာရုံထဲမထည့်သလို ပုံစံဖမ်းလိုက်ပါ။ သူတိူ့ဘက်က ဘယ်လိုထင်ထင်ဂရုစိုက်စရာမလိုပါဘူး။ နောက်ကျရင် သူတို့လည်း လျော့တိလျော့ရဲပြန်ဖြစ်လာမယ်။ အဲ့အချိန်ကျမှ ပျော်ပွဲရွှင်ပွဲတွေကို ဆန္ဒပြပွဲတွေအဖြစ် ပီပီပြင်ပြင်ဖြစ်အောင် ပြန်ပြောင်းလဲလိုက်ပါ။ အဲ့အချိန်ကျရင်တော့ ကိုယ်ဘာတောင်းဆိုချင်တာလဲကို မမှိတ်မသုန်ယုံကြည်ပြီး အဓိကရည်ရွယ်ချက်ကိုပဲ ဦးတည်လုပ်ပါ။
မော်စီတုန်းရဲ့ ပြောက်ကျားစစ်မှာ ရန်သူကိုအလစ်တိုက်ပြီး မိမိဘက်ကလူတွေအထိအခိုက်မရှိ ပြန်ဆုတ်ခွာလာနိုင်ရမယ်ဆိုပြီး လမ်းညွှန်ထားပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်း ရဲတွေ၊စစ်တပ်တွေက ကိုယ်တွေကိုပျော်ပွဲရွှင်ပွဲကျင်းပနေသလိုမျိူးထင်အောင် အာရုံလွှဲပါ။ သူတို့မထင်မှတ်ထားတဲ့အချိန်ရောက်မှ အင်နဲ့အားနဲ့ သပိတ်စစ်ကြောင်းတွေနဲ့ အလစ်ပြန်၀င်တိုက်ရပါမယ်။ အဲ့ဒီလိုတိုက်ပြီး နောက်နေ့တွေကျတော့ ပျော်ပွဲရွှင်ပွဲပုံစံတွေပြန်ဖမ်း။ အဲ့ဒီနည်းနဲ့ CDMအောင်မြင်နိုင်တဲ့အချိန်အထိ ရေရှည်ဆွဲဆန့်ပါမယ်။
တော်လှန်ရေးဆိုတာ ဒီရေအတတ်အကျလို သဘောမျိုးရှိပါတယ်။ အရှိန်နဲ့တတ်သင့်တဲ့အချိန်တတ်ပြီး၊ အရှိန်နဲ့ပြန်ဆုတ်သင့်တဲ့အချိန်ကို ပြန်ဆုတ်ရပါမယ်။ အဲ့ဒီလိုမဟုတ်ပဲ အမြဲတမ်းအင်ပြည့်အားပြည့် အရှိန်နဲ့တတ်နေမယ်ဆိုရင်တော့ တပ်ဦးကျွံပြီး အချိုးခံရပါလိမ့်မယ်။ ဒါကြောင့် ဆန္ဒပြပွဲတွေရဲ့ အတတ်၊အကျကို ကောင်းကောင်းထိန်းချုပ်နိုင်ရင် ရေရှည်တိုက်ပွဲအတွက်အဆင်ပြေမှာပါ။
မြန်မာပြည်က ပညာရှင်ကြီးတွေက Generation Zရဲ့ အခန်းကဏ္ဍကိုစောင့်ကြည့်နေကြပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ရဲ့လိမ္မာပါးနပ်မှုကိုပြနိုင်ရင် လူကြီးတွေအနေနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ကျွန်တော်တို့လက်ထဲမှာစိတ်ချလက်ချထားခဲ့နိုင်ပါလိမ့်မယ်။ Generation Zရဲ့ အဓိကအားသာချက်ဟာ Technologyဆိုတဲ့နည်းပညာနဲ့ Flexibilityဆိုတဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်းဆိုတာကို သက်သေပြရပါမယ်။ Generation Zဆိုတာဟာ မိုက်ရူးရဲဆန်တာမျိုးမဟုတ်ပဲ ညဏ်ပညာကိုအခြေခံတဲ့မျိုးဆက်တစ်ခုဖြစ်ကြောင်းကို သက်သေပြဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံးပါပဲ။
credit for photo
Comments