top of page

အင်အားချိန်ခွင်လျှာ

  • Writer: Revolution 4.0
    Revolution 4.0
  • Mar 20, 2021
  • 2 min read


Ken follett‌ ရေးသားတဲ့ Fall of Giants ဆိုတဲ့စာအုပ်ကို ဆရာလှစိုးဝေက မဟာတို့ရဲ့ကျဆုံးခန်းဆိုပြီး အပိုင်း ၉ပိုင်းခွဲပြီးဘာသာပြန်ထားပါတယ်။ အဲ့ဒီစာအုပ်ထဲက နေရာတော်တော်များမှာ သုံးထားတဲ့ အင်အားချိန်ခွင်လျှာဆိုတဲ့အကြောင်းကို စိတ်၀င်စားလို့ လိုက်ရှာဖတ်ကြည့်မိတယ်။ တရုတ်နဲ့မေရိကန်တို့ရဲ့ အားပြိုင်မှုနဲ့လည်း ကြုံနေတာကြောင့်.......


ကမ္ဘာ့နိုင်ငံရေးမှာ ပြောလေ့ရှိတဲ့ "အင်အားချိန်ခွင်လျှာ"ဆိုသည်မှာ မိမိရဲ့ရှိပြီးသားဩဇာအာဏာသက်ရောက်မှုကို အခြားနိုင်ငံတစ်ခုက ပုခုံးချင်းယှဉ်တန်းတူစိန်ခေါ်လာနိုင်တဲ့အချိန်အခါမျိုးကို ရည်ညွှန်းလေ့ရှိသည်။ အင်အားချိန်ခွင်လျှာဆိုသည့်အသုံးအနှုန်းသည် ကမ္ဘာ့အ‌ ရေးခင်းတော်တော်များများ၏ အဓိကရေစီးကြောင်းတစ်ခုဖြစ်သည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ဖြစ်ရခြင်းရဲ့ အရင်းခံပင်မအကြောင်းအရင်းသည်ပင်လျှင် ဥရောပတိုက်၏ နိုင်ငံရေးအင်အားချိန်ခွင်လျှာအပြောင်းအလဲကြောင့်ဖြစ်သည်။

ဥရောပကိုခွဲခြမ်းစိတ်ဖြာကြည့်သောအခါ အဓိကအားဖြင့် အမျိုးအစားလေးမျိုးပိုင်းခြားလို့ရသည်။ ပထမတစ်မျိုးက အတ္တလန်တစ်ဥရောပ။ အတ္တလန်တစ်ဥရောပဆိုသည်မှာ အတ္တလန်တစ်သမုဒ္ဒရာနှင့် မြောက်ပင်လယ်ကို မျက်နှာချင်းဆိုင်ထားသောနိုင်ငံများဖြစ်သည်။ ဥပမာ - အဂ်လန်၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်၊ ဘယ်ဂျီယံ။ ဒုတိယတစ်မျိုးက ဗဟိုဥရောပ။ ဗဟိုဥရောပဆိုသည်မှာ ဆွစ်ဇလန်၊ ချက်၊ပိုလန်၊ ဂျာမနီနှင့် အီတလီ စသည့်နိုင်ငံများဖြစ်သည်။ အဓိကအားဖြင့် ဂျာမနီနှင့် အီတလီကိုဆိုလိုသည်။ တတိယတစ်မျိုးက အရှေ့ဥရောပ။ အရှေ့ဥရောပဆိုသည်မှာ ဘော်တစ်မှပင်လယ်နက်ဒေသကြား နိုင်ငံများကိုဆိုလည်။ အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆိုဗီယက်ဩဇာခံနိုင်ငံများဖြစ်ကြသည်။ နောက်ဆုံးတစ်မျိုးကတော့ ပင်မဥရောပကြီးလောက်အရေးမပါသော စတုတ္တမြောက် ဥရောပဖြစ်တဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံများဖြစ်သည်။ ဥပမာ - ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်။


၁၈ရာစု ၁၉ရာစုနှစ်များတွင် စွမ်းရည်မြင့်ကုန်ထုတ်လုပ်ငန်းများနှင့်အတူ ကြီးမားကျယ်ပြန့်သော အင်ပါယာနယ်မြေများကို ပိုင်ဆိုင်ထားသောနိုင်ငံကြီးမှာ အတ္တလန်တစ်ဥရောပမှဖြစ်သည်။ သို့သော် ၂၀ရာစုနှစ်ဆန်းပိုင်းသို့ရောက်‌လာသောအခါ ဗဟိုဥရောပနိုင်ငံများ၏ ဩဇာသက်ရောက်မှုကကြီးထွားလာသည်။ အတ္တလန်ဥရောပရဲ့ ဩဇာနယ်ပယ်သည် တဖြည်းဖြည်းကျုံ့၀င်လာသယောင်ရှိလာပြီး၊ ဗဟိုဥရောပနိုင်ငံများ၏ ဩဇာဖြန့်ကျက်ရေး ရပ်၀န်းမှာ တဖြည်းဖြည်းကျယ်ပြန့်လာသည်။ ဤသည်ပင်လျှင် ဥရောပတိုက်ကြီးကို စစ်မြေတလင်းဖြစ်အောင် ပြောင်းလဲလိုက်သော အဓိကအရင်းခံဖြစ်သည်။ အတ္တလန်တစ်ဥရောပနိုင်ငံများသည် ကြီးထွားလာသော ဗဟိုဥရောပနိုင်ငံများ၏ အင်အားချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန်အတွက် ဥရောပတိုက်ကြီးကို ပထမကမ္ဘာစစ်ထဲဆွဲသွင်းလိုက်၏။


ဒုတိယကမ္ဘာစစ်သည်လည်း ဂျာမနီနိုင်ငံနှင့်အီတလီနိုင်ငံတို့၏ ကြမ်းရှသောအမျိုး‌သားရေးဝါဒကိုအခြေခံပြီး အတ္တလန်တစ်ဥရောပနိုင်ငံများ၏အင်အားကိုချေဖျက်ရန်အတွက် ကမ္ဘာစစ်ကြီးတစ်ခုကိုစတင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။


စစ်အေးခေတ်သို့ရောက်သောအခါ ဆိုဗီယက်ပြည်ထောင်စုနှင့်မေရိကန်ပြည်ထောင်စုတို့၏ အင်အားချိန်ခွင်လျှာတိုက်ပွဲသည်လည်း ကမ္ဘာကြီးကို တတိယကမ္ဘာစစ်သို့ ဦးတည်စေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာ လက်မတင်ကလေးအလို ရှောင်ရှားနိုင်ခဲ့သည်။ စစ်အေးခေတ်တွင် အလွန်ပြင်းထန်ခဲ့သော ကျူးဘားဒုံပျံအရေးခင်းသည် မေရိကန်တို့နှင့် ဆိုဗီယက်တို့၏ အင်အားချိန်ခွင်လျှာကစားပွဲသာဖြစ်သည်။ အကြောင်းမှာ အနောက်ဂျာမနီတွင်ဖြန့်ကျန်ထားသော မေရိကန်တို့၏ ‌နျူထိပ်ဖူးတပ်ဒုံးကျည်များသည် ဆိုဗီယက်တို့၏ဩဇာဖြန့်ကျက်ရေးအတွက် အလွန်ထိတ်လန့်စရာဖြစ်သည့်အပြင်၊ ကရင်မလင်နန်းတော်အတွက်လည်း ရတတ်မအေးဖြစ်ရ၏။ ထို့ကြောင့် ဆိုဗီယက်တို့အနေဖြင့်လည်း ဝါရှင်တန်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ရန်အတွက် ဆိုဗီယက်၏ဩဇာကို ကျူးဘားအထိဖြန့်ကျက်ပြီး နျူထိပ်ဖူးတပ်ဒုံးကျည်များဖြင့် ပြန်လည်ခြိမ်းခြောက်လိုက်သည်။ အကျိုးဆက်ကား တတိယကမ္ဘာစစ်ကိုဦးတည်စေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာ မေရိကန်တို့ဘက်မှ အနောက်ဂျာမနီရှိ ဒုံးကျည်များကိုပြန်လည်ဖြုတ်သိမ်းပေးလိုက်သောအခါ အင်အားချိန်ခွင်လျှာကစားပွဲသည် အေးအေးချမ်းချမ်းပြီးဆုံးခဲ့ပြီး တတိယကမ္ဘာစစ်မှ ရှောင်ကွင်းနိုင်ခဲ့သည်။


စစ်ခေးခေတ်ကာလပြီးဆုံးသွားသောအခါ ဆိုဗီယက်ယူနီယမ်ပြိုကွဲသွားသည်၊ ဗဟိုဥရောပနိုင်ငံများသည်လည်း အတိတ်၏ခါးသီးလှစွာသော သမိုင်းသင်ခန်းစာကို အကြောင်းပြုပြီး ဥရောပ၏အင်အားဖြန့်ကျက်ရေးကို သိပ်စိတ်၀င်စားဟန်မတူ။ အီးယူသမဂ္ဂ‌အောက်တွင်သာ တစ်စုံတစ်ရာတည်ငြိမ်သော နိုင်ငံရေးကစားပွဲကိုလိုလားကြသည်။ ဥရောပတိုက်၏ မကျေနပ်ချက်များကတော့ ကျန်ရှိသေးသည်။ သို့သော် မီးတရဲရဲမဟုတ်တော့။ အကန့်အသတ်များနဲ့သာဖြစ်တော့သည်။


ဘာလင်တံတိုင်းပြိုကျပြီးတဲ့နောက် ကမ္ဘာကြီး၏ အင်အားချိန်ခွင်လျှာသည် မေရိကန်ပြည်ထောင်စုတွင် ယိမ်းထိုးတော့မလိုဖြစ်လာသည်။ သို့သော် သိပ်မကြာလိုက်ပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သည် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ အရှိန်အဟုန်ပြင်းပြင်း မာန်ပြင်းပြင်းဖြင့် တတ်လှမ်းလာခဲ့သည်။ ‌မေရိကန်တွေအနေဖြင့် စစ်အေးခေတ်ကာလတစ်လျှောက်လုံး ယူရေးရှားဘက်တွင်ရှိခဲ့သော အင်အားချိန်ခွင်လျှာသည်၊ တရုတ်ပြည်မကြီးနှင့် အင်အားယှဉ်ပြိုင်ရန်အတွက် ပစိဖိတ်သမုဒ္ဒရာဘက်အခြမ်းသို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့သည်။


ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာ့ကြီးအတွက် ပထဝီနိုင်ငံရေး ယမ်းအိုးကြီးတစ်လုံးဖြစ်သည်။ ယမ်းရှိပြီးသားအိုးတစ်လုံးသည် မီးစတစ်စလေးကျမိရုံဖြင့် အရှိန်ပြင်းပြင်းပေါက်ကွဲနိုင်သည်။ ပစိတ်ဖိတ်ဒေသတစ်ခုလုံးနီးပါးသည် မေရိကန်ရေတပ်၏ဩဇာသက်ရောက်ရာ ဒေသရပ်၀န်းဖြစ်သည်။ ထိုပစိဖိတ်ဒေသလွှမ်း‌မိုးရေးအတွက်ကိုပင် ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်တုန်းက ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။ ရလာဒ်ကား စစ်မီးမွှေးလိုက်ခြင်းပင်ဖြစ်သည်။


ကမ္ဘာ့နိုင်ငံရေး‌ဇာတ်ခုံပေါ်တွင် ပြန်လည်ဦးမော့လာသောတရုတ်ပြည်၏ အဓိက ကုန်သွယ်စီးဆင်းရေးလုပ်ငန်းများသည် ပစိဖိတ်သမုဒ္ဒရာဒေသဘက်အခြမ်းမှဖြစ်သည်။ တရုတ်ပြည်တွင် ကုန်ချောပစ္စည်းများကို များများထုတ်လုတ်နိုင်ရန်အတွက် စွမ်းအားဖြည့် ကုန်ကြမ်းလောင်စာ ရေနံများသည် ပစိဖိတ်ပင်လယ်ဘက်မှ တင်သွင်းရသည်။ အကယ်၍ တစ်စုံတစ်ခုသောအကြောင်းပြချက်ဖြင့် မေရိကန်ရေတပ်မှ တရုတ်သဘော်များကို သွားလာခွင့်ကန်သတ်လိုက်လျှင်၊ အရှိန်ပြင်းပြင်းဖြင့် ဦးမော့နေသော တရုတ်စီးပွားရေးမှာ လည်မျိုတတ်နင်းခံရသလိုဖြစ်သွားနိုင်သည်။ မည်သည့်နိုင်ငံမှတော့ ကိုယ်နိုင်ငံ၏ အကျိုးစီးပွား‌ကို အခြားနိုင်ငံတစ်ခုပေါ်တွင် မမှီခိုလိုသည်က သဘာ၀ကျသည်။ ဤတွင် စီးပွားရေးကိုဇောက်ချလုပ်ကိုင်နေသော တရုတ်ပြည်မကြီးသည် မိမိ၏အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် ပစိဖိတ်ဒေသကိုချုပ်ကိုင်ထားသော မေရိကန်ရေတပ်နှင့်တန်းတူယှဉ်ပြိုင်နိုင်ရန် စီးပွားရေးဦးစားပေးကဏ္ဍမှ စစ်ရေးဦးစားပေးကဏ္ဍကို လှည့်ပြောင်းလာသည်။ ဤသည်ပင်လျှင် ပစိဖိတ်ဒေသကြီးမှ အင်အားကြီးနိုင်ငံနှစ်ခုကြား စစ်ရေးတင်မားမှုအတွက် ကမကထပြုလိုက်သလိုပင်ရှိနေသည်။ တရုတ်ပြည်မကြီးကိုယ်တိုင်မှာကလည်း မပြီးပြတ်သေးသော ပြည်တွင်းပြသာနာများကရှိနေသည်။ ဤသည်မှာ ဟောင်ကောင်အရေးနှင့်၊ ထိုင်၀မ်ကျွန်းဆွယ်အရေးတို့ဖြစ်သည်။ ထိုင်၀မ်အရေးနှင့်ပတ်သတ်လာလျှင် တရုတ်ပြည်မကြီးကရော၊ မေရိကန်ပြည်ထောင်စုကပါ အားပြိုင်မှုပြင်းထန်သည်။ သဘောမှာ မေရိကန်တို့အနေဖြင့် ရှရှားဩဇာခံ ယူကရိန်းကို နေတိုးဩဇာခံအဖွဲ့ထဲသိမ်းသွင်းခဲ့သလို၊ တရုတ်ပြည်မကြီးကို ခြိမ်းခြောက်ရန်အတွက် ထိုင်၀မ်ကျွန်းဆွယ်ကို အနောက်အုပ်စုဩဇာခံအဖွဲ့ထဲ သိမ်းသွင်းစည်းရုံးလိုဟန်တူသည်။ တိုင်ပေအစိုးရကိုယ်တိုင်ကလည်း သူရဲ့သီခြားအချုပ်ခြာအာဏာကို ကာကွယ်ရန် တစ်နည်းအားဖြင့် တရုတ်ဩဇာလက်အောက်မှ လွတ်မြောက်နိုင်ရန် ပထဝီအနေအထားအရ သူ့တစ်ဦးတည်းမရပ်တည်နိုင်၊ မေရိကန်တို့နှင့်မဖြစ်မနေပူးပေါင်းရမည့် သဘောမျိုးဖြစ်နေသည်။ တရုတ်ပြည်မကြီးအနေဖြင့်ကလည်း ထိုအဖြစ်မျိူးကို လက်မခံနိုင်။ ထို့ကြောင့် ထိုင်၀မ်ကျွန်းဆွယ်အရေးကလည်း နိုင်ငံရေးချိန်ခွင်လျှာအင်အားကို ထိန်းညှိဖို့အတွက် တရုတ်နဲ့မေရိကန်အတွက် အရေးကြီးနေရာမှာတည်ရှိနေသည်။


credit for photo

Commenti


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page