ကြွေးကြော်သံလား၊ နိုင်ငံရေးရည်းမှန်ချက်လား သို့မဟုတ် အခြေမှတည်
- Revolution 4.0
- Mar 12, 2021
- 1 min read

လမ်းပေါ်ကတိုက်ပွဲတွေဟာ အချိန်ကာလအားဖြင့် တစ်လကျော်ကျော်ရှိလာပါပြီ။ ဒါပေမဲ့ လမ်းပေါ်ကအသံတွေဟာ အခုချိန်ထိ ရှင်းရှင်းလင်းလင်းမရှိသေးဘူး။ ကြွေးကြော်တောင်းဆိုမှုတွေဟာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်။ တောင်းဆိုတဲ့နေရာမှာ အဓိအားဖြင့် နှစ်မျိုးနှစ်စားခွဲလို့ရတယ်။ ပထမတစ်မျိုးကတော့ တောင်းဆိုချက်ဖြစ်ပြီး၊ ဒုတိယတစ်ခုက နိုင်ငံရေးရည်မှန်းချက်။ နေ့စဉ်နေ့တိုင်းလူတွေအော်နေကြတဲ့ "အမေစုနဲ့သမ္မတကြီး ပြန်လွှတ်ပေး"တို့၊ "ဘယ်ပါတီကို မဲပေးခဲ့လဲ"တို့က တောင်းဆိုချက်တွေဖြစ်ပြီး၊ "ဒီမိုကရေစီ ရရှိရေး" ၊"၂၀၀၈ခြေဥဖျက်သိမ်းရေး"တို့က နိုင်ငံရေး ရည်မှန်းချက်တွေဖြစ်တယ်။ ဒီလိုကွဲကွဲပြားပြားသိမှ နောင်မှာ မလိုလားအပ်တဲ့သွေးကွဲမှုတွေမဖြစ်စေမှာဖြစ်တယ်။
လမ်းပေါ်တိုက်ပွဲကို မပြိုလဲစေချင်ရင် လမ်းပေါ်ကိုဘာကြောင့်ထွက်လာလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါလိမ့်မယ်။ လမ်းပေါ်တိုက်ပွဲကို စတင်ခဲ့ရခြင်းဟာ ယေဘုယျအားဖြင့် အချက်နှစ်ချက်ရှိလိမ့်မယ်။ ပထမအချက်က ပြည်သူတွေဆန္ဒမဲနဲ့အညီရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို မတရားသဖြင့် အာဏာရယူသွားတာဟာ မဲဆန္ဒရှင်ပြည်သူတွေကို စော်ကားခံရတယ်လို့ ယူဆရတာရယ်၊ ဒုတိယအချက် စစ်အာဏာရှင်စနစ်ပြန်လည်ခေါင်းထောင်လာတာကို မကျေနပ်လို့ရယ်။ ဒီနှစ်ချက်ကိုအခြေပြုပြီးမှ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံပါ၀င်လာတဲ့ လမ်းပေါ်တိုက်ပွဲကြီးကို ဖန်တီးပေးလိုက်တာဖြစ်တယ်။ ဒီတော့ လမ်းပေါ်တိုက်ပွဲပေါ်ပေါက်လာရခြင်းရဲ့ အဓိက ဇာတ်မြစ်က အဲ့ဒီအခြေခံနှစ်ချက်ပေါ်မှာဖြစ်တယ်။ ဒါပေမဲ့ ဆန္ဒပြပွဲတွေအရှိန်မြင့်လာ၊ အားကောင်းလာတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးကြွေးကြော်သံ ရည်မှန်းချက်တွေပါလာတယ်။ အခု ကြွေးကြော်နေကျတဲ့ "၂၀၀၈ဖျက်သိမ်းရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့"။ ဒီတော့ နိုင်ငံရေးတောင်းဆိုချက်ကို လက်ကိုင်ပြုတဲ့လူနဲ့၊ သာမန်တောင်းဆိုချက်ကို ရပ်ခံတဲ့လူနဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသယောင်ယောင်ဖြစ်လာတယ်။
တစ်ကယ်တော့ လမ်းပေါ်ကိုထွက်လာတဲ့လူတွေဟာ မတူညီကွဲပြားတဲ့ ခံယူချက်အမျိုးမျိုးကနေ တူညီတဲ့ဘုံပန်းတိုင်တစ်ခုဆီကို ဦးတည်ချီတက်နေကြတာဖြစ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ နိုင်ငံရေးကြွေးကြော်သံတွေကိုသာ ကျယ်ကျယ်လောင်လောင်ကြားနေရပြီး၊ လူထုကို လမ်းပေါ်တင်ပေးခဲ့တဲ့ အခြေခံအချက်နှစ်ချက်ဟာ ပျောက်ချင်းမလှ ပျောက်သလိုဖြစ်နေပါတယ်။ အခုကြားနေရတာတွေက ဟိုမှာလည်း ဖက်ဒရယ်၊ ဒီမှာလည်း ဖက်ဒရယ်၊ စားနေရင်လည်း ဖက်ဒရယ်၊ အိပ်နေရင်လည်း ဖက်ဒရယ်။ ဒီတော့ ရောထွေးနေတဲ့ ကြွေးကြော်သံတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကို စည်းခြားထားသလိုဖြစ်နေတယ်။ ဥပမာ - အမေစု လွတ်မြောက်ရေးနဲ့၊ စစ်အာဏာရှင်ပျက်သုဉ်းရေးကိုပဲအခြေပြုပြီး လမ်းပေါ်တတ်လာတဲ့ လူတစ်ယောက်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ကြွေးကြော်သံ သူနားလည်ချင်မှ နားလည်ပါလိမ့်မယ်။ သို့မဟုတ် ကြိုက်ချင်မှတောင်ကြိုက်ပါလိမ့်မယ်။ လူအုပ်ကြီးက ဖက်ဒရယ်၊ ဖက်ဒရယ်လုပ်နေတဲ့အခါ လမ်းပေါ်ကတိုက်ပွဲတွေဟာ သူနဲ့မဆိုင်သလို၊ သူနားမလည်တော့သလို ခံစားရပါလိမ့်မယ်။ ဒီလိုနဲ့ပဲ သူဟာ လူထုလှုပ်ရှားမှုကြီးနဲ့ ဝေးသထက်ဝေးသွားပါလိမ့်မယ်။ အဲ့လိုလူမျိုးတွေ တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာ၊ အယောက်တစ်ရာကနေ အယောက်တစ်ထောင် စသဖြင့် တစ်စထက်တစ်စများလာရင် လမ်းပေါ်တိုက်ပွဲတွေဟာ အားနည်းလာပါလိမ့်မယ်။
ဒီတော့ ပြည်သူတွေဟာ ဘာကြောင့်လမ်းပေါ်ထွက်လာခဲ့ရတာလဲဆိုတဲ့အခြေခံအချက်တွေကို မပြတ်တမ်းဖော်ထုတ်ကြွေးကြော်နေရပါမယ်။ ငါတို့မဲကို လေးစားပါတို့၊ စစ်အာဏာရှင်အလိုမရှိတို့။ အဲ့ဒီအခြေခံအချက်ကြီးနှစ်ခုကို ခိုင်ခိုင်မာမာဆောက်ပြီးမှ အပေါ်ကနေ နိုင်ငံရေးရည်မှန်းချက်ဖြစ်တွေဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့၊ ၂၀၀၈ခြေဥ ဖျက်သိမ်းရေးတို့ကို ထပ်ဆင့်မွမ်းမံရပါမယ်။ သတိထားရမှာတစ်ခုက အခုလမ်းပေါ်တတ်လာတဲ့လူတွေအားလုံးက နိုင်ငံရေးနားလည်တဲ့လူတွေမဟုတ်ပါဘူး။ စိတ်ခံစားချက်ကို အခြေပြုတဲ့လူပါမယ်၊ နိုင်ငံရေးကို အခြေပြုတဲ့လူလည်းပါမယ် စသဖြင့်။ ဒီလို စိတ်ဆန္ဒကိုအခြေပြုပြီး လမ်းပေါ်တတ်လာတဲ့လူတွေကို နိုင်ငံရေးကြွေးကြော်သံတွေအဖြစ်ပြောင်းလဲပေးဖို့က နိုင်ငံရေးသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေမှာတာ၀န်ရှိတယ်။ စိတ်ခံစားချက်အခြေပြုသူတွေက Gen X, Gen Yတွေဖြစ်ဖို့များပါတယ်၊ တစ်ခါတစ်လေ Gen Zတွေတောင်ဖြစ်နေနိုင်သေးတယ်။ ဒါကြောင့် ကြွေးကြော်သံမှာတင်ရပ်နေတဲ့ Gen X,Yတွေကို Gen Zတွေက တတ်နိုင်သလောက်ရှင်းပေးပြရမယ်။ ဆန္ဒပြပွဲတွေမှာဆို ကြွေးကြော်သံမတိုင်ခင် တရားဟောပွဲတွေလုပ်ရမယ်။ ၂၀၀၈ခြေဥကိုဘာလို့ဖျက်သိမ်းဖို့လိုကြောင်း၊ ဖက်ဒရယ်ပြုထောင်စုကို ဘာကြောင့်တည်ဆောက်ဖို့လိုတဲ့အကြောင်းကို ဟောပြောရမယ်။
ဒါမှသာ ကြွေးကြော်ချက်အခြေပြုတောင်းဆိုတဲ့သူတွေဟာ နိုင်ငံရေးရည်မှန်းချက်ကိုတောင်းဆိုတဲ့လူမျိုးဖြစ်လာလိမ့်မယ်။ ၂၀၀၈ခြေဥဟာ စစ်အာဏာရှင်ရဲ့အဓိကရေစီးကြောင်းဆိုတာနားလည်လာလိမ့်မယ်။ ဒါမှလည်း လူတိုင်းနီးပါးဟာ လူထုလှုပ်ရှားမှုကြီးနဲ့ တိုက်ရိုက်သက်ဆိုင်ကြောင်း၊ အစေးကပ်နေသေးကြောင်း ခံစားရလာပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ပဲ "အမေစု လွတ်မြောက်ရေးပဲ အော်နေလို့ Gen X,Yတွေကစောက်ပေါကြီးတွေဟေ့၊ သူတို့မပါလည်း ငါတို့ Gen Zတွေပဲ သီးသန့်လျှောက်မယ်"လို့တွေးလိုက်ရင်တော့ ရရှိလာမယ့် အကျိုးဆက်တွေက ကောင်းလိမ့်မှာမဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေဘာကြောင့်လမ်းပေါ်ထွက်လာရတယ်ဆိုတဲ့ အခြေခံအချက်နှစ်ချက်ကို အခြေပြုပြီး လမ်းပေါ်တိုက်ပွဲကို အခြေကစတည်မယ်၊ နောက်မှ အပေါ်ကနေ နိုင်ငံရေးကြွေးကြော်သံတွေထပ်ဆင့် ပြုပြင်ပေါင်းသင်မယ်။ ဒါဆိုရင်တော့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဟန်ချက်ညီတဲ့လှုပ်ရှားမှုကြီးဖြစ်လာမှာပါ။ ဒီလူထုလှုပ်ရှားမှူကြီးဟာ မျိုးဆက်တိုင်းပါ၀င်ရမှာဖြစ်တယ်။ ဘာလို့ဆို Zတွေမှာမရှိတဲ့ ငွေအား၊အတွေ့အကြုံအားတွေကို X,Yတွေက အဓိကထားပံပိုးပေးနေလို့ပဲ။ အဲ့လိုမှ မဟုတ်ပဲ X,Y တွေဟာ ရှင်းပြရခက်တယ်၊စောက်သုံးမကျပါဘူးဆိုပြီး ဘေးဖယ်ချန်ထားခဲ့မယ်ဆိုရင်တော့ Gen Zတစ်ခုလုံးဟာ ဘုရားအလောင်းမျိုးဆက်အားလုံးဖြစ်ပါစေအုံး ပန်းတိုင်ဟာလျှောက်ရင်းလျှောက်ရင်း နီးသယောင်ယောင်နဲ့ ဝေးလာပါလိမ့်မယ်။
credit for photo
Comments