ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်
- Revolution 4.0
- Mar 12, 2021
- 1 min read

ပင်လုံစာချုပ်ပါ အချက်လက်တွေကိုမူတည်ပြီး ၁၉၄၇အခြေခံဥပဒေကို စတင်ရေးဆွဲခဲ့တယ်။ ဒါပေမဲ့ ၁၉၄၇အခြေခံဥပဒေဟာ သဏ္ဍန်အားဖြင့်တော့ ဖက်ဒရယ်လို့ထင်ရပေမယ့်၊ အနှစ်သာရပိုင်းမှာတော့ လုံး၀ဖက်ဒရယ်စစ်စစ်မဟုတ်ဘူး။ ဘာလို့ဆို ၁၉၄၇အခြေခံဥပဒေမှာ အဓိကအနည်းချက်ကြီး အချက်သုံးခုရှိနေလို့ဖြစ်တယ်။
ပထမဆုံးအားနည်းချက်က - လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သတ်ပြီး သတ်မှတ်ထားတဲ့ ဥပဒေပြဌာန်းချက်တွေဘာမှမပါဘူး။
ဒုတိယအချက်က - အထက်လွှတ်တော်နှင့်အောက်လွှတ်တော်။ ဒီမိုကရေစီနိုင်ငံတွေမှာ အခြေခံအားဖြင့် အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော်လို့လည်းခေါ်တယ်။ လူအများစုမဲဆန္ဒနဲ့နိုင်တဲ့လူက အောက်လွှတ်တော်မှာနေရာယူရတယ်။ ဒါပေမဲ့ အောက်လွှတ်တော်မှာ လူအများစုက လွှမ်းမိုးလာတဲ့အခါ လူနည်းစုတွေရဲ့အခွင့်အရေးတွေပျောက်ဆုံးသွားတတ်တယ်။ ဒါကြောင့် လူဦးရေအချိုးကျစနစ်နဲ့ လူမျိုးစု လွှတ်တော်လို့ခေါ်တဲ့ အထက်လွှတ်တော်ကို ထပ်မံဖွဲ့စည်းရတယ်။ ဒါကြောင့် အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော််လို့ခေါ်ပြီး၊ အထက်လွှတ်တော်ကို ပြည်ထောင်စုလွှတ်တော်လို့ခေါ်ကြတယ်။
၁၉၄၇အခြေခံဥပဒေမှာက ဥပဒေပြုရေးအာဏာကို အောက်လွှတ်တော်မှာအလွန်အကျွံပေးထားပြီး၊ အထက်လွှတ်တော်ကတော့ ဘာမှလုပ်ပိုင်ခွင့်သိပ်မရှိဘူး။ အဲ့ဒီခေတ်တုန်းက အထက်လွှတ်တော်လုပ်လို့ရတာဆိုလို့ လေးနှစ်တစ်ကြိမ် သမ္မတရွေးကောက်တင်မြှောက်နိုင်တဲ့ အခွင့်အရေးပဲရှိတယ်။ သမ္မတကလည်း ရုပ်ပြသမ္မတသာသာအဆင့်ပဲရှိတယ်။ ဒီတော့ လူမျိုးစုတွေအများစုရှိတဲ့ ပြည်ထောင်စုလွှတ်တော်က ဘာအာဏာမှ မရှိသလိုဖြစ်နေတယ်။
တတိယအချက်ကတော့ - ပြည်ထောင်စုအစိုးရဖွဲ့ရေးကိစ္စ။ သက်ဆိုင်ရာပြည်နယ်အသီးသီးမှာ ပြည်ထောင်စုအစိုးရဖွဲ့တဲ့အခါ တိုင်းရင်းသားခေါင်းဆောင်တွေကိုထည့်ပြီး ဖွဲ့စည်းရမှာဆိုပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ဗမာတွေချည်း စုဖွဲ့ထားတဲ့ ပြည်ထောင်စုအစိုးရဖြစ်နေတယ်။
၁၉၄၇အခြေခံဥပဒေမှာ အဲ့ဒီအားနည်းချက်ကြီး သုံးခုနဲ့ ပြည်ထောင်စုကိုဖွဲ့စည်းမယ်ကြံတော့ ဖွဲ့စည်းပုံကို အတည်မပြုရသေးခင် တစ်ပတ်အလိုမှာ ကရင်နီခေါင်းဆောင်တွေနဲ့ ရှမ်းခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းကိုလာတွေ့ပြီး "ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်"ကိုထည့်သွင်းပေးဖို့ တောင်းဆိုတယ်။ တိုင်းရင်းသားတွေအနေနဲ့ကလည်း တစ်ကယ်ခွဲထွက်ချင်တာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သူတို့အနေနဲ့က ဗမာတွေကတိမတည်တဲ့အခါ "ခွဲထွက်ပိုင်ခွင့်"ဆိုတဲ့ အခွင့်အရေးကို ကိုင်ထားချင်တာလည်းဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ကလည်း အဲ့အချက်ကိုမထည့်သွင်းဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိုနှိုင်းပါသေးတယ်။ နောက်ဆုံးမရတဲ့အခါမှာတော့ ဗိုလ်ချုပ်အောင်ဆန်းလည်း သဘောထားကြီးကြီးနဲ့ပဲခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ခင်ဗျားတို့ဆန္ဒအရ ကျုပ်ခွဲထွက်ခွင့်တော့ထည့်ပေးပါမယ်၊ ဒါပေမဲ့ အဲ့ဒီအခွင့်အရေးကိုအခုတော့မသုံးပါနဲ့အုံး၊ နောင်ဆယ်နှစ်ကြာမှအသုံးပြုပါလို့ ပြန်လည်တောင်းဆိုခဲ့တယ်။ ဒါနဲ့ပဲ နှစ်ဖက်သဘောတူညှိုနှိုင်းပြီးမှ ခွဲထွက်ခွင့်ကိုအတည်ပြုခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ချို့ကတော့ တိုင်းရင်းသားတွေကို ခွဲထွက်ခွင့်ပေးတာကို မကြိုက်ကြဘူးလို့လည်းဆိုတယ်။
တစ်ကယ်တမ်း တိုင်းရင်းသားတွေကို ကတိပေးထားတဲ့အတိုင်း ၁၀ပြည့်တဲဲ့ ၁၉၆၀ခုနှစ်မှာ ဖက်ဒရယ်အကြောင်းကိုဆွေးနွေးမယ်ကြံတော့ တပ်က အာဏာသိမ်းထားတဲ့အချိန် နေ၀င်းရဲ့အိမ်စောင့်အစိုးရတတ်နေတာကြောင့် ဆွေးနွေးခွင့်မရခဲ့ဘူး။ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲပြီးမှ ဦးနုရဲ့ သန့်ရှင်းဖဆပလက အနိုင်ရပြီး ပထစအစိုးရဖြစ်လာခဲ့တယ်။ ပထစ အစိုးရလက်ထက်ရောက်မှ တောင်ကြီးမြို့မှာ တိုင်းရင်းသားပေါင်းစုံကိုဖိတ်ကြားပြီး လူမျိုးစုညီလာခံကိုကျင်းပခဲ့တယ်။ အဲ့ဒီတောင်ကြီးညီလာခံကို အခုချိန်မှာပြည်နယ်ရရှိနေတဲ့ တိုင်းရင်းသား ၇မျိုးလုံးတတ်ရောက်ခဲ့တယ်။ တောင်ကြီးညီလာခံကနေ ဖက်ဒရယ်သဘောတရားနဲ့ပတ်သတ်ပြီး မူတွေထွက်လာခဲ့ပါတယ်။ အဲ့ဒီမူတွေကိုတော့ ဗမာသမိုင်းဆရာတွေကတော့ "ရှမ်းမူ"လို့ခေါ်ပြီး၊ တိုင်းရင်းသားတွေကတော့ "ဖက်ဒရယ်မူ"လို့ခေါ်ကြပါတယ်။
credit for photo
Comments