အိမ်မက်လား တစ်ကယ်လား
- Revolution 4.0
- Mar 11, 2021
- 1 min read

အခုတစ်လောလူတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာက ဖက်ဒရယ်တပ်မတော်၊ ဖက်ဒရယ်တပ်မတော်ဆိုတာ။ ဖက်ဒရယ်တပ်မတော်ဆိုတာ ဘာလဲလို့ပြန်မေးရင် တိုင်းရင်းသားတွေအားလုံးပါ၀င်တဲ့ တပ်မတော်ကိုဆိုလိုတာလေလို့ ပြောကြပါလိမ့်မယ်။ ဒါဆို အခုလည်း စစ်တပ်ထဲမှာ တိုင်းရင်းသားတပ်သားတွေလည်းရှိနေတယ်လေ ဒါဆို စစ်တပ်က ဖက်ဒရယ်တပ်မတော်မဟုတ်ဘူးလား လို့ပြန်မေးခွန်းထုတ်ရင် တော်တော်ဂွကျမယ့်အနေအထားပါ။
မြန်မာပြည်မှာ ဖက်ဒရယ်တပ်မတော်ပုံစံလိုမျိုး ဖွဲ့စည်းပုံရှိခဲ့တယ်။ အဲ့တာကလွတ်လပ်ရေးခေတ် ၁၉၄၈တစ်ဝိုက်က မြန်မာစစ်တပ်ပါ။ အဲ့ဒီခေတ်က မြန်မာစစ်တပ်မှာ ချင်းသေနတ်ကိုင်တပ်ရင်း၊ ကရင်သေနတ်ကိုင်တပ်ရင်း၊ ဗမာသေနတ်ကိုင်တပ်ရင်းဆိုပြီး ရှိခဲ့ဖူးတယ်။ ဖက်ဒရယ်တပ်မတော်ဆန်ဆန်ပါပဲ။ ဒါပေမဲ့ ဖက်ဒရယ်တပ် စစ်စစ်တော့မဟုတ်ပါဘူး။ ဖက်ဒရယ်စစ်တပ်လို့ပြောရင် ပြည်နယ်အခြေပြုတပ်နဲ့ ပြည်ထောင်စုအခြေပြုတပ်ဆိုပြီး နှစ်မျိုးရှိလိမ့်မယ်။ ဘယ်တပ်က လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ကိုင်ထားရမလဲဆိုတာကလည်း ခွဲဝေယူရပါလိမ့်မယ်။ မေရိကန်မှာဆို ပြည်နယ်အစိုးရက အမျိူးသားလုံခြုံရေးတပ်တွေကိုသမ္မတဆီဆင့်မခေါ်မချင်း ပြည်ထောင်စုစစ်တပ်က ပြည်နယ်ထဲမှာအခြေချခွင့်မရှိပါဘူး။
မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၂၀နီးပါးလောက်ရှိပါတယ်။ သူတို့တွေအားလုံးကိုပေါင်းပြီး ဖက်ဒရယ်တပ်မတော်တည်ထောင်မယ်ဆိုတာ အခုလူတွေဆွေးနွေးနေသလောက် ထင်သလောက်မလွယ်ကူပါဘူး။ မြန်မာပြည်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ သူတို့ရဲ့ပေါ်ပေါက်လာခဲ့တဲ့နောက်ခံသမိုင်းကြောင်းမတူသလို၊ သူတို့ရဲ့အမျိုးသားအကျိုးစီးပွားလိုလားမှုကလည်း မတူညီကြဘူး။ ဒါကြောင့် သမိုင်းကြောင်းမတူ၊အကျိုးစီးပွားချင်းမတူတဲ့ အဖွဲ့အစည်းတွေကို ပေါင်းစည်းကြတဲ့အခါ အင်မတန်ကိုမှ ရှုပ်ထွေးကျယ်ပြန့်လွန်းလှပါတယ်။ တစ်ခြားလူမျိုးခြားတွေမပြောပဲ၊ လူမျိုးတစ်ခုတည်းကနေ တပ်တွေကွဲနေတဲ့ ဥပမာ - KNUနဲ့ DKBAကိုပေါင်းကြည့်ခိုင်းပါ၊ နောက်ပြီး RCSSနဲ့ SSPPကို ပေါင်းကြည့်ခိုင်းပါ။ အတော်တော်လေးကို ခက်ပါလိမ့်ပါမယ်။ ဘာလို့ဆို တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ချက်နဲ့ရည်ရွယ်ချက်မတူတာကြောင့်ဖြစ်ပါတယ်။ အရင်ဆုံး ဖက်ဒရယ်တပ်မတော်မတည်ထောင်ခင် RCSSကတစ်ယောက်နဲ့ SSPPကတစ်ယောက်ကို လက်နက်ပေးပြီး တစ်အိမ်ထဲအတူနေခိုင်းကြည့်ပါ၊ သူများငါ့ကိုလာသတ်လေမလားဆိုတဲ့စိတ်နဲ့ တစ်ယောက်နှင့်တစ်ယောက် မယုံသက်ာဖြစ်နေပါလိမ့်မယ်။ အဓိကက မတူညီတဲ့တပ်တွေပေါင်းစည်းရေးဟာ ထင်သလောက်မလွယ်ဘူးလို့ ဆိုလိုတာပါ။
ဖက်ဒရယ်တပ်မတော်တစ်ခုကို တည်ဆောက်ရတယ်ဆိုတာ ထင်သလောက်လွယ်မနေပါဘူး။ တပ်တွေပေါင်းစည်းဖို့ဆိုရင် DDRလို့ခေါ်တဲ့ လက်နက်ဖျက်သိမ်းရေးနဲ့ SSRလို့ခေါ်တဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို သီအိုရီနည်းကျ အရင်ဆောင်ရွက်ရပါတယ်။ နိုင်ငံတစ်ကာအတွေ့အကြုံတွေမှာတော့ DDR SSR ကဏ္ဍအောင်မြင်ဖို့ဟာ အနည်းဆုံး ၁၀လောက်အချိန်ယူရတယ်လို့ တွက်ကိန်းထုတ်ကြပါတယ်။
ဒါကြောင့် အခုချိန်မှာ ရှိသမျှလက်နက်ကိုင်တိုင်းရင်းသားတပ်တွေပေါင်းပြီး ဖက်ဒရယ်တပ်မတော်ဆန်ဆန် စစ်တိုက်ကိုဝိုင်းတိုက်လိမ့်မယ်ဆိုတာ မှုန်ပျပျမျှော်လင့်ချက်တစ်ခုပါ။ ရှိရှိသမျှလက်နက်ကိုင်တပ်တွေမပါရင်တောင် အတိုင်းအတာတစ်ခုထိ တိုက်ရည်ခိုက်ရည်ရှိတဲ့တိုင်းရင်းသားတပ်တွေပေါင်းပြီး ခုခံစစ်ဆင်နွှဲတာမျိုးက ပိုဖြစ်နိုင်ချေရှိပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆင်နွှဲမယ့်စစ်ပွဲဟာ မြို့သိမ်းတိုက်ပွဲမဟုတ်ဘူး။ ခုခံစစ် ဒါမှမဟုတ် ထိုးစစ်ပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဟိုတိုင်းရင်းသားကမပါလို့ ဖက်ဒရယ်တပ်မတော်မဟုတ်တော့ဘူးတို့၊ ဒီတိုင်းရင်းသားကမပါတော့လို့ ဖက်ဒရယ်မဟုတ်ဘူးဆိုတာမျိုး အတွေးတွေမ၀င်စေချင်ပါဘူး။ ဥပမာ- CRPHနဲ့ AAနဲ့အဆင်မပြေလို့ ငါတို့တော့ ဖက်ဒရယ်တပ်မတော်မဖြစ်တော့ဘူးဆိုတဲ့ အတွေးမျိုးပါ။ အဓိကက AAပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ AAအနေနဲ့ အခုကတည်းကပြည်သူဘက်ကရပ်တည်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမဲ့ အခုချိန်အဆင်မပြေလည်း နောင်အဆင်ပြေအောင် ဆွေးနွေးလို့ရပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာကြီးကို မိုးပေါ်ကနေကျလာမယ့် နတ်စစ်သည်တစ်သိန်းလို အုံဖွ ဟပ်ချလောင်းဆိုပြီး မမျှော်လင့်ပါနဲ့။ အချိန်ယူပြီးတည်ဆောက်ရမယ့် institutionတစ်ခုဆိုတာ နားလည်ထားဖို့ လိုပါလိမ့်မယ်။
credit for photo
Comments