top of page

စစ်ဖိနပ်လား ဒေါက်ဖိနပ်လား သို့မဟုတ် ဇာတ်၏အစ

  • Writer: Revolution 4.0
    Revolution 4.0
  • Mar 11, 2021
  • 2 min read


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲကြည့်ရင်၊ တရုတ်ကျောက်ထောက်နောက်ခံအဖွဲ့နဲ့ အနောက်အုပ်စုကျောထောက်နောက်ခံ အဖွဲ့တို့ဖြစ်တယ်။ တရုတ်ကျောက်ထောက်နောက်ခံအဖွဲ့ထဲမှာဆိုရင် - UWSA, KIA, TNLA, AAစသဖြင့်။ ‌အနောက်ကျောထောက်နောက်ခံအုပ်စုထဲမှာဆိုရင်တော့ - KNU, SSPP, PNLO, RCSSစသဖြင့်။


အခုက စစ်ကောင်စီနဲ့အနောက်အုပ်စုကြားအခြေအနေတင်းမာနေတော့ အနောက်အုပ်စုကျောထောက်နောက်ခံ အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်လာဖို့ရှိတာကတော့ ကျိန်းသေသလောက်နီးပါးပါ။ ဒါပေမဲ့ တရုတ်ကျောထောက်နောက်ခံ အဖွဲ့ထဲမှာလည်း စဉ်းစားချက်တွေရှိပါတယ်။ အဲ့တာက အခုပြည်မမှာဖြစ်နေတဲ့ အရေးတွေကို တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုရှုမြင်လဲဆိုတဲ့ ပုံစံပါ။ အခုကိစ္စတွေကို တစ်တိုင်းပြည်လုံးရဲ့ မတရားမှုလို့ ရှုမြင်လား၊ ဒါမှမဟုတ် စစ်ဖိနပ်နဲ့ဒေါက်ဖိနပ်ကြားက အားပြိုင်မှုလို့ ရှုမြင်လားဆိုတာ အရေးကြီးပါတယ်။ ပြည်တွင်းစစ်ရှည်ကြာလာတဲ့အခါ လက်နက်ကိုင်တိုင်းကတော့ "စစ်အကျိုးစီးပွား"ဆိုတာရှိလာပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကိုယ်တွေမမွေးခင်ကတည်းက ခုခံစစ်ဆင်နွှဲနေတာဖြစ်လို့ သူတို့မှာ နိုင်ငံရေးအတွေ့အကြုံတွေအများကြီးရှိပါတယ်။ သူတို့ဟာ မြန်မာပြည်ရဲ့သမိုင်းသင်ခန်းစာအရ ဘာကိုသိလာရသလဲဆိုရင် "ဗမာတွေဟာ ပြည်မမှာ သူတို့အချင်းချင်း ‌အာဏာခွက်စောင်းခုတ်ပွဲဖြစ်နေရင် တိုင်းရင်းသားတွေကိုအားကိုးတယ်။ ဒါပေမဲ့ သူတို့ဗမာအချင်းချင်းတည့်နေရင်တော့ ငါတို့ကို လူမျိုးကြီးဝါဒနဲ့ပိုဖိနှိပ်တယ်"လို့မှတ်ယူနေကြတယ်။


အခုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ AAကိုဖယ်ရှားပေးလိုက်တဲ့သတင်းကို အဓိကထားသုံးသပ်ရင် AAသာမက ရခိုင်ပြည်မြောက်ပိုင်းက ပြည်သူလူထုကစိတ်ထဲမှာဘယ်လိုထင်နေသလဲ‌ဆိုရင် ဒါဟာ စစ်ဖိနပ်နဲ့ဒေါက်ဖိနပ်တို့ရဲ့တိုက်ပွဲလို့တွေးထင်နေပုံရပါတယ်။ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ညှိုနှိုင်းဖို့ခက်ခဲတဲ့ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ အဲ့တာက UWSAနဲ့ AAပဲ။ ၀ဒေသဟာ ရှမ်းပြည်နယ်မှာတည်ရှိတယ်။ UWSAအဓိကတောင်းဆိုနေတာက သူ့ကိုရှမ်းပြည်ထဲကနေဖယ်ထုတ် ပေးပြီး ၀ ပြည်နယ်ဆိုပြီး သီခြားသတ်မှတ်ပေးဖို့ပဲ။ အဲ့လိုပြည်နယ်သတ်မှတ်ပြီးတဲ့အခါမှာလည်း ၀ ပြည်ဟာ ဒီမိုကရေစီပါတီစုံစနစ်ကိုမကျင့်သုံးဘူး၊ တရုတ်ပြည်ကပုံတူပွားတဲ့ တစ်ပါတီအာဏာရှင်စနစ်ကိုပဲကျင့်သုံးမယ်။ အဲ့တော့ ၀ ပြည်ဟာ တစ်နိုင်ငံစနစ်နှစ်မျိုးဆိုတဲ့ သဘောနဲ့ ကွန်ဖက်ဒရေးရှင်းမပြောရုံတစ်မယ်၊ ကွန်ဖက်ဒရေးရှင်းပုံစံမျိုးတောင်းဆိုနေတာဖြစ်တယ်။ ဒါကြောင့် ဒါဟာအတော်ညှိုနှိုင်းရခက်လိမ့်မယ်။

နောက်တစ်ခုက AA။ AAကတော့ အခုချိန်မှာသူရဲ့နိုင်ငံရေးရည်မှန်းချက်ဟာ ဘာလဲဆိုတာခန့်မှန်းလို့မရပေမယ့် မီဒီယာတွေနဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့အထိကတော့ AAရဲ့ရည်မှန်းချက်ဟာ လုံး၀လွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ဖြစ်တယ်။ သူကတော့ လုံး၀ ကွန်ဖက်ဒရေးရှင်းကိုတောင်းဆိုတယ်။ သူက သီးခြားလွတ်လပ်တဲ့ ရခိုင်နိုင်ငံတော်ကိုလိုချင်တယ်၊ မြန်မာနိုင်ငံနဲ့တော့ မိတ်ဖက်သဘောမျိုးပဲ နေမယ်ဆိုတဲ့အထိကို နိုင်ငံရေးရည်မှန်းချက်ပြင်းထန်ပါတယ်။


လွန်ခဲ့တဲ့ ငါးနှစ်က NLDအုပ်ချုပ်တဲ့ကာလကိုပြန်ကြည့်ရရင် မြန်မာပြည်နေရာအနှံ့တော်တော်များများမှာ ငြိမ်းချမ်းနေပေမယ့် ရခိုင်ပြည်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်ပါတီဟာ ရခိုင်ပြည်မှာ ရာနှုန်းပြည့်အောင်ပွဲခံခဲ့တယ်။ ဒါပေမဲ့ NLDအစိုးရက ရခိုင်ပါတီက တိုင်းရင်းသားခေါင်းဆောင်ကို ရခိုင်ပြည်၀န်ကြီးချုပ်အဖြစ်မခန့်အပ်ပဲ NLDပါတီက ဦးညီပုကိုသာ ၀န်ကြီးချုပ်အဖြစ်ခံအပ်ခဲ့‌ပါတယ်။ တစ်ကယ်တော့ ပုဒ်မ ၂၆၁လို ၀န်ကြီးချုပ်ခန့်အပ်ရေး ဥပဒေကို သဘောထားကြီးကြီးနဲ့ လျစ်လျူမရှုခဲ့ပဲ NLDဟာ "မဟာဗမာလူမျိုးကြီးဝါဒ"ကိုကျင့်သုံးတယ်လို့ ရခိုင်ပြည်သူ တွေက တွေးထင်သွားပုံရပါတယ်။ ဒါနဲ့ပဲ ရခိုင်ပြည်သူတွေဟာ နိုင်ငံရေးစနစ်ဖြစ်တဲ့ ရွေးကောက်ပွဲစနစ်ကိုအယုံအကြည်မရှိတော့ပဲ စစ်ရေးဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်ကိုပဲ ပိုပြီးယုံကြည်သက်၀င်ခဲ့ပါတယ်။ သူတို့စိတ်ထဲမှာ "ငါတို့ပြည်မှာ ငါတို့ရခိုင်ပါတီ ၁၀၀%နိုင်လည်း ဗမာတွေကလာအုပ်ချုပ်နေမှာပဲ"လို့ အတွေး၀င်သွားကြတယ်။ တစ်ကယ်တော့ ဒီကိစ္စတွေဟာ NLDပါတီရဲ့ စီမံခန့်ခွဲမှုအမှားတွေလို့ပြောလို့ရတယ်။

သိပ်မကြာဘူး ရခိုင်ပြည်မှာစစ်မီးတောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က "ရခိုင်ပြည်မှာတိုက်ခိုက်နေရတဲ့ တပ်မတော်သားတွေကို ချီးကျူးဂုဏ်ပြုပါတယ်"ဆိုတဲ့စကားတွေထွက်လာတယ်။ နောက်ပြီး စစ်တပ်ကတောင်းဆိုလို့ AAကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တယ်။ အဲ့တော့ ရခိုင်ပြည်သူတွေဘက်က ဘာထင်လာသလဲဆိုရင် စစ်တပ်နဲ့ NLDဟာ အတူတူပဲ၊ သူတို့ဟာ ဒဂါးပြားတစ်ခုလို ခေါင်းနဲ့ပန်းပဲလို့ထင်လာတယ်။


မှတ်မှတ်ရရပြောရရင် ဆွေးနွေးပဲတစ်ခုမှာ ကိုမရက်က ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေထုကိုမေးခွန်းတစ်ခုမေးဖူးပါတယ်။ အဲ့တာက "ရခိုင်ပြည်သူတွေဟာ စစ်တပ်နဲ့NLDကို အတူတူပဲလို့ထင်လား၊ ဒါမှမဟုတ် မတူဘူးလို့ထင်လား" ဆိုပြီး၊ ဒေါ်မေထုကတော့ "ရခိုင်ပြည်သူတွေဟာ စစ်တပ်နဲ့NLDကိုအတူတူပဲထင်တယ်၊ မယုံရင် ရခိုင်ပြည်မှာ လူထုအခြေပြုသုသေတနစစ်တမ်းတစ်ခုလာလုပ်ကြည့်ပါ"လို့ ပြန်ဖြေခဲ့တယ်။ ဒီအဖြေကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်သူတွေဟာ စစ်တပ်နဲ့NLDကို ဘယ်လောက်ထိနာကျည်းနေသလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ အခုလိုကိစ္စမျိုးတွေ ပြန်ပြောနေရခြင်းဟာ NLDကို အပြစ်တင်နေရခြင်းမဟုတ်ဘူး။ ဖြစ်ပျက်ခဲ့တဲ့ အရှိတရား၊ အမှန်တရားတွေကိုသာ သိစေချင်လို့ဖြစ်တယ်။ အတိတ်မှာဘာတွေဖြစ်ခဲ့လဲသိမှသာ ပစ္စုပန်နဲ့အနာဂတ်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတာသိမှာပါ။ ဒါကြောင့် အခုချိန်မှာတော့ ရခိုင်ပြည်သူတွေဟာ စစ်ဖိနပ်နဲ့ဒေါက်ဖိနိပ်ဟာ အတူတူပဲလို့တွေးထင်တာကြောင့် ပြည်မကကိစ္စတွေကို စိတ်မ၀င်စားတဲ့အပြင်၊ သူတို့အကျိုးရှိမယ်ထင်ရင်တော့ စစ်ကောင်စီကပေးတဲ့ အခွင့်အရေးတွေကိုလည်းလက်ခံ‌နေအုံးမှာပါ။


ပြည်မကလူတွေကိုယ်တိုင်ကလည်း ရခိုင်ပြည်မှာစစ်ဖြစ်နေတုန်းက ဘယ်လိုသဘောထားခဲ့ကြသလဲ‌ဆိုတာ ကိုယ့်ပါကိုယ်မေးခွန်းပြန်ထုတ်ကြည့်ကြပါ။ ကျွန်တောနဲ့ သိတဲ့လူအကုန်လုံးကတော့ စစ်တပ်နဲ့AAစစ်ဖြစ်နေတုန်းက AAကိုအမြစ်ပြတ်ချေမှုန်းရမယ်လို့ ကြွေးကြော်ခဲ့တဲ့လူတွေချည်းပဲ။ အခုကျတော့ AAကိုပြည်သူလူထုဘက်ကမရပ်တည်ပဲ စစ်ကောင်စီနဲ့ပေါင်းလို့ ဆဲဆိုနေကြပြန်ပြီ။ ကျွန်တော်တို့ဟာ သဘာ၀ကျရဲ့လား ပြန်စဉ်စားကြည့်ကြပါ။ ဒီကိစ္စမှာ AAမှားတယ် မှန်တယ်၊ NLD မှားတယ် မှန်တယ်ဆိုတာတွေထက် ဖြစ်ပျက်ခဲ့တဲ့အရှိတရားတွေအပေါ် ယထာဘုတကျကျတွေးခေါ်ဖို့လိုပါလိမ့်မယ်။ ဒါမှသာ နည်းမှန်လမ်းမှန်တဲ့ အရွေ့တစ်ခုကိုရောက်မှာပါ။ CRPHအနေနဲ့ AAကိုပြည်သူလူထုဘက်ကရပ်တည်ဖို့ကမ်းလှမ်းတဲ့အခါ တော်တော်လေးကိုခက်ပါလိမ့်မယ်။ CRPHအနေနဲ့ AAကို သီးခြားနိုင်ငံအဖြစ်ပေးမလား ဒါမှမဟုတ် AAဘက်က ကွန်ဖရက်ဒရေးရှင်းမဟုတ်တော့ပဲ ဖက်ဒရယ်ပဲတောင်းဆိုတော့မလား။ နှစ်ဦးနှစ်ဖက်စလုံးကတော့ နည်းနည်းချင်းစီ ကိုယ့်ရည်မှန်းချက်တွေကိုလျော့ရပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ပဲ နှစ်ဖွဲ့စလုံးက တင်းခံနေရင်တော့ AAနဲ့ CRPHကြား ညီညွှတ်မှုကတော့ ဆရာမြသန်းတင့်ရေးသားခဲ့တဲ့စာအုပ်လို "ရွှေပြည်တော် မျှော်တိုင်းဝေး" ဖြစ်နေပါလိမ့်မယ်။


credit for photo

Comentarios


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page