သိုင်းမို့
- Revolution 4.0
- Mar 9, 2021
- 1 min read

မြန်မာပြည်နိုင်ငံရေးမှာ ဒီမိုကရေစီကို အရင်လုပ်မလား ဖက်ဒရယ်ကိုအရင်လုပ်မလားနဲ့ အချိန်အတိုင်းတာတစ်ခုထိ ငြင်းခုန်ခဲ့ကြပါသေးတယ်။
တစ်ချို့က ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တစ်ချို့က ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် စသဖြင့် စကားရပ်ပိုင်းဆိုင်ရာ ဝိဝါဒအငြင်းပွားမှုလည်း အတောမသတ်နိုင်အောင် ဖြစ်ခဲ့ကြတယ်။
ကမ္ဘာပေါ်မှာ ၂၀ရာစုနိုင်ငံရေးရဲ့ မိန်းစထွင်းရေစီကြောင်းဖြစ်တဲ့ ideologyနေရာမှာ ၂၁ရာစုရောက်တော့ identity နိုင်ငံရေးက အစာထိုး၀င်ရောက်လာတယ်။ ဖက်ဒရယ်ဆိုတဲ့ဝေါဟာရကို နိုင်ငံရေးသိပ္ပံမှာ identityလို့ခေါ်ဆိုရာကနေတစ်ဆင့်ဖြစ်ပေါ်လာတာဖြစ်တယ်။ identityရဲ့ အဓိပ္ပာယ်ကိုတော့ မြန်မာလို ကိုယ်စားပြုမှုဝိသေသ (သို့) အမှတ်အသားဆိုင်ရာ သရုပ်လက္ခဏာဆိုပြီး အမျိုးမျိုးဘာသာပြန်ခဲ့ကြတယ်။ identityဆိုတဲ့နေရာမှာ လူမျိုးစု၊ အမျိုးသားရေး၊ ဘာသာရေး၊ လိင်ကွဲပြားမှုစတဲ့အရာတွေအထိအကျုံး၀င်ပါတယ်။ လူတစ်ယောက်ဟာ ဒီအခွင့်အရေးတွေကိုရသင့်ရထိုက်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ရယူဖို့တောင်းဆိုနေတယ်။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အဲ့ဒီအခွင့်အရေးတွေရမနေဘူးဆိုရင် identityဆိုတဲ့ပြသာနာ ဖြစ်ပေါ်လာတယ်။ အဓိကအားဖြင့် တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာမျိုး။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ identityဆိုတဲ့ လူမျိုးစုအပေါ်အခြေတည်ပြီး ဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့် identityအကြောင်းကိုပိုနားလည်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် ဒီအကြောင်းတွေကို နားလည်ဖို့အတွက် identityရဲ့ သီအိုရီနောက်ခံကိုပြန်ကြည့်ရရင်...
Identityအကြောင်းကိုပြောမယ်ဆိုရင် ဖရန့်စစ်ဖူကူယားမားရဲ့ ဘာသာပြန်ထားတဲ့စာအုပ်ဟာ တစ်ကယ်ကိုလက်မလွှတ်သင့်တဲ့စာအုပ်ပါ။ ဖူကူယားမားရေးတဲ့ "သမိုင်းနိဂုံး" ဆိုတဲ့စာအုပ်ထဲမှာဘယ်ကစပြောထားသလဲဆိုရင် ပလာတိုရဲ့ သမ္မတနိုင်ငံများအကြောင်းကနေစပြောတယ်။ ပလာတိုကဘာပြောသလဲဆိုရင် လူတွေမှာ အခြေခံအားဖြင့် လိုအပ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက လိုချင်ဆန္ဒအပိုင်း၊ ဒုတိယတစ်ခုက မျှော်မြင်တွက်ချက်ရတဲ့အပိုင်း။ မျှော်မြင်တွက်ချက်ရတယ်ဆိုတဲ့အရာဟာ ဆင်ခြင်တုံတရားပေါ်အခြေခံထားရတဲ့အတွက် ဒုတိယလိုအင်ဆန္ဒကို ဆင်ခြင်တုံတရားလို့လည်းခေါ်တယ်။ တတိယတစ်ခုကျတော့ ဂရိဘာသာစကားကနေယူထားတဲ့အရာဖြစ်ပြီး သူ့ကို "သိုင်းမိုစ့်"လို့ခေါ်တယ်။ မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ကြတဲ့အခါ အသိအမှတ်ပြုခံလိုမှုလို့ခေါ်ဆိုကြတယ်။ ဒါကြောင့် လူတွေရဲ့ စိတ်ဝိညဏ်မှာကိန်းအောင်းနေတဲ့ စိတ်ဆန္ဒကြီးသုံးခုဟာ - လိုအင်ဆန္ဒ၊မျှော်မြင်တွက်ချက်မှုနဲ့ အသိအမှတ်ပြုခံလိုမှုတို့ဖြစ်တယ်။
ဒီဆန္ဒကြီးသုံးခုကိုဖြည့်စွမ်းနိုင်တဲ့ နိုင်ငံရေးအိုင်ဒီလော်ဂျီဟာ လစ်ဘရယ်ဒီမိုကရေစီဖြစ်တာကြောင့် နောက်ဆုံးလူတွေရဲ့ရွေးချယ်စရာဟာလည်း လစ်ဘရယ်ဒီမိုကရေစီပဲဖြစ်လိမ့်မယ်ဆိုပြီး ပထမဆုံးထုတ်တဲ့"သမိုင်းနိဂုံး"ဆိုတဲ့ စာအုပ်ထဲမှာဟောကိန်းထုတ်ထားတယ်။
ဒါပေမဲ့ တစ်ကယ်လက်တွေ့မှာ လစ်ဘရယ်ဒီမိုကရေစီဟာ ထင်သလောက်မအောင်မြင်တာကြောင့် identityဟာ ဒီမိုကရေစီနဲ့ သဟဇာတမတည့်နိုင်ဘူးဆိုတဲ့ ဝေဖန်သံတွေကလည်း သောသောညံခဲ့တယ်။ ဒီကိစ္စကိုဖူကူးယားမားက ပြန်ရှင်းရတယ်။ identityဟာ လစ်ဘရယ်ဒီမိုကရေစီကိုစိန်ခေါ်နိုင်တဲ့အပြင် တစ်ချိန်ချိန်မှာ ထိပ်တိုက်တိုးနိုင်တဲ့အနအထားရှိတယ်ဆိုပြီး နောက်ထပ်စာအုပ်တစ်အုပ်ထပ်ထုတ်ခဲ့တယ်။ အဲ့ဒီစာအုပ်ထဲမှာ ဘာကိုပြန်ရှင်းထားလဲဆိုရင် လူရဲ့လိုအင်ဆန္ဒကြီးသုံးခုထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ "သိုင်းမို့်"ဆိုတဲ့ အသိအမှတ်ပြုခံလိုမှုကိုပြန်ရှင်းထားတယ်။ သူကဘာပြောသလဲဆိုရင် "သိုင်းမို့"ဟာ သဏ္ဍအားဖြင့်နှစ်မျိုးနဲ့သွားတယ်။ ပထမတစ်ခုသည် "အိုင်ဆိုသိုင်းမီးယား"။ အိုင်ဆိုသိုင်းမီးယားကို အနီးစပ်ဆုံး အဓိပ္ပာယ်ကောက်ယူကြည့်ရင် "တန်းတူညီမျှစွာ အသိအမှတ်ပြုခံလိုမှု"လို့ မှတ်ယူလို့ရတယ်။ မြန်မာပြည်မှာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ "အမျိုးသားတန်းတူညီမျှရေး"ဆိုတာလည်း ဒီသဘောတရားပဲဖြစ်တယ်။ လူတွေဟာ အိုင်ဆိုသိုင်းမီးယားကိုတောင်းဆိုနေတာဆိုရင် ဘာပြသာနာမှမရှိဘူး၊ ဒီမိုကရေစီနဲ့လည်းသဟဇာတဖြစ်တယ်။ ဒုတိယသဏ္ဍန်တစ်မျိုးကတော့ "မဂ္ဂါလိုသိုင်းမီးယား"။ သူကတော့ "သူများထက်ခေါင်းတစ်လုံးပိုမြင့်စွာ အသိအမှတ်ပြုခံလိုမှု"လို့သတ်မှတ်ပြီး ဒီမိုကရေစီနဲ့ရန်ဖက်ဖြစ်နိုင်တယ်။ မဂ္ဂါလိုသိုင်းမီးယားကို ဘယ်မှာတွေ့နိုင်သလဲဆိုရင် ဟစ်တလာတို့၊ စတာလင်တို့၊ မော်စီတုန်းတို့ စတဲ့အာဏာရှင်နိုင်ငံကြီးတွေမှာတွေ့နိုင်ပါတယ်။
ဒါကြောင့် မြန်မာပြည်မှာတိုင်းရင်းသားတွေတောင်းဆိုနေတဲ့ identityပြသာနာဟာ အိုင်ဆိုသိုင်းမီးယားလို့ခေါ်တဲ့ တန်းတူညီမျှစွာအသိအမှတ်ပြုရေးကိုတောင်းဆိုနေတာဖြစ်လို့ တရားမျှတမှူရှိတဲ့အပြင်၊ မဖြစ်မနေကို အောင်မြင်အောင်ဖော်ဆောင်ရမည့် မြန်မာပြည်နိုင်ငံရေးရဲ့ တော်လှန်ရေးအနုသုခုမ မျှော်ရည်ချက်လည်းဖြစ်ကြောင်း........
credit for photo
Comments