ပြည်ထောင်စုအား မွေးဖွားသန့်စင်တော်မူခန်း
- Revolution 4.0
- Mar 10, 2021
- 2 min read

၁၉၄၇ ပင်လုံစာချုပ်အကြောင်းပြောမယ်ဆိုရင် ၁၉၄၆က အောင်ဆန်း-အက်တလီစာချုပ်ကို ပြန်ပြီးလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။ ဘာလို့ဆို အောင်ဆန်း-အက်တလီစာချုပ်မှာပါတဲ့ နံပါတ် ၈အချက်မှာ နယ်စပ်ရေးရာဆွေးနွေးချက်ဆိုပြီးရှိပါတယ်။ အဲ့ဒီနယ်စပ်ရေးရာအချက်က ဘာကိုဆိုလဲဆိုရင် နယ်စပ်ဒေသမှာရှိနေတဲ့တိုင်းရင်းသားတွေဟာ ဗမာနဲ့အတူလွတ်လပ်ရေး ယူမလား၊မယူဘူးလားဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပါစေလို့ အဂ်လိပ်၀န်ကြီးချုပ် အက်တလီက ကတိပေးခဲ့တယ်။ တစ်ကယ်လို့တိုင်းရင်းသားတွေဟာ ဗမာနဲ့အတူလွတ်လပ်ရေးမယူဘူးဆိုရင် အဂ်လိပ်ကိုလိုနီအောက်မှာပဲဆက်နေမယ်။ တစ်ချိန်ချိန်တော့ လွတ်လပ်ရေးပေးမယ်။ ဒါပေမဲ့ ဗမာနဲ့အတူလွတ်လပ်ရေးယူမယ်ဆိုရင်တော့ အဲ့ဒီအခါကဗမာပြည် ပြည်မမှာအုပ်ချုပ်နေတဲ့ ဘုရင်ခံကောင်စီအဖွဲ့ထဲ တိုင်းရင်းသားတွေကို ထည့်ပေးမယ်ဆိုပြီး ဆွေးနွေးခဲ့ကြတယ်။ အဂ်လိပ်မျှော်မှန်းတာက ဗမာနဲ့တိုင်းရင်းသားကြား အုပ်ချုပ်ရေးယန္တာရားတည် ဆောက်ရေးကိုပဲမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက အင်မတန်အမျှော်အမြင်ရှိစွာနဲ့ အုပ်ချုပ်ရေးစနစ်လောက်တင်မကတော့ပဲ လွတ်လပ်ရေးရတဲ့အခါ နိုင်ငံတော်သစ်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာအထိကို ဆွေးနွေးရာကနေ ပင်လုံစာချုပ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်။
ပင်လုံစာချုပ်ကို ယေဘုယျသုံးသပ်ကြည့်မယ်ဆိုရင် အပိုင်းနှစ်ပိုင်းပါ၀င်တယ်။ ပထမအပိုင်းက ပင်လုံစိတ်ဓာတ်ဖြစ်ပြီး၊ ဒုတိယအပိုင်းက ပင်လုံကတိက၀တ်ဖြစ်တယ်။ ပင်လုံစိတ်ဓာတ်ကို ပင်လုံစာချုပ်ရဲ့နိဒါန်းမှာအစပျိုးထားပါတယ်။ နိဒါန်းမှာ နယ်စယ်ဒေသသားတွေဟာ ဗမာတွေနဲ့အတူလွတ်လပ်ရေးယူမယ်ဆိုရင် အောက်ပါအချက်များကိုရနိုင်သည်ထင်၍ ဗမာတွေနဲ့အတူလွတ်လပ်ရေးရယူလိုက်ပါသည်ဆိုပြီး ရနိုင်မယ်ထင်တဲ့အကျိုးကျေးဇူးတွေကို ရေးသားဖော်ပြထားတယ်။ တစ်နည်းအားဖြင့် ပြောရရင် ဗမာတွေနဲ့အတူပူးပေါင်းဆောင်ရွက်မယ်လို့ဖော်ပြလိုက်တာဖြစ်တယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ်ကို တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်လို့လည်းခေါ်ကြတယ်။
ဒုတိယအပိုင်းဖြစ်တဲ့ ပင်လုံကတိက၀တ်မှာတော့ သဘောတူညီချက် ၉ခုပါတယ်။ အဲ့ဒီအချက်၉ခုကိုမှ အနုစိတ်ပြန်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရင် ၁ကနေ၄အထိ အချက်တွေက အဲ့ဒီအချိန်မှာရှိခဲ့တဲ့ ဘုရင်ခံကောင်စီမှာ တိုင်းရင်းသားကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်ထောက်တွေကိုထည့်ပြီး ဘယ်လိုအုပ်ချုပ်ရေးယန္တာရားတည်ဆောက်ကြမလဲဆိုတာကို သဘောတူထားတာဖြစ်တယ်။ ကိုလိုနီလက်အောက်က လွတ်လာပြီးကတည်းက ဘုရင်ခံကောင်စီမရှိတော့တဲ့အတွက် ပင်လုံစာချုပ်ပါ ၁-၄အချက်တွေက ဒီနေ့အချိန်မှာတော့ စဉ်းစားစရာမလိုတော့ဘူး။
နံပါတ် ၅အချက်မှာတော့ - တောင်တန်းဒေသသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ရစေရလိမ့်ကတိပေးခဲ့တယ်။ ဒီနံပါတ်၅အချက်မှာတော့ ဘာသာပြန်မှုစကားရပ်ပိုင်းဆိုင်ရာအရ ဝိဝါဒကွဲပြားကျပါတယ်။ အဂ်လိပ်လိုမူရင်းမှာတော့ "full autonomy"လို့ဖော်ပြထားတယ်။ ဆရာဦးထွန်းအောင်ရှိန်တို့လို သမိုင်းမှန်ပြုစုရေးအဖွဲ့ကတော့ "ကိုယ်ပိုင်ပြဌာန်းခွင့်"လို့ဘာသာပြန်ပြီး ၊ တစ်ချို့ပညာရှင်တွေကတော့ "ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေး"လို့ ဘာသာပြန်ကြတယ်။ တစ်ချို့ အဂ်လိပ်အသိုင်းအဝိုင်းကဆို လုံး၀လွတ်လပ်ရေးဆိုပြီးတော့တောင် ဘာသာပြန်တာမျိုးရှိပါတယ်။ အခုချိန်မှာတော့ တိုင်းရင်းသားအများစုနဲ့ပညာရှင်တွေ နံပါတ်၅အချက်ကို "ကိုယ်ပိုင်အုပ်ချုပ်ရေး" ဒါမှမဟုတ် "ကိုယ်ပိုင်ပြဌာန်းခွင့်"လို့အဓိပ္ပာယ်ဖွင့်တာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် နံပါတ်၅အချက်ဟာ အခုချိန်ထိ မြန်မာပြည်မှာ တိုင်းရင်းသားတွေမရသေးတဲ့ "ကိုယ်ပိုင်အုပ်ချုပ်ရေး"ဆိုတဲ့ ကတိက၀တ်ဖြစ်တယ်။
နံပါတ် ၆အချက်ကတော့ - ကချင်ပြည်နယ်ဖွဲ့စည်းရေးဖြစ်တယ်။ အဲ့ဒီအချက်ကတော့ လွတ်လပ်ရေးရပြီးကတည်းက ကချင်ပြည်နယ်ဖွဲ့စည်းပြီးဖြစ်လို့ အခုချိန်မှာတော့ ဆွေးနွေးစရာမလိုတော့ပါဘူး။
နံပါတ် ၇အချက်ကတော့ - တောင်တန်းဒေသသားတွေဟာ အခြားသောဒီမိုကရေစီနိုင်ငံတွေမှာ သာမန်ပြည်သူတွေရရှိနေတဲ့ ဒီမိုကရက်တစ်အခွင့်အရေးတွေကို ရရှိရေးဖြစ်တယ်။ ဒီအချက်ကတော့ ပြည်မဒေသရော၊တောင်တန်းဒေသသားတွေပါ အခုချိန်မှာ ဒီမိုကရေစီစနစ်ကိုဦးတည်နေတာဖြစ်လို့ အကျေအလည်ဆွေးနွေးဖို့တော့မလိုတော့ဘူးထင်ရပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဒီမိုကရေစီဆိုတာ မူးလို့ရှုစရာအဆင့်တောင်မရောက်သေးတဲ့အတွက် သူလည်းပဲ ဦးစားပေးဆွေးနွေးရမယ့် အချက်ပါ။
နံပါတ် ၈နဲ့၉အချက်ကို ခြုံငုံပြီးပြောမယ်ဆိုရင်တော့ - ဘဏ္ဍရေးဖက်ဒရယ်လစ်ဇင်ဖြစ်တယ်။ resources sharing and tax sharingဖြစ်တယ်။ သဘောက ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရကြား သယံဇာတခွဲဝေမှုကိုဘယ်လိုလုပ်ဆောင်မယ်၊ အခွန်အခပေးဆောင်ရေးကဏ္ဍတွေကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့ ဆွေးနွေးချက်တွေဖြစ်တယ်။ အခုချိန်ထိတော့ ထွက်သမျှ သံယဇာတကို ပြည်ထောင်စုအစိုးရမတရား လက်ဝါးကြီးအုပ်ရယူထားတာကြောင့် တိုင်းရင်းသားတွေဟာ သူတို့ပြည်နယ်ကထွက်တဲ့ သယံဇာတကို သူတို့ပိုင်ဆိုင်နိုင်ခွင့်မရှိပဲ သယံဇာတကျိန်စာသင့်နေတဲ့အတွက် ဒီ နံပါတ်၈နဲ့၉အချက်တွေကလည်း အထူးဦးစားပေးဆောင်ရွက်ရမှာဖြစ်တယ်။
ပင်လုံစာချုပ် ချုပ်ဆိုတဲ့အခါ တော်ရုံလူတွေသတိမထားခဲ့မိတဲ့ ထူးခြားချက်တစ်ခုရှိတယ်။ အဲ့ဒါက "ခွဲထွက်လိုကခွဲထွက်ခွင့်"ဆိုတာ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေကို ပင်လုံအစည်းအဝေးမှာ "ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်"ဆိုတာကို နှုတ်အားဖြင့် ကတိပေးခဲ့တယ်။ ဥပဒေကြောင်းအရကြည့်ရင်တော့ ပင်လုံစာချုပ်ထဲမှာ ဒီအချက်ကိုထည့်ပြီးမချုပ်ဆိုခဲ့ပေမယ့် ဒါဟာ လူကြီးလူကောင်းဆန်ဆန် ဗိုလ်ချုပ်က ကတိပေးခဲ့တဲ့စကားဖြစ်တယ်။ ဒါကြောင့် ဒီအချက်ကို ခုချိန်မှာထပ်မဆွေးနွေးဘူး၊ သဘောမတူဘူးဆိုရင်တော့ ဗမာတွေဟာ လူကြီးလူကောင်းမဆန်ဘူး၊ ကတိမတည်ဘူး၊ ကလိမ်ကကျစ်ကျတယ်လို့ တိုင်းရင်းသားတွေဘက်ကထင်သွားနိုင်တယ်။ ဒါဟာလည်း ထည့်သွင်းဆွေးနွေးရမယ့်အချက်ပါ။
ဒီလိုနဲ့ပင်လုံစာချုပ်ပါ အချက်အလက်တွေကိုမူတည်ပြီး အဂ်လိပ်ကိုလိုနီနယ် ငါးခုကို တစ်ခုတည်းအဖြစ်စုစည်းပြီး ပြည်ထောင်အစုအဖြစ်စတင်ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီကိုလိုနီနယ်ငါးခုထဲမှာ ဗမာပြည်ပြည်မဒေသဆိုတာပါတယ်။ ဗမာပြည်ပြည်မဒေသထဲမှာ ဘာထပ်ပါသေးသလဲဆိုရင် အလောင်းဘုရားလက်ထက်ကသိမ်းထားတဲ့ မွန်ပြည်နယ်ရယ်၊ ဘိုးတော်ဘုရားလက်ထက်ကသိမ်းထားတဲ့ ရခိုင်ပြည်နယ်ရယ်။ ဒါကြောင့် အဂ်လိပ်ကိုလိုနီနယ်တစ်ခုဖြစ်တဲ့ ဗမာပြည်မဒေသထဲမှာ မွန်နဲ့ရခိုင်က ပါ၀င်ပြီးသားဖြစ်တယ်။ နောက်ထပ်ကိုလိုနီနယ်သုံးခုက - ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ဖက်ဒရယ်ရှမ်းပြည်နယ်တို့ဖြစ်တယ်။ နောက်ဆုံး ပြည်နယ်တစ်ခုကတော့ - လွတ်လပ်တဲ့ကရင်နီနယ်ပြည်နယ်ဖြစ်တယ်။ အခုအခေါ်အရဆို ကယားပြည်နယ်ပေါ့။ သူရဲ့ထူးခြားချက်က ကရင်နီပြည်နယ်ဟာ အဂ်လိပ်ကိုလိုနီနယ်မြေမဟုတ်ခဲ့ဘူး။ အဂ်လိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အဂ်လန်က လန်ဒန်မှာနောက်ကျောမလုံတော့ဘူး။ ဘာလို့ဆို နပိုလီယံကတန်ခိုးထွားလာတဲ့အပြင်၊ ပြင်သစ်က ကရင်နီနယ်မြေကို၀င်တိုက်မှာကို အဂ်လိပ်ကစိုးရိမ်နေတယ်။ ဒါနဲ့ပဲ အဂ်လိပ်ကညဏ်နီညဏ်နက်သုံးပြီး ဗမာဘုရင်ကို ကမ်းလှမ်းတယ်၊ ကရင်နီပြည်နယ်ကိုမကျူးကျော်ဖို့ဆိုပြီး။ အဲ့တာနဲ့ အဂ်လိပ်ဘက်က စစ်ဗိုလ်ချုပ်တစ်ယောက်ရယ်၊ ဗမာဘုရင်ဘက်က ကင်း၀န်မင်းကြီးရယ်ပေါင်းပြီး ကရင်နီနယ်မြေကို မည်သူမျှမကျူးကျော်ရဆိုပြီး buffer stateအဖြစ်ထားရာကနေ လွတ်လပ်တဲ့ကရင်နီပြည်နယ်ဆိုပြီးဖြစ်ပေါ်လာတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ ပြည်ထောင်စုကို အဂ်လိပ်ကိုလိုနီနယ်ငါးခုဖြစ်တဲ့- ချင်းတောင်တန်းဒေသရယ်၊ ကချင်တောင်တန်းဒေရယ်၊ ဖက်ဒရယ်ရှမ်းပြည်နယ်ရယ်၊ ဗမာပြည်မရယ်၊ လွတ်လပ်တဲ့ကရင်နီပြည်နယ်ရယ် အဲ့ဒီငါးခုကိုပေါင်းပြီး ပြည်ထောင်စုအဖြစ် မွေးဖွားသန့်စင်ခဲ့တယ်။ ဒါကြောင့် အခုချိန်မှာ ပင်လုံစာချုပ်ကို ဆွေးနွေးကြမယ်ဆိုရင် နံပါတ် ၅၊၇၊၈၊၉ရယ် ဗိုလ်ချုပ်ရဲ့နှုတ်ကတိရယ်ဆိုကို ဗမာတွေဘက်က အခုထက်ထိမဖြည့်ဆည်းပေးနိုင်တဲ့ သမိုင်းအကြွေးတွေဖြစ်နေတဲ့အတွက်ကြောင့်၊ တိုင်းရင်းသားတွေသဘောတူ၊လက်ခံတယ်ဆိုတဲ့အထိ မီးခိုးမဆုံး၊မိုးမဆုံး ဆွေးနွေးကြဖို့လိုပါလိမ့်မယ်။
ဤကားပြည်ထောင်စုဖွားမြင်တော်မူခန်း
credit for photo
Yorumlar