top of page

သမိုင်းထဲမှရယ်စရာ မောစရာများ

  • Writer: Thoth
    Thoth
  • Nov 27, 2020
  • 1 min read

ရယ်စရာ‌ရဲ့နောက်မှာ မောစရာဆိုတာပါတယ်။ ဟာသဆိုတာထက်တစ်ကယ်တမ်းတွေးကြည့်ရင် ရင်နာစရာကြီးပေါ့။ ပထမဟာသလေးကတော့ ၈၈တုန်းက ဒေါက်တာမောင်မောင်ရဲ့နောက်ဆုံးမိန့်ခွန်းထဲမှာ မင်းမဲ့ဝါဒီတွေတိုင်းပြည်အတွင်းသောင်းကျန်းလွန်းလို့ "မင်းမဲ့ဝါဒီတွေအတွက် သတိပေးခေါင်းလောင်းထိုးနေပြီ အချိန်ရှိတုန်း ရပ်တန်းကရပ်ကြ။ မဟုတ်ရင်တော့ ကျွတ်ရာ လွတ်ရာ သွားကြ‌တော့လို့" မိန့်ခွန်းထဲထည့်ပြောခဲ့တယ်။ ဒေါက်တာမောင်မောင်မိန့်ခွန်းလည်းပြီးရော သူ့သူငယ်ချင်းတွေကမေးတယ် သူတို့တွေ လွတ်ရာ ကျွတ်ရာမပြေးရင် မင်းဘာလုပ်မလဲလို့မေးတယ်။ ‌ဒီတော့ ဒေါက်တာမောင်မောင်က "တစ်ကယ်လို့ ဒီကောင်တွေမပြေးရင် ငါပြေးမှာပေါ့ကွ"လို့ဖြေခဲ့တယ်။ တစ်ပတ်လည်းကြာရော ရပ်တန်းကမရပ်နိုင်တဲ့မင်းမဲ့ဝါဒီလူအုပ်ကြီးဟာ အသက်နဲ့ခန္ဓာအိုးစားမကွဲဖို့အရေး ထွက်ပြေးလိုက်ကြတာ နယ်စပ်မှာကြိတ်ကြိတ်ကိုတိုးနေတာပဲ။ နောက်တစ်ခုကဟာသလေးကတော့ 88မှာဥပဒေအတွင်းလှုပ်ရှားသူတွေထဲကတစ်ချို့ကဖမ်းဆီးခံရတယ် တစ်ချို့ကတော့လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့ဖို့နယ်စပ်ကိုထွက်ပြေးကြတယ်။ ဒီတော့ဆရာကျော်၀င်းက မုံရွာကနေစောင့်နေပြီး ကျောင်းသားတွေတောမခိုကြဖို့ဖျောင်းဖျတယ်။ ဒါနဲ့ကျောင်းသားတွေက ဆရာကျော်ဝင်းကိုမကျေနပ်ပဲ "ဆရာကြီးကြောက်ရင်နေခဲ့ ကျွန်တော်တို့ကျောင်းသားတွေ ထိုင်းနဲ့ အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့ပြီး တစ်နှစ်အကြာ ရန်ကုန်ကို စစ်ကျောင်းကြီး‌သုံးကြောင်းနဲ့ချီတတ်ပြီး ပြန်သိမ်းပြမယ် ကျောင်းသားတော်လှန်ရေးတပ်ကြီးချီတတ်လာရင် ဆရာတို့သာကြိုဆိုဖို့ပြင်ဆင်ထား"လို့ပြောတော့ ဆရာကျော်၀င်းက‌ရယ်ရခက်ငိုရခက်နဲ့ အေးကွာ လုပ်ကြပေါ့လို့သာပြောလိုက်တယ်။ တစ်ကယ်ဆို သတ္တိကြောင်တယ်လို့အပြောခံရတဲ့ဆရာကျော်၀င်းက ဗကပထဲမှာတောခိုခဲ့တာ။ ဒါနဲ့ပဲ ကျောင်းသားတွေချည်းစု‌ပေါင်းထားတဲ့လက်နက်ကိုင်တစ်ခုဖွဲ့လိုက်တယ် အဲ့တာကို ABSDF ကျောင်းသားတပ်ဦးလို့ခေါ်တယ်။ ရန်ကုန်ကိုတစ်နှစ်အတွင်းပြန်သိမ်းပြမယ်ဆိုတဲ့ ကျောင်းသားတပ်ဦးက ဗကပလမ်းစဉ်လိုက်ပြီး တပ်ဖွဲ့အချင်းချင်း ဖြုတ် ထုတ် သတ် လုပ်ခဲ့လို့ ABSDFသတ်ဖြတ်ပွဲ‌ဆိုတာကလွဲပြီး ကျန်တာဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျန်တဲ့‌ပညာတတ်ကျောင်းသားတွေလည်း KNUတို့ KNPPတို့ထဲရောက်ခဲ့ပေမယ့် တိုင်းရင်းသားတွေက ဗမာ‌ကျောင်းသားတွေကိုလက်မခံခဲ့လို့ နယ်စပ်ကိုထွက်ပြေးရတာပဲ အဖက်တင်တယ်။ ဒါလေးကလည်း ရယ်စရာမောစရာလေးတစ်ခုပေါ့ ‌တတိယတစ်ခုကတော့ ‌‌၈၈မှာအစိုးရက လူထုကြီးကိုငြိမ်သက်ကြပါတော့ ကျွန်တော်တို့ကြားဖြတ်အစိုးရဖွဲ့ပေးပါမယ်ပြောပေမယ့် လူထုကလုံး၀လွတ်လပ်တဲ့အစိုးရကိုပဲလိုချင်တယ် "ရရင်ရ မရရင် ချ" ဆိုပြီးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။ နောက်ဆုံး ခေါင်းဆောင်တွေကိုယ်တိုင် သူ့တို့လူအုပ်ကြီးကိုတောင်သူတို့ပြန်မထိန်းနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီအချိန်မှာရင်တမမနဲ့ထိုင်ကြည့်နေတော နိုင်ငံရေးလေ့လာသုံးသပ်သူတွေ။ ပြည်သူတွေတော့အကန့်အသတ်ကျိုးပေါက်ရင် ချေမှုန်းခံရ‌တော့မှာပဲဆိုပြီးဟောကိန်းထုတ်ခဲ့တာ။ နောက်ဆုံးမှာတော့ တပ်ကလည်း ဒီလောက်တောင်ပြောမရတဲ့ကောင်တွေကိုငါတို့လည်း "ရရင်ရ မရရင် ချ"ကွဆိုပြီး ချလိုက်ကြတာ လူထုကိုပြန်ချတဲ့စစ်အစိုးရသက်တမ်းဟာ ၂၂နှစ်တောင်ကြာခဲ့တယ်။ နောက်ဆုံးတော့ လူထုရဲ့ မရရင်ချဆိုတဲ့စကားဟာ အာဏာရှင်တွေရဲ့လက်ကိုင်တုတ်ဖြစ်ခဲ့တယ်။ ဒါကလည်းတွေးကြည့်ရင် ‌ရယ်စရာမောစရာကြီးပါ။ ဒီလိုအဖြစ်အပျက်မျိုးတွေက သမိုင်းကိုစုံစီနဖာအောင်ကြည့်တတ်တဲ့ဆရာကြီးတွေရဲ့အတွေ့အကြုံတွေ။ ရယ်လည်းရယ်ရသလို မောလည်းမောရတာပေါ့။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page