ဟောင်ကောင်ကပေးတဲ့သင်ခန်းစာ
- Revolution 4.0
- Dec 13, 2020
- 1 min read

အခုနောက်ပိုင်းဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ဟောင်ကောင်ကစလို့ မေရိကန်အဆုံးဆန္ဒပြပွဲတွေကိုဦးဆောင်သူမရှိပဲကျင်းပနေတာတွေ့တော့ တော်တော်အံ့ဩရတယ်။ အရင်ဆုံးဒီလိုဦးဆောင်သူမရှိပဲ ဆန္ဒပြပွဲတွေကိုစလုပ်ခဲ့တာ ဟောင်ကောင်မှာ။ တရုတ်ပြည်မကြီးရဲ့တရားခံလွှဲပြောင်းရေးဥပဒေနဲ့ပတ်သတ်လို့ ဟောင်ကောင်ပြည်သူတွေ ကယ်ရီလန်းအစိုးရကိုဆန္ဒပြခဲ့တာ နှစ်လသုံးလလောက်ကြာခဲ့တယ် အခုလည်းဆန္ဒပြနေတုန်းပဲ။ အစိုးရကလည်း ဆန္ဒပြပွဲတွေကို အရှိန်တန့်အောင်လုပ်ခဲ့ပေမယ့် ဆန္ဒပြပွဲတွေကအရှိန်မလျော့သွားပဲ ပိုလို့တောင်အရှိန်မြင့်လာခဲ့တယ်။ အရင်တုန်းကဆန္ဒပြပွဲတွေကိုအရှိန်တန့်စေချင်ရင် ဆန္ဒပြပွဲမှာဦးဆောင်တဲ့သူကိုအရင်ဖမ်းမယ် လူအုပ်ကြီးကဦးဆောင်မယ့်သူမရှိတော့စိတ်ဓာတ်ကျမယ် နောက်ဆုံးအစိုးရနဲ့စေ့စပ်ညှိနှိုင်းရေးတွေလုပ်မယ် ဒီလိုပုံစံမျိုးကိုသုံးပြီး အစိုးရဟာ ဆန္ဒပြသူတွေကို ဖြိုခွဲလေ့ရှိတယ်။ ဒါပေမဲ့ဟောင်ကောင်ဆန္ဒပြပွဲတွေက ဦးဆောင်တဲ့သူမရှိတော့ အစိုးရကဘယ်သူ့ကိုဖမ်းလို့ဖမ်းရမယ်မှန်းမသိဘူး ထင်တဲ့သူကိုလိုက်ဖမ်းလိုက်တာပဲ။ လက်တွေ့မှာလည်းဟောင်ကောင်ဆန္ဒပြပွဲက တစ်ကယ်ကိုဦးဆောင်သူမရှိပဲ ဆန္ဒထုတ်ဖော်နေကြတာ။ ဒါပေမဲ့ လူသန်းနဲ့ချီတဲ့ဆန္ဒပြပွဲတွေကို ဦးဆောင်သူမရှိပဲဘယ်လိုကျင်းပနေတာလဲဆိုတာ တော်တော်စိတ်၀င်စားဖို့ကောင်းတယ်။ ဟောင်ကောင်လူထုဟာပထမဆုံးအနေနဲ့ ဆန္ဒပြမယ့်နေရာကိုရွေးချယ်ဖို့ mobile appတွေကိုသုံးတယ်။ ဆန္ဒပြပွဲမှာရဲတွေနဲ့ထိပ်တိုက်တွေ့ရင် ဘယ်လိုတုံပြန်မလဲဆိုတာကို လက်ဟန်ခြေဟန် signတွေနဲ့ပြတယ်။ ဥပမာ ရဲတွေကမျက်ရည်ယိုဗုံးတွေကြဲနေပြီဆို နောက်ကလူတွေကိုရှေ့ဆက်တတ်မလာဖို့ ရှေ့ဆုံးကလူတွေက လက်ဟန်ခြေဟန် signတွေပြတယ် လူအုပ်ကြားထဲ ဒီလို signမျိုးတွေကို လက်ဆင့်ကမ်းရင်း သန်းနဲ့ချီတဲ့လူအုပ်ကြီးက ဘာဆက်လုပ်ရမလဲဆိုတဲ့ informationကို ချက်ချင်းရသွားတယ်။ ဒီလိုနည်းလမ်းတွေကိုသုံးပြီး အခြေနေတွေကို တုံ့ပြန်ဖို့ သတင်းအချက်အလက်တွေဖြန့်ဖြူးကြတယ်။ ဒါဟာ ဟောင်ကောင်ကပေးခဲ့တဲ့ ဆန္ဒပြပွဲကိုဖြိုခွဲဖို့မလွယ်အောင် ခေါင်းဆောင်မရှိပဲ ဘယ်လိုကျင်းပကြမလဲဆိုတဲ့သင်ခန်းစာဖြစ်တယ်။ ဒါပေမဲ့ တော်လှန်ရေးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာ ရှိစမြဲဆိုတဲ့ လီနင်ရဲ့စကားကလည်းမှတ်သားစရာကောင်းလှတယ်။ အကြမ်းဖက်မှုတွေ လုယက်မှုတွေ မတည်ငြိမ်မှုတွေ မင်းမဲ့စရိုက်တွေဆိုတာက ဆန္ဒပြပွဲတွေ တော်လှန်ရေးတွေနဲ့အတူပါလာတတ်တဲ့ အပေါင်းအဖော်တွေ။ ဆန္ဒပြပွဲတွေကြောင့်သာ policy makerတွေရဲ့ မူဝါဒတွေပြောင်းလဲသွားမယ်ဆိုရင် ဆန္ဒပြပွဲတွေဟာ ထိရောက်တယ် အကျိုးရှိတယ်လို့ပြောလို့ရတယ်။ ထမင်းချက်လို့ မီးခိုးထွက်တဲ့ကိစ္စမှာ မီးခိုးထွက်တာကိုအပြစ်ပြောလို့မရဘူး။ ဒါပေမဲ့လည်း ဆန္ဒပြပွဲတွေကို ဘယ်လိုစည်းမျဉ်းဥပဒေသတွေနဲ့ သွားမလဲဆိုတဲ့ မော်စီတုံးရဲ့ "က" သုံးလုံး နည်းနာကလည်းခေတ်မှီနေသေးတယ် ပြောလို့ရတယ်။ "က" သုံးလုံးကတော့ ဆန္ဒပြပွဲတွေဘာကြောင့်လုပ်လဲဆိုတဲ့ "အကျိုးအကြောင်းရှိရမယ်" နိုင်ငံရေးအရဘာတွေရနိုင်မလဲဆိုတဲ့ "အကျိုးအမြတ်ရှိရမယ်" နောက်ဆုံးကတော့ "အကန့်အသတ်ရှိမယ်" အနိုင်ပိုင်းရမယ်ပေါ့။ ဒါပေမဲ့လည်း ယနေ့လိုခေါင်းဆောင်သူမရှိတဲ့ ဆန္ဒပြပွဲမျိုးမှာ အကန့်အသတ်ဆိုတာရှိပါအုံးမလားဆိုတဲ့အရာကလည်း စဉ်းစားစရာဖြစ်လာတယ်။ သို့သော်လည်း ဟောင်ကောင်ကပေးခဲ့တဲ့သင်ခန်းစာတွေဟာ ကမ္ဘာကြီးရဲ့အခြားတစ်ဖက်မှာရှိနေတဲ့ ဒီမိုကရေစီဘိုးအေကြီးမေရိကန်အတွက် အတုယူစရာတစ်ခုအနေနဲ့ ဖြစ်နေမှာပါ။ ဆရာကြီးဗန်မော်တင်အောင်ပြောခဲ့သလိုပေါ့ "အနှိပ်စက်ခံရမှာကြောက်လို့ပဲ ဖြစ်ဖြစ်၊ အသတ်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ တိုးတတ်မှုနဲ့အမှန်တရားဘက်က ရပ်တည်မယ့်လူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင် လူ့လောကဟာ တိရစ္ဆာန်လောကသာသာလောက်ပဲ ရှိနေအုံးတော့မှာပေါ့ မြိုင်ရယ်"..........
Comments