လူထုလှုပ်ရှားမှုဘယ်လိုအဆုံးသတ်မလဲ
- Revolution 4.0
- Feb 25, 2021
- 2 min read

မြန်မာပြည်က Think Tankလို့ခေါ်တဲ့ဆရာကြီးများနှင့် နိုင်ငံရေးသုံးသပ်သူတွေ၊စောင့်ကြည့်သူတွေဟာ နှစ်ယောက်ရှိရင် သုံးဂိုဏ်းကွဲတဲ့အခြေအနေကိုပြန်လည်ရောက်ရှိလာပါပြီ။ ပြောချင်တာဟာ မြန်မာပြည်ဟာ ရှေ့ကိုဘာဆက်ဖြစ်မလဲဆိုတာကို သူတို့ကိုယ်တိုင်လည်းတိတိကျကျမခန့်မှန်းနိုင်တာမျိုးပါ။ အချို့ကလည်း ဆွေးနွေးညိုနှိုင်းမှုနဲ့ရှေ့ဆက်သွားချင်ပြီး၊ အချို့ကလည်း စစ်အာဏာရှင်အမြတ်ချေမှုန်းရေးထိ သွားရမယ်လို့ယူဆနေသူတွေလည်းရှိနေပါတယ်။ ပထမအမြင် - စေ့စပ်ညှိုနှိုင်းဆွေးနွေးခြင်း ၈၈က ဦးကိုကိုကြီးတို့နဲ့တစ်ချိူ့လှုပ်ရှားသူတွေကတော့ စစ်ကောင်စီနဲ့ညှိုနှိုင်းမှုတွေလုပ်ချင်တဲ့သဘောရှိပါတယ်။ သူတို့ကတော့ ကြားဖြတ်အစိုးရတစ်ခုဖွဲ့ပြီး နောက်ထပ်ရွေးကောက်ပွဲတစ်ခုပြန်ကျင်းပပေးဖို့ပါ။ ကြားဖြတ်အစိုးရဆိုတာ ဆန္ဒပြသူတွေကိုယ်စားပြုတဲ့ လူ၅၀%နဲ့ အခုစစ်ကောင်စီဘက်က ၅၀%တို့ပေါင်းပြီး အစိုးရဖွဲ့တာပါ။ သူတို့ရည်ရွယ်ချက်ကရှင်းပါတယ်။ ဘာလိုညှိုနှိုင်းရလဲဆို အခုလမ်းပေါ်ထွက်နေတဲ့ လူငယ်တွေသွေးထွက်သံယိုဖြစ်မှာကြောင့်လို့ပါ။ စစ်တပ်ကနောက်ဆုံးအနေနဲ့ ၈၈လိုမျိုး သံချပ်ကာတင့်ကားတွေစစ်ဖိနပ်တွေနဲ့ လူငယ်တွေအသက်ကိုနင်းချေသွားမယ်ဆိုရင် တော်လှန်ရေးကြီးလည်းအဆုံးသတ် စစ်အာဏာရှင်တွေလည်း ရှိမြဲရှိစဲဖြစ်လို့ ဖွတ်မရ ဓားမဆုံးဆိုတဲ့ သဘောရှိနေပါတယ်။ နောက်ပြီး နိုင်ငံရေးမှာတစ်ခုရှိတာက "ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး"ဆိုတာ ရှိပါတယ်။ သဘောက စစ်အာဏာရှင်တွေနဲ့ အပေးအယူ အလျော့အတင်းလုပ်ပြီး ရှေ့ကိုအလုပ်ဆက်လုပ်နိုင်ဖို့ပါ။ ဒီလိုစေ့စပ်တွေ့ဆုံရေးရဲ့ အဓိက အားသာချက်ကဘာလဲဆိုရင် လက်တွေ့ကျတယ်၊ ဖြစ်နိုင်ချေများတယ်၊ သွေးထွက်သံယိုမှုနည်းမယ်။ ဒါပေမဲ့ အားနည်းချက်က စစ်အာဏာရှင်စနစ်က အမြစ်ပြတ်မသွားဘူး၊ ၂၀၀၈ထဲအောက်ကိုပဲ ခေါင်းပြန်၀င်သွားမယ်၊ အရင်ဆယ်နှစ်တုန်းကလို လုံးလည်ချာလည်လိုက်နေမယ်၊ စစ်တပ်ကနောက်ထပ်အကြိမ်ပေါင်းများစွာ အာဏာထပ်သိမ်းနိုင်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းကိုရွေးချယ်တဲ့သူတွေဟာသတ္တိကြောင် သွေးကြောင်နေကြလို့မဟုတ်ဘူး။ သူတို့အများစုက နှစ်ရှည်လများထောင်ကျဖူးသူတွေ၊ တစ်ချို့ဆို ဗကပထွက်တွေ၊ လက်နက်ကိုင်အဖွဲ့စည်းထွက်တွေဖြစ်တယ်။ သူတို့ရဲ့ အဓိကဦးတည်ချက်က လူငယ်တွေအတွက် စိုးရိမ်တာရယ်၊ မြန်မာပြည်ကို သွေးထွက်သံယိုမှုတွေကို မဖြစ်စေချင်တာရယ်ကြောင့်ပါ။ ဒီနည်းလမ်းဟာ စစ်အာဏာရှင်ကိုအမြစ်မဖြတ်နိုင်ဘူးဆိုပေမယ့် အောင်မြင်နိုင်ချေ ၅၀%လောက်ရှိပါတယ်။ ဒါပေမဲ့ တစ်ဖန်ပြည်လည်ရရှိလာတဲ့ ဒီမိုကရေစီကလည်း ရွှေရည်စိမ်ဒီမိုကရေစီပဲဖြစ်နေပါလိမ့်မယ်။ ဒုတိယအမြင် - အကြမ်းဖက်လာပါက လက်နက်ကိုင်တပ်များဖြင့် အင်အားသုံးဖြေရှင်းခြင်း (သို့) ပြည်တွင်းစစ် နောက်တစ်ဖက်က အုပ်စုကျတော့၊ စစ်အာဏာရှင်တွေကိုအမြစ်ပြတ်ချေမှုန်းရေးပါ။ သူတို့ကတော့ နောင်ကိုစစ်ဗိုလ်ချုပ်တွေ ဒီလိုအာဏာသိမ်းမှုမျိုးမပြုလုပ်နိုင်အောင် ဒီတစ်ခါအပြီးသတ် ပွဲသိမ်းတိုက်ပွဲဆင်နွှဲဖို့ပါ။ ၂၀၀၈ခြေဥကိုဖျက်ရမယ်။ စစ်ဗိုလ်ချုပ်တွေအားလုံးကို ခုံရုံးတင် အပြစ်ပေးရမယ်။ "ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး" မရှိစေရ။ မည်သည့် အမျိုးသားရင်ကြားစေ့ရေးမူကိုမှ အယုံအကြည်မရှိ။ နောက်ဆုံးအနေနဲ့ စစ်တပ်ဟာ ၈၈ကလိုအချိုးမျိုး ချိုးလာပြီဆိုလို့ရှိရင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ လူထုကိုအကာအကွယ်ပေးပြီး ပြည်တွင်းစစ်ကြီးကိုစတင်ရမည်ဆိုတဲ့အထိကို တွေးတောကြတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကလည်း တိုင်းရင်းသားတွေအနေနဲ့ အခုအဖြစ်ပျက်တွေကို သမိုင်းထဲက ဗမာပြည်အာဏာခွက်စောင်းခုတ်ပွဲတစ်ခုသာသာလို့သာမြင်ကြပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ လူထုဘက်ကနေ ရပ်တည်မလား မရပ်တည်ဘူးလားဆိုတာကလည်း တိုင်းရင်းသားတွေထဲမှာပဲ အကြိတ်အနယ် သဘောထားကွဲလွဲစဲပါ။ ဒါပေမဲ့ စစ်ကောင်စီဟာ လူထုကို အကြမ်းဖက်ဖြိုခွဲလာရင် တိုင်းရင်းသားလက်နက်တပ်တွေက ပြည်သူလူထုဘက်ကရပ်တည်မယ်ဆိုရင်တော့ ပြည်တွင်းစစ်ကြီးအကြီးအကျယ်ဖြစ်လာဖို့ရှိပါတယ်။ တစ်ချို့သုံးသပ်သူတွေကဆို နေပြည်တော်ကိုတောင် ၀င်စီးပြီး တိုက်ခိုက်ဖို့ထိ အကြံပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ စစ်တပ်ကလည်း တိုက်ရည်ခိုက်ရည်မှာခေသူမဟုတ်တဲ့အတွက်ကြောင့် စစ်ပွဲတွေအကြီးအကျယ်ပြင်းထန်လာစရာရှိပါတယ်။ ဒီလိုဆိုရင်တော့ မြန်မာပြည်မြေပုံဟာ သွေးချောင်းစီးစရာဖြစ်လာနိုင်တယ်။ ဒီနည်းလမ်းရဲ့ အားသာချက်က စစ်အာဏာရှင်လုံး၀အမြစ်ပြတ်သွားလိမ့်မယ်၊ ၂၀၀၈လည်းချုပ်ငြိမ်းမယ်။ ဒါပေမဲ့ အားနည်းချက် လက်တွေ့မဆန်ဘူး၊ ပြည်သူတွေ သန်းပေါင်းများစွာ သွေးချောင်းစီးမယ်။ တစ်ကယ်လို့သာ တိုင်းရင်းသားတွေဟာ စစ်တပ်ကိုအနိုင်မတိုက်နိုင်ဘူးဆို မြန်မာပြည်ဟာလည်း ဆီးရီးယား၊ အီရတ်၊ အာဖဂ္ဂန် သာသာဖြစ်သွားပါလိမ့်မယ်။ လက်တွေ့အောင်မြင်နိုင်ချေ အရမ်းနည်းပါတယ်။ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင်တော့ 30%လောက်ပဲ အောင်မြင်နိုင်ချေရှိပါတယ်။
ဒီလိုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြန်လည်ဖြေရှင်းတဲ့ နည်းလမ်းဟာ do or dieလိုပုံစံမျိုးပါ။ ဧရာ၀တီသတင်းဌာနကဖော်ပြခဲ့သလိုပါပဲ စစ်တပ်ဟာ ကျားမြီးဆွဲလိုက်ပြီဖြစ်တဲ့အတွက် သူတို့အတွက်ကလည်း ရှေ့ဆက်တိုးဖို့ပဲရှိပါတယ်။ ပြည်သူတွေဘက်ကလည်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအပြင်၊ ၂၀၀၈ပါဖျက်သိမ်းရေးဆိုတဲ့အချက်ကို ဦးတည်သွားမယ်ဆိုရင်တော့ ပြည်သူတွေလည်း do or dieပါပဲ။ အခုလိုမျိုး စစ်တပ်ရော၊ပြည်သူရောဟာ နှစ်ဖက်ထိပ်တိုက်တိုးမယ့်လမ်းကိုရွေးလိုက်ပြီဆိုရင်တော့ ပြည်သူတွေဘက်ကနေပေးဆပ်ရမယ့် ပေးဆက်မှုကအရမ်းကြီးသွားပါလိမ့်မယ်။ ဒါပေမဲ့ တစ်ချို့သုံးသပ်သူတွေကတော့ ဒီနည်းလမ်းတွေထိ ပြောဆိုဆွေးနွေး လမ်းကြောင်းပေးနေတဲ့လူတွေရှိပါတယ်။
တတိယအမြင်
နောက်ထပ်ခန့်မှန်းချက်တွေကတော့ မြန်မာပြည်ဆန္ဒပြပွဲတွေဟာ အရမ်းကောင်းတယ်၊ ချီးမွမ်းစရာ၊ အတုယူစရာဖြစ်တယ်။ ဒါပေမဲ့ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဆန္ဒပြပွဲတွေအဆုံးသတ်သွားလိမ့်မယ်။ နဂိုမူလအခြေအနေပဲ ပြန်ရောက်သွားလိမ့်မယ်ဆိုတဲ့ ယူဆချက်မျိုးပါ။ အပေါ်မှာဖော်ပြတဲ့ ယူဆချက်နှစ်ခုကတော့ သုံးသပ်သူတွေ၊ လေ့လာသူတွေ ယူဆတဲ့ ယူဆချက်မျိုးဖြစ်ပြီး၊ အခုယူဆချက်ကတော့ ပညာရှင်တွေယူဆတဲ့ ယူဆချက်ပါ။ သူတို့ဟာ ဒီယူဆချက်ကိုချိန်ထိုးဖို့ သမိုင်းကြောင်းတွေ၊ ဒေတာတွေ၊ သီအိုရီပေါင်းစုံ၊ မိုဒယ်ပေါင်းစုံကိုအသုံးပြုပြီး တွက်ချက်ခန့်မှန့်ထားတဲ့ ယူဆချက်တွေဖြစ်ပါတယ်။ ဒီပညာရှင်တွေဟာ ၂၀၁၀မြန်မာပြည် ခရီးဦးလမ်းစ တံခါးကြီးစဖွင့်ကတည်းက မြန်မာပြည်ဟာ စစ်တပ်အာဏာပြန်သိမ်းနိုင်ချေများတယ်ဆိုတာကို ခန့်မှန်းထားခဲ့တာပါ။ သို့သော် ဒီစစ်အာဏာသိမ်းမှုကို ဒေါ်စုရဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူဝါဒက တစ်စုံတစ်ရာ တားဆီးပေးဖွယ်ရာရှိတယ်လို့ သူတို့တွေမျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ သူတို့ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲ စစ်အာဏာသိမ်းမှုပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုတစ်ခါ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့်ပဲ ရပ်တန့်သွားမယ်ဆိုတဲ့ ယူဆချက်တွေဟာ ဘယ်လောက်ထိမှန်နိုင်မလဲစောင့်ကြည့်ရပါမယ်။
စတုတ္ထအမြင်
ဒေါက်တာသန်းမြင့်ဦးလို ပုဂ္ဂိုလ်မျိုးနဲ့ အခြားပညာရှင်တစ်ချို့ကတော့ မြန်မာပြည်အရေးကို သူတို့အနေနဲ့ခန့်မှန်းလို့မရဘူးလို့ဆိုလိုပါတယ်။ ကျွန်တော်အနေနဲ့ ဒီအချက်ကိုထောက်ရှုရရင် သူတို့ဟာ စစ်တပ်အနေနဲ့ ဘယ်လောက်ထိအကြမ်းဖက်နိုင်မလဲဆိုတာကို တွက်ဆမရဘူးဖြစ်နေတာပါ(အမြင်သက်သက်)။ဒါမှမဟုတ် ဒိုင်ယာလက်တစ်စဉ်းစာနည်းအရ မစဉ်းစားပဲ၊ ထွိုင်ယာလက်တစ် နည်းလမ်းဘက်နေစဉ်းစားလို့လည်းဖြစ်ပါလိမ့်မယ်။ ဒိုင်ယာလက်တစ်ကတော့ "ဘာဖြစ်ခဲ့တဲ့အတွက်(သို့မဟုတ်)ဘာဖြစ်ရင် ဘာဖြစ်ရမယ်ဆိုပြီး မျဉ်းတန်းသဘောမျိုး" ခန့်မှန့်တာဖြစ်ပြီး ဧကန် သဘောဆောင်ပါတယ်။ ထွိုင်ယာလက်တစ်ကတော့ "ဒါဖြစ်ခဲ့ပေမယ့်(သို့မဟုတ်)ဒါဖြစ်ရင်၊ ဒါဖြစ်ချင်မှဖြစ်မယ်" ဆိုတဲ့ အနေကန် သဘောဆောင်တဲ့ ပုံစံမျိုးပါ။ ဒါကြောင့်လည်း အတိအကျထုတ်မပြောတာမျိုးနေပါလိမ့်မယ်။
မိမိအမြင်
တစ်ကယ်တော့ မြန်မာပြည်ဆန္ဒပြပွဲတွေအောင်မြင်မလား၊ မအောင်မြင်ဖူးလားဆိုတာကိုခန့်မှန်းကြည့်ဖို့ဆိုရင် လူထုရဲ့သည်းခံနိုင်စွမ်း၊ ညဏ်အမျှော်အမြင်ရှိမှု၊ စည်းလုံးမှုအားဘယ်လောက်ရှိလဲဆိုတဲ့အချက်တွေပေါ်မူတည်တဲ့အပြင်၊ စစ်တပ်အနေနဲ့ လူထုကို အကြမ်းဖက်ဖြိုခွဲမလား၊ မဖြိုခွဲဘူးလားဆိုတဲ့အချက်ဟာလည်း တော်တော်လေးမူတည်ပါတယ်။ သမိုင်းကိုပြန်ကြည့်ရရင် ကတ္တီပါတော်လှန်ရေးလို့ခေါ်တဲ့ ဆိုဗီယက်အနွယ်၀င်ဟောင်းနိုင်ငံတွေမှာ တစ်ပါတီအာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုကူးပြောင်းတဲ့အခါ သွေးမြေကျမှုမရှိပဲ လိုချင်တဲ့ပန်းတိုင်ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဘာလို့လဲဆိုရင် အဲ့ဒီနိုင်ငံတွေမှာရှိတဲ့ ခေါင်းဆောင်တွေကြားကသဘောထားပျော့ပြောင်းသူတွေနဲ့ သဘောထားတင်းမာတဲ့သူတွေကြားကအားပြိုင်မှုမှာ သဘောထားပျော့ပျောင်းတဲ့သူတွေက အသာစီးရခဲ့လို့ပါ။ ဒါပေမဲ့ တရုတ်ပြည်က တီအင်မန်ရင်ပြင်မှာတော့ သံချပ်ကာတင့်ကာကားဘီးတွေအောက်မှာ တရုတ်ပြည်သူတွေအသက်ပေးခဲ့ရပါတယ်။ ၈၈မှာလည်းမြန်မာပြည်သူတွေ အသက်ပေးခဲ့ရပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆို တပ်ထဲကထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ သဘောထားတင်းမာသူတွေကအသာစီးရခဲ့လို့ပါ။ ဒါကြောင့်စစ်တပ်အနေနဲ့ လူထုအပေါ်ဘယ်လောက်ထိ ရက်စက်ယုတ်မာနိုင်မလဲဆိုတဲ့အချက်က လူထုအရေးအတော်ပုံတွေဘယ်လောက်အောင်မြင်နိုင်ချေရှိလဲဆိုတဲ့အပေါ်မှာတော်တော်သက်ရောက်မှုရှိနိုင်ပါတယ်။
ကျွန်တော့်အမြင်အရ ကြိုက်နှက်သက်တဲ့ နည်းလမ်းအမြင်မျိုးကို ပြောပါဆိုရင် ပထမနည်းလမ်းဖြစ်တဲ့ စစ်တပ်နဲ့စေ့စပ်ဆွေးနွေးတာမျိုးကိုမကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ကိုပြန်မလိုချင်တော့သလို၊ စစ်တပ်ရဲ့မောက်မာမှူကိုလည်း သည်းခံနိုင်စွမ်းကုန်လွန်နေပါပြီ။ အခုမျိုးဆက်မှာမှ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်ရင် နောင်မျိုးဆက်တွေဟာ ဒီအာဏာရှင်စနစ်က သေပန်းပွင့်နေတာကို အကြိမ်ကြိမ်အခါခါခံစားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ခုချိန်မှာတစ်ခါတည်း အမြစ်ပါမကျန် ဖြိုလှဲ ဖျက်ဆီးပြီး သင်းသတ်ပစ်ရပါမယ်။ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်တဲ့ အကြမ်းဖက်ဖြိုခွဲလာရင် လက်နက်ကိုင်တပ်တွေနဲ့ ပြန်လည်ဖြေရှင်းတယ်ဆိုတဲ့နည်းမျိုးလည်းမကြိုက်ပါဘူး။ မြန်မာပြည်သွေးချောင်းစီးတာကိုမမြင်ချင်တော့သလို၊ လက်နက်ကိုင်လမ်းစဉ်ဟာ မြန်မာပြည်အတွက်အဖြေဆိုတာကို လုံး၀အယုံအကြည်မရှိပါဘူး။ မြန်မာပြည်သမိုင်းမှာ လက်နက်ကိုင်လမ်းစဉ်ဟာ ပြသာနာပေါ်ပြသာနာဆင့်တာပဲဆိုတာ သိရှိထားတဲ့အတွက်ကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ မြန်မာပြည်ဟာ သွေးကြွေးဆပ်မှ အောင်မြင်မှရမယ်ဆိုတဲ့ အယူအဆမျိုးလက်မခံပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်လောက် အာဇာနည်တွေပေါတာမြန်မာပြည်ပါ။ အညတရ အာဇာနည်တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ အာဇာနည်တွေ မနည်းမနောပါ။ လွတ်လပ်ရေးခေတ်ကတည်းကစလို့ ဒီနေ့အချိန်ထိ တိုင်းပြည်ရဲ့အဖိုးတန်ဦးနှောက်တွေကို သေနတ်ပြောင်း၀မှာ အောက်ဈေးနဲ့လျော့ရောင်းခဲ့ရတဲ့ အပေါစားဆန်ဆန်အဖြစ်မျိုးတွေ့ကြုံခဲ့ရလှပါပြီ။ ဒီအာဇာနည်တွေရဲ့ သွေးတွေနဲ့ မြန်မာပြည်သမိုင်းကိုပြောင်းလဲပစ်ဖို့ အချိန်တိုင်းကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထင်သလောက်ခရီးမရောက်ပါဘူး။ ဒါကြောင့် သူရဲကောင်းဝါဒဟာ ဒီတိုင်းပြည်အတွက်အဖြေမဟုတ်ဘူးဆိုတာ သမိုင်းကသက်သေပြပြီးပါပြီ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ သူရဲကောင်းဝါဒအခြေခံစိတ်ဓာတ်ကနေ၊ ညဏ်ပညာအမျှော်မြင်ရှိတဲ့ ကြီးမြတ်တဲ့လူ့အဖွဲ့အစည်းအဖြစ်ပြောင်းလဲချိန်တန်ပြီလို့ယူဆပါတယ်။ ဒါကြောင့် ညဏ်ပညာကြီးမြတ်ခြင်းဟာ သွေးထွက်သံယိုမှုအနည်းဆုံးနဲ့ တိုင်းပြည်ကိုကယ်တင်နိုင်မဲ့နည်းလမ်းဖြစ်တယ်လို့ ထင်ပါတယ်။
ကျွန်တော်ဖြစ်စေချင်တာတော့ လူထုရဲ့ညဏ်အမျှော်အမြင်ကြီးမှု၊ စည်းလုံးမှုကြောင့် စစ်အာဏာရှင်တွေကို တစ်စုံတစ်ရာ တုန်လှုပ်ခြောက်ခြားစေပြီး၊ နိုင်ငံတစ်ကာရဲ့ နိုင်ငံရေးအရ မကြုံဖူးလောက်အောင် နည်းလမ်းအသစ်တွေနဲ့ပြင်းပြင်းထန်ထန်ဖိအားပေးမှုတွေကြောင့် အာဏာရှင်တွေ ဘေးကျပ်နံကျပ်ဖြစ်တဲ့အချိန်မျိုးမှာ သူတို့ကိုယ်တိုင် အသိတရားရှိစွာနဲ့ နောက်ပြန်လှည့်ခြင်းပါ။ ၁၉၉၀က ဗိုလ်ချုပ်ကြီးစောမောင်ပြောခဲ့သလို "စစ်သားတွေ စစ်တန်းလျားကိုပြန်ကြမှာပါ"။ ဒါပေမဲ့ ကတိမတည်ခဲ့ပါဘူး။ အခုလည်း သူ့စကားကိုယူသုံးရရင် ၂၀၂၁မှာတော့ ကျွန်တော်တို့အနေနဲ့ ဒီလောက်နဲ့မလုံလောက်တော့ပါဘူး။ "စစ်သားတွေဟာ စစ်တန်းလျားကို ပြန်ကိုပြန်ရပါမယ်။ ဒါ့အပြင် သူတို့နဲ့အတူပါလာတဲ့ ၂၀၀၈ခြေဥကိုပါ တစ်ခါတည်းပြန်ယူသွားပြီး အာဏာရှင်စနစ်နဲ့အတူ မြေမြှပ်သဂြိုလ်ပစ်ရမယ်"။ ဒီလိုအသိညဏ်ရှိစွာနောက်ပြန်လှည့်ခြင်းမျိုးကိုပဲ မျှော်လင့်ပါတယ်။
မှတ်ချက်
ဒီစာဟာ မြန်မာပြည်ကပညာရှင်တွေ လူထုလှုပ်ရှားမှုတွေကို ဘယ်လိုတွေးထင်တာလဲဆိုတာကို အကျဉ်းချုပ်ဖော်ပြတာပါ။ ဒီထဲကအတိုင်းပဲဖြစ်ရလိမ့်မယ်လို့ မဆိုလိုပါ။ ဒါ့အပြင် မိမိအမြင်ကိုပါတစ်ခါတည်းဖော်ပြထားပါတယ်။ ကျွန်တော့်အထင် ယခုလူထုလှုပ်ရှားမှုကြီးဟာ သံလိုက်အိမ်မြှောင်မပေါ်ခင်ခေတ်က သမုဒ္ဒရာထဲရွက်လွှင့်နေတဲ့ သဘော်တွေလိုဖြစ်နေတယ်လို့ထင်ပါတယ်။ ဘယ်ကိုဦးတည်တယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အတိအကျမခန့်မှန်းနိုင်ကြပါ။ အခြေအနေပေါ်မူတည်ပြီး တွေ့ကြုံလာနိုင်တဲ့ပြသာနာတွေကို ညဏ်ပညာအခြေခံပြီး အမျှော်အမြင်ရှိစွာ ရင်ဆိုင်တုံ့ပြန်ရမှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ညဏ်ပညာကသာ လူထုလှုပ်ရှားမှူဆိုတဲ့ ရွက်သဘော်ကြီးကို ဦးတည်ချက်မလွဲပဲ မှန်ကန်တဲ့ပန်းတိုင်ရောက်အောင်ရွက်လွှင့်နိုင်ဖို့အတွက် လမ်းညွှန်ပြသနိုင်မှာပါ။ ဒါပေမဲ့ အဘက်ဘက်ကနေ သက်ရောက်လာနိုင်ခြေရှိတဲ့ အကြောင်းအချက်အလက်တွေကြောင့် လူထုလှုပ်ရှားမှုကြီးဟာ ပန်းတိုင်ကိုမထင်မှတ်ပဲ လွယ်လွယ်ကူကူရောက်သွားနိုင်သလို၊ မထင်မှတ်ပဲလည်း အလွယ်တစ်ကူ ပျက်ဆီးသွားနိုင်ပါတယ်။ ဒီလှုပ်ရှားမှုကြီးဟာ မြန်မာပြည်မှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ညဏ်ပညာအခြေခံကိုစမ်းသပ်တဲ့ ဘ၀အာမခံချက်စာမေးပွဲတစ်ခုဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။
Comments