top of page

အမှောင်ထုထဲအား တိုး၀င်ခြင်း

  • Writer: Revolution 4.0
    Revolution 4.0
  • Nov 4, 2020
  • 3 min read

Updated: May 29, 2021


ခရီးသွားခါနီးပြီဆိုတိုင်း ဤအရုတ္တ အနတ္တခန္ဓာကိုယ်မှာ ဓာတ်‌ကြီးလေးပါးတို့ရန်ဖြစ်ကြလျက် တစ်ခုခုချို့ယွင်းရရသည်မှာ အမြဲအကျင့်လိုဖြစ်နေပြီ။ အခုလည်းမနက်ဖြန်ခရီးသွားပြီဆိုမှ ဒီလိုနေ့မျိုးတွင် တစ်နှစ်စာဘိုကင်ယူထားသာည့်အလား ၀မ်းတော်မှာဒရဟောလာနေသည်။ မဖြစ်။ ဆေးခန်းသွားပြီး ဆေးထိုးမှသာဖြစ်မည်။ ဆေးထိုးလိုက်တော့သက်သာသွားသည်။ သိူ့သော်ပါးစပ်ကတော့ ချဉ်တင်တင်ဖြစ်၍ ကျန်ခဲ့သည်။ ဘာစားချင်လို့ စားချင်မှန်းမသိပဲ တစ်ခုခုကိုတောင့်တနေသည်။ ခရီးရောက်တော့ ပထမနေ့ လွိုင်ကော်ဖြစ်သည်။ ဒေသစာတွေသိပ်စားလေ့စားထမရှိသောကြောင့် ရောက်လေရာအရပ်တွင် လွယ်လွယ်ကူကူရရှိနိုင်သော ထမင်းကြော်နှင့်တရုတ်အစားအစာကိုသာ တပ်တပ်မက်မက်ရှာ‌ဖွေမိနေသည်။ တစ်ကယ်တော့ တရုတ်စာကိုကြိုက်လွန်း၍မဟုတ်။ ဒေသစာဖြစ်သောဟိုဟိုဒီဒီအစားအစာများကိုမမြည်းစမ်းလိုသည်ကတစ်ကြောင်း၊ တစ်ခုခုအစားမှား၍ ၀မ်းလျှောမည်စိုးမှာကတစ်ကြောင်း စသည့်အမျိုးမျိုးသော အကြောင်းကြောင်းများကြောင့် ခရီးသွားတိုင်းရောက်လေရာအရပ်တွင် "လျှာတည့်မစမ်းမိ"ပေ။ ထို့ကြောင့်လည်း အများကကောင်းသည်ဟုရည်ညွှန်းလေ့ရှိသော ဒေသအစားအစာများသည် မိမိလျှာပေါ်သို့ရောက်လာလေ့မရှိ။ ယခုတော့ နဂိုကတည်းက ဟိုရှောင်ဒီရှောင်လုပ်နေရသော စာ‌ရေးသူသည် ၀မ်းတော်ကြောင့် ဟိုဟိုဒီဒီမြည်းစမ်းလို့မရပဲ သိပြီးသားအစားအစာများကိုသာ အလီကျက်သလိုစဉ်းစားပြီးမှာစားနေရသည်။ လွိုင်ကော်ရောက်ပထမနေ့မှာပင်လျှင် ဘာစားချင်နေမှန်းမသိသောစာ‌ရေးသူ၏စိတ်ကြောင့် ပါးစပ်က၀င်လာသမျှအစားအစာများသည် အရသာခံအာရုံကြောနဲ့အဆက်ပြတ်နေလေသည်။ ဒုတိယနေ့ရောက်တော့လည်း သိပ်မစွံ။ စားနေကျတရုတ်စာတစ်မျိုးကိုသာ မလွှဲသာမရှောင်သာမှာစားမိလိုက်သည်။ သို့သော် ညနေဘက်ရောက်တော့ လွိုင်ကော်မြို့ထဲလျှောက်ကြည့်ချင်သည်နှင့် အပျင်းပြေလက်ဖက်ရည်ဆိုင်ထိုင်ဖို့ သူငယ်ချင်းများနှင့်တိုင်ပင်ကြည့်သည်။ သူတို့ကလည်းလက်ဖက်ရည်ဆိုင်သွားချင်သည်နှင့် အတော်ဖြစ်သွားသည်။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်ဘယ်နားရှိသည်ကို ဟိုတယ်၀န်ထမ်းများကိုမေးကြည့်မိသည်။ သူတို့ကတော့ ည၈နာရီဆို ဆိုင်တွေပိတ် လေ့ရှိသည်ဟုပြောသည်။ သို့သော် ၂၄နာရီဆိုင်တစ်ချို့တော့ရှိသည်ဟုပြောကာ ဘယ်လိုသွားရမည်ကိုလမ်းညွှန်လိုက်‌သည်။ လွိုင်‌ကော်မြို့ဆိုသည်မှာ စာရေးသူနှင့်အကျွမ်းတစ်၀င်မရှိသော မြို့ပြတစ်ခုဖြစ်လေရာ လမ်းညွှန်းချက်များသည် ထင်သလောက်မလွယ်ကူလှပေ။ ဟိုမှသည် သည်မှဟိုဖြင့် ‌ကောက်ကွေးတွန့်လိမ်နေသည်။ ထို့ကြောင့် ဟိုတယ်ကလူများကိုဆက်မေးနေလည်းမထူးဟုဆိုကာ မှတ်မိ‌သလောက်သာမှတ်ထားလိုက်ပြီး လမ်းရောက်မှ အဆင်ပြေတဲ့လူကိုမေးစမ်းကြည့်မည်ဟုတွေးလိုက်သည်။ ဟိုတယ်ကစထွက်တော့ ည ၁၀နာရီလောက်ရှိမည်ထင်သည်။ လမ်းပေါ်‌ရောက်တော့ မည်သည့်လူရိပ်လူယောင်မှမတွေ့ရတော့။ သို့သော် တိတ်ဆိတ်ခြင်းဆိုသည့်သက်ရှိလူသားကတော့ မီးရောင်တွေအောက်တွင် ခပ်ခပ်တိုးလမ်းလျှောက်နေသည်။ အအေးဓာတ်ကလည်း သိပ်အချမ်းကြီးမဟုတ်သော်လည်း ရန်ကုန်ဆောင်းထက်တော့ သာသည်။ ဆောင်း၏လက်ကျန်အငွေ့အသက်များဖြစ်သော အအေးဓာတ်များက ရန်မူလာသောအနွေးဓာတ်များကိုအနိုင်ယူထားသည်ဖြစ်ရာ ပတ်၀န်းကျင်၏ချမ်းစိမ့်စိမ့်အရသာကိုတော့ လေထုထဲကတစ်ဆင့် ခံစားသိရှိနေရသည်။ အလိုက်သိတတ်လှပါ၏ ဆောင်း။ ခေတ်မှီရန်ကုန်မြို့‌ပြသည် သက်ရှိလူသားများ၏ အမြဲတစေရုန်းကန်လှုပ်ရှားမှုကြောင့် သိပ်ပြီးအနားယူရတယ်ဟူ၍ မရှိ။ တစ်ခါတစ်ရံမြို့ပြသည်အိပ်ပျော်ရာမှ လန့်နို့လားသည်၊ တစ်ခါတစ်ရံ အိမ်မက်ဆိုးတွေကို ကယောင်ကတမ်း၊ အော်ဟစ်မြည်တမ်းလာသည်။ ယခု လွိုင်ကော်မြို့လေးကတော့ ခေတ်မှီရန်ကုန်မြို့လို မဟုတ်။ ည ၈နာရီထိုးသည်နှင့်‌ ဈေးဆိုင်ခန်းများနှင့်အိမ်တံခါးများ အလျှိုလျှိုပိတ်ကုန်ပြီဖြစ်သည်။ မြို့ကလေးသည် သံပတ်ပေးထားသော နာရီတစ်လုံးကဲ့သို့ လုပ်စရာရှိသည့်အလုပ်များကိုရပ်ပစ်လိုက်ကြသည်။ အမိန့်ချလိုက်သော တရားသူကြီးတစ်ယောက်ကဲ့သို့ တစ်မြို့လုံးအားတိတ်ဆိတ်စေခဲ့သည်။ အမှန်အားဖြင့် လွိုင်ကော်မြို့သူမြို့သားများသည် သူတို့၏ပီဘိသားငယ်မြို့ကလေးအား မည်သို့အိပ်စက်အနားယူရမည်ဆိုသည်ကို ကောင်းစွာသင်ပေးထားပုံရ၏။ ည ၁၀နာရီဆိုသည့်အချိန်ကာလတစ်ခုတွင် စာရေးသူတို့၏ရုပ်ခန္ဓာများက မြို့ပြထဲသက်၀င်လှုပ်ရှားနေသော်လည်း သူနှင့်မဆိုင်သလိုအိပ်စက်အနားယူ‌နေသောလွိုင်ကော်မြို့လေးကတော့ တိတ်ဆိတ်ခြင်းကိုပွေ့ဖက်ပြီး၊အေးချမ်းခြင်းကိုလွှမ်းခြုံထားကာ ညဉ့်ဦးယံအိမ်မက်ထဲပင်ရောက်ရှိနေပြီလားဟု တွေးထင်နေမိသည်။ သို့သော်မြို့ကလေးသည် သူ၏မြို့သူမြို့သားများအား ကောင်းကင်ယံမှအလင်းရောင်ဖြင့် ဖြန့်ကျက်ကြည့်ရှုလျက်ရှိသည်... ကိုယ်နှင့်ရင်းနှီးမှုမရှိသောဒေသတစ်ခုတွင် အမည်မသိသောလမ်းမများထက် ရေရေရာရာမရှိလှသောလက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှာရသည်မှာထင်သလောက်မလွယ်။ ဟိုတယ်ကညွှန်လိုက်သည်မှာ ရှေ့တည့်တည့်ကလမ်းအတိုင်းဆက်လျှောက်ခိုင်းပြီး လမ်းဆုံတွေ့သည့်နှင့် ဘယ်ဘက်သို့ချိုးဟု ပြောလိုက်သည်။ စာရေးသူတို့လည်း ထိုလမ်းညွှန်ချက်အထိသာ မှတ်ထားလိုက်သည်။ ကျန်သည့် မီးပွိုင့်တို့ ဂုံးကျော်တံတားတို့ စသည့်အမှတ်အသားလမ်းညွှန်ချက်များသည် ခေါင်းထဲ၌ပေါ်မလာတော့။ ဟိုတယ်ကညွှန်လိုက်သည့်အတိုင်း လမ်းဆုံသို့‌ရောက်အောင် လျှောက်လိုက်ကြသည်။ လမ်းဆုံသို့ရောက်သည်နှင့် ဘယ်ဘက်သို့ချိုးလိုက်သောအခါ မြို့လယ်ကောင်ဖြစ်ဟန်တူသော လမ်းမပေါ်သို့ ရောက်ရှိသွားသည်။ မြို့၏အချက်အချာကျသောလမ်းမတစ်ခုဖြစ်သော်လည်း လှုပ်လှုပ်ရှားရှား သိပ်မတွေ့ရ။ နတ်ဆိုးတစ်ကောင်၏ဖမ်းစားခြင်းကိုခံထားရသော မိန်းမပျိုလေးကဲ့သို့ တစ်မြို့လုံးကားတုပ်တုပ်မျှမလှုပ်‌ အိမ်မောကျနေလေပြီ။ မြို့လယ်လမ်းအတိုင်းလျှောက်လာရင်း ခပ်လှမ်းလှမ်းရောက်တော့ အသက်ကြီးကြီးလူတစ်ယောက်ကိုတွေ့သည်နှင့် လက်ဖက်ရည်ဆိုင်ဘယ်နားရှိလဲဟု ထပ်မေးကြည့်သည်။ သူက လက်ဖက်ရည်ဆိုင်တော့မသိ၊ ကော်ဖီဆိုင်တစ်ဆိုင်တော့ရှိသည်ဟု ‌ဆိုကာ နောက်ထပ်လမ်းညွှန်ချက်တစ်ခုကို ပြောပြလိုက်ပြန်သည်။ အခုရောက်နေတဲ့လမ်းမအတိုင်းတည့်တည့်လျှောက်ပြီး တံတားအကျော်တွင် မီးပွိုင့်တစ်ခုတွေ့ရမည်။ အဲ့ဒီမီးပွိုင်ရဲ့ဘယ်ဘက်ကိုချိုးလိုက်လျှင်တော့ ၂၄နာရီအထိဖွင့်သောကော်ဖီဆိုင်ဆိုင်တစ်ဆိုင်ကို တွေ့ရမည်ဟုလမ်းညွှန်လိုက်သည်။ စာရေးသူတို့လည်းရောက်လာမှတော့မထူး။ ကော်ဖီဖြစ်ဖြစ် လက်ဖက်ရည်ဖြစ်ဖြစ် ဟိုတယ်ထဲအောင်းနေသည့်ထက် ဆိုင်တစ်ဆိုင်မှာထိုင်ချင်သည်ကပိုပြီး အာသီသရှိနေသောကြောင့် ရောက်အောင်သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်ပြီး စာရေးသူတို့အတွက် ဤလမ်းညွှန်ချက်သည်သိပ်မခက်လှတော့။ တံတားအကျော်က မီးပွိုင့်ကိုတွေ့လျှင် ဘယ်ဘက်သို့ချိုးလိုက်ဖို့သာဖြစ်သည်။ ထို့ကြောင့် ပတ်၀န်းကျင်၏တိတ်ဆိတ်ငြိမ်သက်ခြင်းကိုသာငေးမောကြည့်ရင်း မြို့ပြ၏‌ပုံရိပ်များပေါ်တွင် "စိတ်ပစ်ကူး"ကာ ‌ကော်ဖီဆိုင်ရှာပုံတော်ဖွင့်နေမိသည်။ စကားတစ်ပြောပြောနှင့်လျှောက်လာရင်း မီးပွိုင့်ထိပ်သို့ရောက်လာသည်။ သို့သော် ထိုမီးပွိုင့်သည် စာရေးသူတို့ရှာနေသည့်ကော်ဖီဆိုင်ကို အရောက်ပို့ပေးမည့် မီးပွိုင့်မဟုတ်။ ညွှန်လိုက်သည့်အတိုင်းဆိုလျှင် တံတားအကျော်က မီးပွိုင့်သာလျှင် စာရေးသူတို့ရှာနေသည့်‌ ကော်ဖီဆိုင်ရှိရာကိုရောက်နိုင်သည်။ ထို့ကြောင့် တံတားကိုတွေ့ဖို့အတွက် ဤလမ်းအတိုင်းဆက်လျှောက်ရအုံးမည်။ မြို့လည်က မီးပွိုင့်တစ်ခုကိုမြင်လိုက်ရသည့်အခါ စာရေးသူဖတ်ခဲ့ဖူးသည့် "အို့ဘယ့်အစိမ်းတို့မြေ"စာအုပ်ထဲက ဆရာပါစကယ်ခူးသွပ်ရေးသားသောအဖြစ်အပျက်တစ်ခုကို သတိရမိလာသည်။ လွန်ခဲ့သောဆယ်စုနှစ်များတုန်းက လွိုင်ကော်မြို့တွင် မီးပွိုင့်မရှိ။ ကားသမားအချင်းချင်း နားလည်မှုဖြင့်သာ မောင်းနှင်နေကြသည်။ တစ်နေ့တော့ မြို့လယ်ကောင်တွင် ပထမဆုံးအနေဖြင့် မီးပွိုင့်စတပ်ဆင်သည်။ မီးပွိုင့်နှင့် မလှမ်းမကမ်းတွင်လည်း ယာဉ်ထိန်းရဲစခန်းအဆောက်အအုံတစ်ခုဆောက်ထားသည်။ သို့သော် လွိုင်ကော်မြို့လေးသည်မီးပွိုင့်နှင့် မတည့်ဟန်တူသည်။ မီးပွိုင့်မှမီးရောင်စုံများသည် မီးပွိုင့်ဆိုသည်ကိုတစ်ခါမှမမြင်ဖူးသော ကားသမားများအားအထိတ်တစ်လန့်ဖြစ်စေသည်။ မီးရောင်များကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသောကားတစ်စီးသည် မီးပွိုင့်ကိုကျော်၍ ယာဉ်ထိန်းရဲစခန်းအား၀င်တိုက်လိုက်သည်။ စခန်းထဲတွင်အနားယူနေသော ယာဉ်ထိန်းရဲလည်း ပွဲချင်းပြီးသေသွားသည်။ အရင်ကဆို မြို့ပေါ်တွင်တစ်ခါမှမကြားဖူးသော ယာဉ်တိုက်မှုသည် မြို့လယ်တွင်မီးပွိုင့်စတပ်လိုက်သည့်‌နေ့မှ လူတစ်ယောက်ပါပွဲချင်းပြီးသေသည်။ ဤမြို့ကလေးသည် မီးပွိုင့်နဲ့အကျိုးမပေး။ သို့သော် ယခုတော့ နှစ်ကာလတွေကြာညောင်းလာပြီဖြစ်ရာ မြို့က‌လေးနှင့်မီးပွိုင့်သည် တစ်ယောက်အကြောင်းတစ်ယောက်နားလည်ကာ နေသားကျနေပြီဖြစ်သည်။ စာအုပ်ထဲကအတိုင်းအဆို လူ့အသက်တစ်‌ချောင်းနဲ့ဖွင့်ပွဲစလုပ်ခဲ့‌သောမီးပွိုင့်သည် ယခုတွေ့နေရသောမီးပွိုင့် သို့မဟုတ် စာရေးသူတို့သွားမည့်လက်ဘက်ရည်ဆိုင်မရောက်ခင်အလိုက မီးပွိုင့်ဖြစ်နိုင်သည်။ ထို့နောက် သူငယ်ချင်းများနဲ့အတူ စကားတစ်ပြောပြော ဆက်လျှောက်လာရင်း လမ်းညွှန်လိုက်သော တံတားပေါ်သို့ရောက်ရှိလာခဲ့သည်။ တံတားဆိုသော်လည်း သိပ်အကျယ်ကြီးမဟုတ်။ ‌ဘီလူးချောင်းကိုဖြတ်၍ထိုးထားသောခပ်‌သေးသေးတံတားတစ်စင်းမျှသာဖြစ်သည်။ လွိုင်ကော်မြို့အထက် ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ မိုးဗြဲဆည်မှစတင်စီးဆင်းလာသော ရေစီးကြောင်းကလေးသည် ဖယ်ခုံကိုကျော်၍ ကရင်နီနယ်နမိတ်ထဲဦးခိုက်သည်နှင့် ဘီလူးချောင်းဟူ၍ဖြစ်လာသည်။ ဘီလူးချောင်းသည် လွိုင်ကော်မြို့ကိုခါးဆောင်းတင်ပြီး လောပိတကိုဖြတ်၍စီးကာ နန်းပေါင်မြစ်ထဲသို့စီး၀င်အဆုံးသတ်သည်။ တံတားပေါ်ကဖြတ်လျှောက်ခိုက် ခြေဖဝါးအောက်တွင်ရောက်ရှိနေသောချောင်းသည် ဘီလူးချောင်းဟုသတိထားမိလိုက်သည်နှင့် ငယ်ငယ်ကနားထောင်ခဲ့ရသော ဦးညီထွဋ်၏ သီချင်းတစ်ပုဒ်ကို ပြန်ပြီးအမှတ်ရမိလာသည်။ "ဘီလူးချောင်းကပေးတဲ့ခွန်အားနဲ့လေ အလင်းတန်းများတိုး၍ဖြစ်ပေါ်နေ"ဟူသောစာသား။ ထိုစာသားသည် စည်းလုံးချင်းအတွက်သီချင်းတစ်ပုဒ်ဟုအမည်ရသောသီချင်းထဲက စာသားများဖြစ်သည်။ အော် စာရေးသူခြေဖဝါးအောက်ကချောင်းငယ်လေးဟာ မြန်မာပြည်ရဲ့အလင်းရောင်ပါလားဟူ၍ အတွေး၀င်လာကာ မဆီမဆိုင်စိတ်ကြီး၀င်လာမိသေးသည်။ ဘေးဝဲယာကိုကြည့်တော့လည်း လွိုင်ကော််မြို့ရဲ့အသည်းနှလုံး တောင်ကွဲစေတီကိုတံတားပေါ်မှ လှမ်းမြင်နေရသေးသည်။ တောင်ကွဲစေတီကို ပထမနေ့ကတည်းကရောက်ခဲ့ပြီးဖြစ်သောကြောင့် မျက်မှန်းတမ်းမိနေပြီဖြစ်သည်။ သို့သော် ယခုလိုတံတားပေါ်ကလှမ်း‌မြင်ရသည့်အခါ မတူညီသောစက္ခုအာရုံအရသာတစ်မျိုးကို ခံစားရသည်။ မျက်စိတွေကလှည့်စားတာမျိုးမဟုတ်ပဲ နှလုံးသားကလှည့်စားတာများလို့တွေးထင်မိ‌သေးသည်။ သို့သော် ဟုတ်ဟန်မတူပါ။ သဘာ၀ရေးဆွဲလိုက်သော ပုံတူကားချပ်တစ်ခုကို မတူညီတဲ့ရှုထောင့်တစ်ခုက သက်၀င်စီးမျောခံစားမိခြင်းဟု နားလည်သဘောပေါက်မိလိုက်သည်။ မှန်သည်။ နှလုံးသားပုံဖော်သူနှင့်မျက်စိရှုစားသူတို့ထပ်တူကျသွားခြင်းသာဖြစ်သည်။ လွိုင်ကော်မြို့ကိုမရောက်ခင်ကတည်းက မြို့အကြောင်းပြောမိလိုက်တိုင်း တောင်ကွဲစေတီကို "ရင်ကွဲစေတီ"ဟု ခဏခဏမှား၍ ပြောမိသေးသည်။ ယခုတော့ တံ‌တားပေါ်ကလှမ်းမြင်နေရသည့် သက်ရှိပန်းချီကားချပ်ထဲကတောင်ကွဲစေတီကိုလှမ်းကြည့်ရင်း လွမ်းသလို၊‌ ဆွေးသလိုဖြစ်လာကာ "ရင်ကွဲ"နေသလိုခံစားရလာသည်။ အော် ရင်ကွဲစေတီ ရင်ကွဲစေတီ။ ယခုလိုမျိုး မြင်တွေ့ရသောမြင်ကွင်းမျိုးသည် နောင်နှစ်များကြာသော် မြို့ပြရဲ့အလောတကြီးတိုးတတ်မှုကြောင့် တွေ့များတွေ့ရပါတော့မလားဟု စိုးရိမ်မိသေးသည်။ ခေတ်မှီဆန်းသစ်တဲ့အထပ်မြင့်အဆောက်အဦးတွေကြားထဲ အခုလိုငေးမောချင်စရာကောင်းတဲ့မြင်ကွင်းတစ်ခု ငုပ်လျှိုးပျောက်ကွယ်သွားမယ့်အဖြစ်မျိုးတော့ မလိုချင်မိတာအမှန်ဖြစ်သည်။ သို့သော်လည်း မတတ်နိုင် ခေတ်ရဲ့ရေစီးကြောင်းထဲတွင် သဘာ၀တရားကအမြဲတမ်းခေါင်း၀င်လျှိုပေးနေရစမြဲဖြစ်သည်။ တံတားပေါ်တွင် သိမ်မလျှောက်လိုက်ရ။ ငါးမိနစ် ဆယ်မိနစ်လောက် ‌လျှောက်လိုက်သည်နှင့် ချောင်းတစ်ဖက်သို့ရောက်သွားသည်။ မီးပွိုင့်ကိုလည်းလှမ်းမြင်နေရပြီ။ မီးပွိုင့်ရောက်တော့ ဘယ်ချိုးလိုက်သည်နှင့် အလောတကြီးရှာဖွေနေသော ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုမြင်လိုက်ရသည်။ ဆိုင်ကလေးသည် သိပ် "ခန့်"သည့်အပြင်အဆင်မျိုးနှင့်တော့ မဟုတ်။ ‌ကော်ခုံကလေးဆယ်ခုံလောက်နဲ့ လမ်းဘေးပလက်ဖောင်းပေါ်မေးတင်၍ အပျို‌ငေးနေသည့်ဟန်မျိုးဖြင့် လမ်းမဘက်သို့မျက်နှာမူထား၏။ စာရေးသူတို့ရောက်သွားတော့ ဆိုင်ထဲတွင် လူအတော်အသင့်ပြည့်နေသည်။ ဆိုင်ထဲ၀င်သည်နှင့် လှည့်ပတ်ကြည့်မိသည့်အခါ အရင်ဆုံးတွေ့ရသည်ကကော်ဖီခွက်များမဟုတ်၊ ဘီယာခွက်များသာဖြစ်သည်။ ပထမတော့ ဘီယာဆိုင်နှင့်ကော်ဖီဆိုင်မှား၀င်လာမိသည်ဟု ထင်ခဲ့သည်။ ဆိုင်တွင်အလုပ်နေလုပ်သော မိန်းကလေးကိုမေးကြည့်တော့မှ ဘီယာနှင့်ကော်ဖီတွဲရောင်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် စာရေးသူတို့ရောက်နေသည်ကား "ကော်ဖီယမကာ"ဆိုင်တည်း။ ဆိုင်အနေအထားကိုကြည့်ခြင်းအားဖြင့် ပထမဦးစားပေးရောင်းကုန်သည်ကား ကော်ဖီဖြစ်ဟန်မတူ။ ဘီယာကသာအဓိကဖြစ်ပြီး ကော်ဖီကဖြည့်ကုန်ဖြစ်မည်။ ထို့ကြောင့် ထောင့်စွန်းစွန်းတစ်နေရာက စားပွဲခုံအလွတ်တွင် နေရာယူကာ ကော်ဖီမှာလိုက်သည်။ ကော်ဖီ‌ဆိုသော်လည်း စက်များ လက်များဖြင့် ဖျော်ယူရသောကော်ဖီမျိုး မဟုတ်ဘဲ၊ ပါကင်အထုပ်များဖြင့်ဖျော်ရောင်းသော ကော်ဖီမျိုးသာဖြစ်သည်။ ကိစ္စမရှိ။ ကော်ဖီသောက်ချင်သည်ကအဓိကမဟုတ်။ မြို့ထဲလျှောက်ကြည့်ပြီး ဆိုင်တစ်ဆိုင်တွင်ထိုင်၍ တော်ကီပစ်ရဖို့သာအဓိကဖြစ်သည်။ထို့နောက် စားပွဲထိုးမလေးက ကော်ဖီလာချပေးသောအခါ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်ဖြစ်နေ၍ ခန္ဓာကိုယ်ထဲအနွေးဓာတ်ပြန့်သွားအောင် တစ်ငုံတည်းမော့ချပစ်လိုက်သည်။ ခရီးရောက်ကတည်းဘာစားချင်လို့ စားချင်မှန်းမသိသောစာ‌ရေးသူသည် ကော်ဖီကလေးအာခံတွင်းထဲ၀င်လာသည်နှင့် ညဏ်အလင်းပွင့်လာသည်။ ဟုတ်သည်။ စားချင်နေသည်က အခြားမဟုတ်၊ ကြက်ဥပေါင်မုန့်ကြော်ဖြစ်သည်။ ကြက်ဥပေါင်မုန့်ကြော်အား လျှာပေါ်တင်လိုက်သည့်အရသာကို စိတ်ကူးကြည့်မိလာသည်။ ရုတ်တရက် အရသာခံအာရုံကြောတွေ နိုးထလာသည်။ အရသာရှိလေပေစွ။ ထို့ကြောင့် ချက်ချင်းပင် စားပွဲထိုးမလေးအားလှမ်းခေါ်၍ ကြက်ဥပေါင်မုန့်ကြော်မှာလိုက်သည်။ သို့သော် ကံမကောင်းချင်တော့ ဆိုင်တွင်ကြက်ဥပေါင်မုန့်ကြော်မရောင်းဟု ပြန်‌ပြောသည်။ ဟုတ်ပေသည်။ ဤသို့သော ဘီယာကိုအဓိကထားရောင်းသောဆိုင်မျိုးတွင် ကြည်ဥပေါင်မုန့်ကြော်ဆိုသည်မှာ အဘယ်မှာရမည်နည်း။ မနက်ဖြန်ညဆိုရင်လည်း ပြင်ဦးလွင်ဆက်တတ်ရမည်ဖြစ်‌သောကြောင့် ဆိုင်ထပ်ရှာဖို့မဖြစ်နိုင်‌တော့။ သို့သော် ကြက်ဥပေါင်မုန့်ကြော်ချဉ်ခြင်းကတော့ စိတ်ကူးထဲ အစာအိမ်ထဲတွင် အသီးသီးနေရာယူနေပြီးဖြစ်သည်။မတတ်နိုင်တော့။ ပြင်ဦးလွင်ရောက်မှသာ စားတော့မည်ဟု တေးထားလိုက်သည်။ သို့သော် စိတ်ထဲက‌တော့သိပ်မကျေနပ်ချင်။ ခဏကြာတော့လည်း မကျေနပ်ချက်တွေက စကားဝိုင်းထဲတွင် အငွေ့ပျံပျောက်ကွယ်သွားသည်။ မနက်ဖြန်မနက် လောပိတဘက်ဆက်သွားဖို့ရှိသေးသည်။ လောပိတသည်လွိုင်ကော်နဲ့ အတန်ငယ်‌လှမ်းသောကြောင့် မနက်စောစောထ၍သွားမှသာ ညနေဘက်အမှီပြင်ဦးလွင်သွားဖို့ ကားမှီမည်ဖြစ်သည်။ ထို့ကြောင့် ထိုကော်ဖီဆိုင်လေးတွင်ကြာကြာမထိုင်ဖြစ်လိုက်။ နာရီ၀က်လောက်သာအချိန်ဖြုန်းပစ်လိုက်သည်။ ခဏကြာတော့ ပိုက်ဆံရှင်းပြီး ကော်ဖီဆိုင်လေးမှ ပြန်ထလာခဲ့သည်။ ဟိုတယ်မှထွက်လာကတည်းက မြို့ထဲလျှောက်ကြည့်ဖို့သာအဓိကဦးစားပေးဖြစ်သည်။ ထို့ကြောင့် လာခဲ့သည့်လမ်းအတိုင်း ဟိုတယ်မပြန်တော့ပဲ မရောက်ဖူးသေးသည့် လမ်းများဘက်မှကွေ့ဝိုက်ကာ ဟိုတယ်သို့ပြန်ခဲ့ကြသည်။ လာခဲ့တုန်းကတော့ မြို့ကိုလက်ယာရစ်ခဲ့သော်လည်း ပြန်သည့်အခါ မြို့ကိုလက်ဝဲရစ်ပတ်ကာပြန်ခဲ့ကြသည်။ အစိုးရရုံးများဖြစ်သော ရဲစခန်း၊စစ်တပ်၊စည်ပင် စသည့်အဆောက်အဦးများကို လမ်းဘေးဝဲယာတစ်လျှောက်တွေ့ရသည်။ ထို့နောက် မြို့လယ်တွင်ထီးထီးမားမား တည်ရှိနေသော နာရီစင်ကိုလည်း နီယွန်မီးရောင်ပြိုးပြိုးပျက်ပျက်များကြားတွင် အထင်းသားတွေ့မြင်နေရသည်။ အောက်ခြေက မြက်ခင်းပြင်အဝိုင်းသည် နာရီစင်အား ထမ်း၍တင်ထားသည်။ နာရီစင်မှဖြာထွက်သောအလင်းရောင်များကလည်း အစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင်ပြန့်ကျဲနေသည်။ နာရီစင်ရှိသောမြို့များသည် မြန်မာပြည်၌သိပ်များများစားစားမရှိလှ။ ယခုလွိုင်ကော်မြို့ကလေးသည်လည်း ဗြိတိသျှများမြန်မာပြည်လာရောက်အုပ်စိုးသွားစဉ်အခါက ရုံးစိုက်ခဲ့သောမြို့တစ်မြို့ဖြစ်သောကြောင့် နာရီစင်ရှိနေသည်မှာ မထူးဆန်းပေ။ နာရီစင်ကိုကျော်၍ တစ်ဖြည်းဖြည်းလျှောက်လာသောအခါ အလာတုန်းကမီးပွိုင့်သို့ပြန်ရောက်လာသည်။ ယခုတစ်ခါတွင်တော့ ဘာစိတ်ကူးပေါ်လာသည်မသိ။ မီးပွိုင့်အောက်တွင်ဓာတ်ပုံ‌ရိုက်ချင်လာသည်။ သူငယ်ချင်းများကိုပြောပြသောအခါ သူတို့ကလည်းမငြင်း။ မီးပွိုင့်အောက်တွင် သူငယ်ချင်းတွေနဲ့အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖြစ်လိုက်ကြသည်။ မြို့လည်ကောင်တွင်ရှိသော မီးပွိုင့်အောက်တွင် အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြသည်မှာ ပျော်စရာလည်းကောင်းသလို၊ ၀ရုန်းသုန်းကားလည်းနိုင်လှသည်။ ပြန်စဉ်းစားကြည့်တော့ အင်မတန်ကို့ရို့ကားယားနိုင်လှသောမြင်ကွင်း။ မတတ်နိုင်။ လူငယ်ဘဘာ၀ကိုက ကိုရို့ကားယားမဟုတ်ပါလား။ လူအများစုသည် မြင်ကွင်းကောင်းသော၊ အပြင်အဆင်မိသော၊ ကင်မရာဖိုးကပ်ကောင်းသော နေရာများတွင်သာဓာတ်ပုံရိုက်လိုကြသည်။ စာရေးသူတို့ကား ဤသို့မဟုတ်။ ဓာတ်ပုံရိုက်ဖို့ရည်ရွယ်ချက်ကိုက လှသော၊ ကြွသော၊ မိသော ပုံတစ်ပုံရဖို့မဟုတ်။ ပုံတစ်ပုံမြင်လိုက်သည်နှင့် ဤပုံနှင့်ပတ်သတ်သော အကြောင်းအရာများသည် ဦးနှောက်အားသံပတ်ပေးလိုက်သကဲ့သို့ မှတ်ညဏ်ထဲတွင်ပြေးလွှားလှုပ်ရှားသွားနေရမည်။ ဆရာမင်းလူ၏ ဒသနကဲ့သို့ "လူတစ်ယောက်အိုမင်းလာသောအခါ ထိုသူတွင် လှပကောင်းမွန်သောအနာဂတ်များမရှိတော့ ၊ လွမ်းဆွတ်စရာ၊‌ နောင်တရစရာအတိတ်များသာ ကျန်ရှိတော့သည်"။ အရွယ်ရောက်လာသောအခါ ထိုဓာတ်ပုံကလေးကိုမြင်လိုက်သည်နှင့် အတိတ်၏ ပျော်စရာ၊လွမ်းဆွတ်စရာများကို ပစ္စုန်ပန်နှင့် ပေါင်းကူးတံတားထိုးပေးနိုင်လျှင် ထိုဓာတ်ပုံကလေးသည်တာ၀န်ကျေပြီဖြစ်သည်။ ယခုလည်း တစ်ခြားသူများလာလေ့မရှိသောမီးပွိုင့်အောက်တွင် ကို့ရိုးကားယားနိုင်လှသောမြင်ကွင်းများကို ဒစ်ဂျစ်တယ်ပုံရိပ်အဖြစ် ပြောင်းလဲသိမ်းဆည်းထားသည်ဖြစ်ရာ ထိုဓာတ်ပုံကလေး၏ဂုဏ်သတ္တိသည် စာရေးသူတို့တွင်လှပသောအနာဂတ်များမရှိတော့သောအခါ လွမ်းဆွတ်စရာကောင်းသောအဖြစ်အပျက်တစ်ခုအဖြစ် ဖြစ်တန်ကောင်းပါ၏။



Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page