ပျောက်ဆုံးခဲ့သောအီကြာကွေးနေ့စွဲများ
- Revolution 4.0
- Dec 6, 2020
- 1 min read

စက်ဘီးတစ်စီးနဲ့ ငယ်ငယ်တုန်းက သူများဆိုင်တွေမုန့်တွေလိုက်ပို့တယ်ဆိုမှ ငယ်ငယ်တုန်းကအကြောင်းတွေသတိရသွားတယ်။ ငယ်ငယ်တုန်းကမဟုတ်တာမှန်သမျှအကုန်လုပ်တဲ့ထဲမှာကိုယ်ပါတယ် မကောင်းတာမှန်သမျှအကုန်တတ်တယ်ဆိုပါတော့။ အရင်တုန်းကလက်ရည်ဆိုင်ဖွင့်တာဆိုတော့ လေးနာရီထိုးတာနဲ့ထပြီးသားပဲ။ ဆိုင်ကရောင်းတဲ့ဟာမှန်သမျှကိုယ်အရင်ဈေးဦးဖောက်တာ မြည်းကြည့်တယ်မြည့်ကြည့်တယ်ဆိုပြီး အကုန်လိုက်ပတ်စားတာ။ အမှန်တော့အိမ်ကလူတွေက ဆိုင်ကြည့်ဖို့ကိုယ့်ကိုအစောကြီးနှိုးတာ ကိုယ်ကဆိုင်မကြည့်ပဲ မနက်လေးနာရီလောက်ကြီးစက်ဘီးပတ်စီးနေတာ။ အိမ်ကလူတွေကလည်းအိပ်ကောင်းတုန်းဆိုတော့ ကိုယ့်ကိုဆိုင်ကြည့်တယ်ပဲထင်နေကြတယ်။ တစ်ကယ်တော့ ကိုယ်ကသူတို့မနိုးခင်ရပ်ကွက်ထဲက ဘွန္တောနဲ့ တစ်ပတ်လိုက်ပတ်ပြီးပြီ။ ဆောင်းတွင်းများရောက်လို့ကတော့ ပိုလို့တောင်စက်ဘီးစီးလို့ကောင်းသေး အနွေးထည်မ၀တ်ပဲ အိပ်ယာထဲကဆောင်ကို တစ်ကိုယ်လုံးပတ်ပြီး စက်ဘီးလျှောက်စီးတာ။ ကိုယ့်ဆိုင်ကလူတွေကလည်း ကိုယ်အဲ့လိုလျှောက်ဆော့နေတာကိုမတိုင်ကြဘူး ကိုယ့်ကိုရိုက်နေမှာစိုးလို့မတိုင်ကြတာနေမယ်။ အဲ့လိုစက်ဘီးလျှောက်စီးပြီးပြန်လာရင် ၅နာရီထိုးပြီ အဲ့အချိန်ဆိုကျောင်းရှေ့ကဆိုင်ကို အီကြာကွေးပါဆယ်သွားပို့ရပြီ။ သွားပို့ရတဲ့အီကြာကွေးကသိပ်များများစားစားမဟုတ်ဘူး ဆယ်ချောင်းတည်း။
ကိုယ်ကအဲ့တုန်းက ကလေးစီးတဲ့စက်ဘီးပဲစီးတာဆိုတော့ အီကြာကွေးတွေကစက်ဘီးခြင်းထဲအပြည့်ပေါ့ ( strange thingsထဲကလိုစက်ဘီးလေ :3)။ အမှန်ဆိုသွားပို့ရတဲ့နေရာက လွန်ရောကျွံရော အသွားအပြန်ဆယ်မိနစ်ပဲနင်းရတယ်။ ဒါပေမဲ့ လမ်းသလားချင်တာနဲ့ ရပ်ကွက်ထဲတွေကနေလိုက်ပတ်ပြီးသွားတာ နာရီ၀က်လောက်ကြာတယ်။ ပြောချင်တာက အီကြာကွေးတွေပျောက်နေတဲ့ကိစ္စ။ ဆိုင်ကအီကြာကွေးဆယ်ချောင်းပေးလိုက်ရင် ဆယ်ချောင်းဖိုးပြန်ပါမလာဘူး။ အမြဲတမ်းတစ်ချောင်းနှစ်ချောင်းကပျောက်နေကြ။ အဲ့ဒီပျောက်နေတဲ့အီကြာကွေးတွေက ကိုယ်မုန့်ဟင်းခါးနဲ့စားဖို့ဖယ်ထားတာလေ :3 သွားပို့ရတဲ့ဆိုင်ကမုန့်ဟင်းခါးရောင်းတော့ မုန်းဟင်းခါးစားချင်တဲ့နေ့ဆို အဲ့ဆိုင်ရောက်တာနဲ့ ဦးလေး8ချောင်းဖိုးတည်းပေး ကျွန်တော့်ကို မုန့်ဟင်းခါးတစ်ပွဲအဲ့ထဲကိုအီကြာကွေးနှစ်ချောင်းထည့်ပေးဆိုပြီးမှာလိုက်တာပဲ။ ဒီတော့တစ်ခါတစ်လေ အီကြာကွေးဖိုးတွေအပြည့်ပြန်ပါမလာတော့ဘူး။ နောက်တစ်မျိုးကျတော့ အီကြာကွေးနဲ့ဘောလုံးပွဲလောင်းတာ။ သွားပို့ရတဲ့ဆိုင်မှာဆိုင်ရှင်က ချဲဆီလ်းပရိတ်သတ် ကိုယ်ကမန်ယူပရိတ်သတ်။ မန်ယူပွဲကန်တော့မယ်ဆို သူက အီကြာကွေးတစ်ချောင်းဖိုးချင်းလောင်းတယ်။ ကိုယ်ရှူံးပြီဆိုတာနဲ့နောက်နေ့ အီကြာကွေးတစ်ချောင်းဖိုးလျော့နေရော။ ကိုယ်နိုင်ရင်တော့ မုန့်ဟင်းခါးထဲထည့်စားလိုက်တာပဲ။ အဲ့လိုဖျောင်နေရာက အတန်းနည်းနည်းကြီးလာတော့ ကိုယ်တိုင်ကအီကြာကွေးသွားမပို့ချင်တော့ဘူး ကိုယ်နဲ့သိတဲ့လူတွေနဲ့လမ်းမှာဆုံရင် ရှက်သလိုလိုဖြစ်လာလို့ဆက်မပို့ဖြစ်တော့ဘူး အိမ်ကလူတွေပဲခိုင်းလိုက်တော့တယ်။ တစ်ကယ်တော့ အဲ့ဒီလိုဖျောင်တဲ့အလုပ်ကိုလုပ်ခဲ့တာ လေးတန်း ငါးတန်း အရွယ်ပဲရှိသေးတယ်။ ခုနေပြန်တွေးကြည့်တော့လည်း အဲ့အချိန်တွေကအမှတ်တရတစ်ခုလိုဖြစ်နေတယ်.........
コメント