top of page

သဗ္ဗညုတညဏ်

  • Writer: Thoth
    Thoth
  • Nov 16, 2020
  • 1 min read


အရင်တုန်းက သဗ္ဗညုတညဏ်ဆိုတာ သူများယောင်လို့လိုက်ယောင်တဲ့ အဆင့်လောက်ပဲသိထားတယ်။ ဒါနဲ့ပဲခြေခြေမြစ်မြစ် မသိတော့ ဘယ်မှာသွားဒုက္ခရောက်လဲဆိုရင် သဗ္ဗညုတညဏ်ဆိုတာ ယခုခေတ်ထွန်းကားနေတဲ့ သိပ္ပံပညာနဲ့ရောယှက်မိပြီး ဒုံးကျဉ်တို့ အာကာသယဉ်တို့ computerတို့ AIတို့ထွင်တဲ့ညဏ်နဲ့တူတူပဲလို့ နှိူင်းယှဉ်မိတယ်။ ဒီလိုနဲ့ဘဲ ဘုရားဟာသဗ္ဗညုတညဏ်ရပါလျက်ကဲ့နဲ့ ဘာလို့ဒုံးကျဉ်တို့ computerတို့မထွင်တာလဲဆိုပြီးအတွေးကျပ်ခဲ့ဖူးတယ်။ နောက်ပြီးဘုရားရှင်ဟာ လူတွေတစ်ဘဝလောက်လေ့လာလိုက်ရုံနဲ့ရနိုင်တဲ့ ဒီလိုတီထွင်နိုင်တဲ့စွမ်းအားကို ဘာလို့များအချိန်ကုန်ခံပြီး လေးအသေင်္ချနဲ့ကမ္ဘာတစ်သိန်းလောက်တောင် သဗ္ဗညုတညဏ်တော်အတွက် ပါရမီဖြည့်ကျင့်ရတာလဲစဉ်းစားမိတယ်။  နောက်တော့ ဆရာကြီးရွှေဥဒေါင်းရဲ့စာအုပ်တစ်အုပ်မှာ သဗ္ဗညုတညဏ်အကြောင်းကိုရှင်းထားတယ်တွေ့တယ် အဲ့တော့မှဘဲမတင်မကျဖြစ်နေတဲ့ သဗ္ဗညုတညဏ်ဆိုတာအနှိူင်းမဲ့ ညဏ်တော်ပါလားဆိုပြီး စာဖတ်နေရင်း ပီတီဒေါမနသ ခံစားရတယ်။ တကယ်တော့ သဗ္ဗညုတညဏ်ရဲ့အနှစ်သာရဟာ တီထွင်ဖန်တီးခြင်းမဟုတ်ပဲ အကြောင်းနဲ့အကျိုးကို ယျထာဘူတကျကျဟုတ်တိုင်းမှန်စွာ မကွယ်မဝှက်သိမြင်တော်မူခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ လူ့လောကမှာတစ်နေ့တစ်နေ့ပြသာနာပေါင်း သောင်းခြောက်ထောင်ရယ်လို့တင်စားကြတယ် ဒီပြသာနာတွေကိုဖြေရှင်းတဲ့အခါမှာ ဘယ်ဟာကတော့အကြောင်း ဘယ်ဟာကတော့အကျိုးရယ်လို့ ခွဲခွဲခြားခြားသိမြင်နိုင်တဲ့သူဟာအင်မတန်ရှားတယ်။ အဲ့လိုခွဲခြားသိမြင်နိုင်ပါတယ်ဆိုတဲ့လူကလည်း အမြဲတစေမမှန်နိုင်ဖူး မှားတဲ့အခါလည်းမှားပေလိမ့်မယ် ဒါကြောင့် ပြသာနာတစ်ခုဖြစ်လာတဲ့အခါ ဒီဟာကတော့အကျိုးဟဲ့ ဒီဟာကတော့အကြောင်းဟဲ့ဆိုပြီးသိမြင်နိုင်တာကို သဗ္ဗညုတညဏ်လို့ခေါ်တယ်။ ဒါဆိုရင်အကြောင်းရယ်အကျိုးရယ်သိတဲ့အခါပြသာနာက ဘာဖြစ်သွားလဲလို့မေးစရာရှိတယ်။ ဒါကတော့ရှင်းပါတယ် ပြသာနာတစ်ခုကိုအကြောင်းရယ်အကျိုးရယ်သိတဲ့အခါ ပြသာနာကိုဖြေရှင်းဖို့အတွက်မှန်ကန်တဲ့နည်းလမ်းကိုတွေ့သွားတာပေါ့။လောကမှာ ပြသာနာကိုဖြေရှင်းတဲ့အခါ မှန်ကန်တဲ့အဖြေနဲ့မရှင်းနိုင်ရင် ပြသာနာပေါ်ပြသာနာဆင့်လာတယ်။ ဒီအခါ ပြသာနာဟာ ဂျာအေးသူ့အမေရိုက်သလို လုံးလည်ချာလည်လိုက်လာရော။

ပြသာနာတစ်ခုမှာ အကျိုးရယ်အကြောင်းရယ်မခွဲခြားတတ်လို့ လူသန်းနဲ့ချီပြီးသေတဲ့ တရုတ်နိုင်ငံရဲ့အဖြစ်အပျက်တစ်ခုကိုသွားသတိရတယ် - တရုတ်နိုင်ငံ ကွန်မြူနစ်အစိုးရ မော်စီတုန်းလက်ထက်က လယ်ယာလုပ်ငန်းကိုစောင်းပေးလုပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့တစ်နေ့မှာ လယ်သမားတွေက စပါးခင်းတွေကိုဝင်ရောက်ဖျက်ဆီးစားသောက်နေတဲ့ စာကလေးငှက်တွေအကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရာမှာအနှောင့်အယှက်ဖြစ်ပြီး စပါးအထွက်လျော့စေတယ်လို့အထက်လူကြီးတွေကိုတိုင်တန်းကြတယ်။ ဒါနဲ့ပဲတရုတ်အစိုးရက စီမံကိန်းတစ်ခုချရေးဆွဲခဲ့တယ် အဲ့စီမံကိန်းက စာကလေးရယ် ကြွက်ရယ် ယင်ကောင်ရယ် ခြင်ရယ် အဲ့လေးမျိုးကိုအဓိကထားသတ်ရမယ်ဆိုပြီး "Four Pets" Campaignစလုပ်ရော။ လယ်သမားတွေကလည်း အဲ့တိရိစ္ဆာန်လေးမျိုးကိုသတ်ဖြတ်လိုက်ကြတာ ဘယ်လောက်ထိအခြေအနေဆိုးလဲဆိုရင် တစ်နှစ်ထဲမှာပဲ စာကလေးသန်း1000လောက်သေကုန်တယ်။ အဲ့နှစ်ကဆိုတရုတ်နိုင်ငံရဲ့ကောင်းကင်မှာ စာကလေးဆိုလို့တစ်ရက်နေမှတစ်ကောင်မတွေ့ရဖူးဆိုရလောက်အောင် စာကလေးတွေမျိုးပြုန်းကုန်တယ်။ စာကလေးတွေမျိုးပြုန်းလာတာနဲ့အမျှ တရုတ်လူမျိုးတွေလည်းမျိုးပြုန်းပါလေရော။ ဘာလို့လဲဆို စာကလေးတွေကစပါးတစ်ခုတည်းတင်စားတာမဟုတ်ဖူး။ စပါးပေါ်မှာကပ်နေတဲ့ အင်းစက်၊ပိုးမွှားမှန်သမျှအကုန်စားတာ။ လယ်သမားတွေရဲ့သတ်ဖြတ်မှူကြောင့်အင်းစက်နဲ့ အင်းစက်ကိုသတ်ဖြတ်စားသောက်တဲ့စာကလေးတို့ရဲ့ eco systemဟာ balanceမဖြစ်တော့ပဲ အင်းစက်အကောင်ရေဟာအဆမတန်များပြားလာတယ်။ အဲ့ဒီထဲကမှကျိုင်းကောင်အရေအတွက်တွေများလားပြီး စပါးခင်းတွေကိုဖျက်ဆီးစားသောက်ကြတာ တရုတ်တစ်နိုင်ငံလုံး အငတ်ဘေးစိုက်ပါရော။ တစ်နိုင်ငံလုံးအငတ်ဘေးစိုက် စားစရာမရှိတော့ နောက်ဆုံး လူလူချင်းသတ်ဖြတ်စားသောက်တဲ့အဆင့်တွေပါရောက်ကုန်ပြီး မိဘက သားသမီးတွေကိုသတ်ဖြတ်စား သားသမီးကမိဘကိုသတ်ဖြတ်စားအဆင့်တွေထိဖြစ်လာခဲ့တယ်။ အဲ့လိုလူအချင်းချင်းသတ်ဖြတ်မှူရော၊အငတ်ဘေးကြောင့်သေတဲ့အမှူရောပေါင်းလိုက်ရင် အဲ့ဒီအချိန်တုန်းက လူသန်းပေါင်း40လောက် သေဆုံးခဲ့ကြတယ်။ ဒါဟာ ပြသာနာကိုအကျိုးအကြောင်းမခွဲတတ်တဲ့အခါ အဖြေမှန်မရှိဘဲပြသာနာပေါ်ပြသာနာထပ်ဆင့်တဲ့သဘောကိုတွေ့ရတယ် စာကလေးသတ်လိုက်တာကနေစလိုက်တဲ့ ပြသာနာဖြေရှင်းမှူမမှန်ကန်ခြင်းဟာ နောက်ဆုံးတော့ လူအချင်းချင်းသတ်စားပြီး လူသန်း၄၀လောက်သေခဲ့တဲ့ပြသာနာသာထပ်ဆင့်ပေါ်ပေါက်လာခဲ့တယ်။ ဒါကြောင့် သဗ္ဗညုတညဏ်ရဲ့အနှစ်ဖြစ်တဲ့ အကြောင်းနှင့်အကျိုးကိုစဉ်းစားတာဟာ အင်မတန်ကိုမှရယူရန်ခက်ခဲလှပါပေတယ်။ ဒါကြောင့်လည်းဂေါတမဘုရားရှင်ဗျာဒိတ်ခံတော်မူတုန်းက သဗ္ဗညုတညဏ်ကိုရလိုပါ၏ဆိုပြီးဗျာဒိတ်ခံခဲ့တာအထင်သားတွေ့ရတယ်။ နောက်ပြီးဒီလိုညဏ်တော်မျိူးဟာဘုရားတိုင်းဘုရားတိုင်းရဲ့ အမြင့်ဆုံးညဏ်တော်ဖြစ်တယ်။ ဒီလိုညဏ်မျိုးရထားတဲ့အတွက် ဘုရားရှင်ဟာအကြောင်းနှင့်အကျိုးကို ဟုတ်တိုင်းမှန်စွာသိမြင်ပြီး အနာနဲ့ဆေးတည့်အောင်ပေးနိုင်တယ် ကာမဂုဏ်ရောဂါတွေ လောကဓံရောဂါတွေဖြစ်လာတိုင်း နိဓြောတသစ္စာဆေး မဂ္ဂသစ္စာဆေးဆိုတဲ့ အနာနဲ့တည့်တဲ့ဆေးကိုပေးနိုင်လာတယ်။ ကိုယ်တွေလိုပူထုဇဉ်တွေကတော့ အနာနဲ့ဆေးသင့်မသင့်ကိုမသိတဲ့အတွက် ဒီကာမဂုဏ်ရောဂါလေးဖြစ်လာရင် ဒီကာမဂုဏ်ဆားလေးကိုပဲအနာထဲထည့်လိုက်နဲ့လုပ်နေတာ။ ကာမဂုဏ်ပေါ် ကာမဂုဏ်ဆင့်တော့ လောကသံသရာကြီးထဲတဝဲဝဲလည်ဖြစ်နေရင်း ငရဲပြည်ဆင်းလိုက် လူ့ပြည်ရောက်လိုက် နတ်ပြည်တတ်လိုက် ဗြဟ္မာ့ပြည်စံလိုက်နဲ့ မျက်ကန်းတစ္ဆေမကြောက်ဖြစ်နေကြတာ။ ဒါပေမဲ့သုံးလောကထွပ်ထား သဗ္ဗညူမြတ်စွာဘုရားရှင်ကတော့ ဒီအကျိုးဒီအကြောင်းတွေကိုအမှန်မြင်တဲ့အတွက် သင့်ရာဆေးကိုပေးခဲ့ပြီးပြီ။ ဒါဟာ သဗ္ဗညူတညဏ်ရဲ့အကျိုးကြီးမားပုံပါပဲ။ ဒါကြောင့် သဗ္ဗညုတညဏ်တော်ရဲ့အနှစ်သာရဟာ လူ့အန္ဓများနားလည်သလို ဟိုဟာထွင်ဒီဟာထွင်တာမဟုတ်ဘဲ အကြောင်းနဲ့အကျိုးကိုဟုတ်တိုင်းမှန်စွာသိတဲ့ညဏ်တော်ဖြစ်ပါတယ်....

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page