top of page

နေ၀င်အိပ်တန်းတတ်ကြသောအခါ

  • Writer: Thoth
    Thoth
  • Nov 27, 2020
  • 1 min read


ခင်ဗျားဟာကိုယ်တိုင်ဖွင့်ဆိုထားတဲ့အဘိဓမ္မာအရဘ၀တစ်လျှောက်မယ် ကောင်းတာတွေရော၊ မကောင်းတာတွေရောအကုန်လုပ်ခဲ့မိတယ်။ ဒါပေမဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်မှာ ခင်ဗျားရဲ့သိစိတ်ကိုမရဏတရားက၀င်စီးထားလို့ သတိကရတစ်ချက်မရတစ်ချက်ဖြစ်နေပြီ။ လည်ချောင်းထဲမှာလည်းမကောင်းမှုအညှီအဟောက်ဖြစ်တဲ့ ချွဲသလိပ်တွေပြည့်နေလို့အသက်ရှုလိုက်တိုင်းသေမင်းခေါ်သံခပ်တိုးတိုးလေးကြားနေရပြီ။ ဘ၀တစ်လျှောက်လုံးပုဏ္ဏကတိုက်ခံထားရတဲ့ခင်ဗျားရဲ့နှလုံးသားဟာ တစ်ဘ၀လုံးအနားယူချိန်မရှိအောင်အလုပ်လုပ်ခဲ့ရလို့ ပင်ပန်းနွမ်းနယ်လွန်းတာ‌ကြောင့်အနားယူဖို့အဆင်အသင့်ဖြစ်နေပြီ။ ခင်ဗျားရဲ့နှာခေါင်းတည့်တည့်ပေါ်ကရှုသွင်းရမယ့်‌လေဟာ ခင်ဗျားရဲ့နှာသီး၀အပေါ်က‌နေ တစ်ယူဇနာအထက်လောက်ကိုရောက်နေသလိုမျိုးခံစားနေရပြီ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ပထဝီအားကိုလည်း သေခြင်းတရားကကြိုးချည်ထားပြီးဖြစ်လို့ တစ်ကိုယ်လုံးမှာရှိတဲ့အကြော‌တွေကလှုပ်လိုက်တိုင်းမှာဆန့်တငင်ငင်နဲ့ အသက်ငင်နေရပြီ။သေရမှာကိုကြောက်လို့အားငယ်နေတဲ့ဒီစိတ်ကို တမလွန်မှာစောင့်ဆိုင်းနေတဲ့အကျိုးဆက်တွေက လက်ယပ်ခေါ် နေကြလို့ ကယောင်ကတမ်းတွေပြောပြီးအော်ဟစ်နေရပြီ။ ဘ၀တစ်လျှောက်လုံးမှာမှန်တာတွေရောမှားတာတွေရောပြောမိခဲ့တဲ့ပါးစပ်က ခုချိန်မှာတော့စကားတစ်လုံးပြောလိုက်တိုင်းအာပေါဓာတ်တွေလျော့လျော့သွားလို့အ‌‌မောဖောက်နေပြီ။ ခင်ဗျားကိုယ်တိုင်နှစ်ရှည်လများစွာတယုတယ‌ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဒီခန္ဓာကိုယ်ကြီးဟာခင်ဗျားကိုသစ္စာဖောက်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့သွေးကြောတွေကိုဇရာဆိုတဲ့သေမင်းတမန်တော်ကစုပ်ယူထားလို့ အသားအရောင်ဖြူဖတ်ဖြူရော်နဲ့မျက်တွင်းကဟောက်ပတ်ဖြစ်နေပြီ။ ဘ၀မှာရှိခဲ့တဲ့အချိန်တော်တော်များများကိုခင်ဗျားရဲ့ချစ်ခင်ရသူတွေဖြစ်တဲ့သူငယ်ချင်း မိတ်ဆွေ၊ဆွေမျိုးတွေကို ဝေငှခွဲခြမ်းပြီးကူညီခဲ့ပေမယ့် လူသားမဆန်တော့တဲ့ခင်ဗျားရဲ့ခန္ဓာကိုယ်ကနေထွက်ခွာသွားတော့မယ့်အသက်ဝိညဏ်အတွက် သူတို့အားလုံးလက်ပြနှုတ်ဆက်ကြဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့တဲ့အချိန်ကိုရောက်နေပြီ။


လူ့ဘ၀မှာပြဌာန်းထားတဲ့ဒုက္ခတစ်၀က်‌လောက်ကို တစ်‌ယောက်တည်းတစ်ပြိုင်နက်တည်းအကုန်ခံစားနေရချိန် ခင်ဗျားရဲ့ရှင်သန်ခြင်းဆိုတဲ့ဘ၀စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကိုအဆုံးသတ်ပေးမယ့်လူတစ်ယောက်ဟာ ခင်ဗျားကိုယ်တိုင်တောင်တစ်ခါမှမမြင်ဖူးလိုက်တဲ့ သေမင်းဆိုတဲ့အနိစ္စတရားက ခင်ဗျားရေးခဲ့တဲ့ နိဒါန်းတွေ အကြောင်းအရာတွေအားလုံးကို စကားလုံးတစ်လုံးတည်းနဲ့အနှစ်ချုပ်ဖို့ကြိုးစားနေပြီ။ ခင်ဗျားကတော့ဘ၀တစ်လျှောက်လုံးရေးလာခဲ့တဲ့ခင်ဗျားရဲ့သမိုင်းကြောင်းကိုမဖျက်ဆီးပစ်ဖို့အော်ဟစ်ရုန်းကန်တောင်းပန်နေတုန်းမှာပဲ အနိစ္စ ဒုက္ခ အနတ္တစစ်သည်များသည် ဇာတိ ဇရာ မရဏအပေါင်းအပါများဖြင့်လူသေကောင်အလောင်းကောင်အားမမှိတ်မသုန်ထိုင်ကြည့်လျက် ပထဝီ အာပေါ ဝါယော တေဇော ဓာတ်ပြီးလေးပါးတို့သည် မြေကြီးအောက်သို့လည်းကောင်း မီးသဂြိုလ်စက်ထဲသို့လည်းကောင်း အဖန်တလဲလဲဖြစ်ချည်ပျက်ချည်ဖြင့် အသီးသီးထွက်ပြေးသွားကြလေပြီ။ သို့သော် ပထဝီဓာတ်သည်အနည်းငယ်ကျန်ရှိလျက် မျက်လုံးသည်ကားဖွင့်လျက်.............

Comentarios


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page