သုသာန်မြေ
- Thoth
- Mar 2, 2021
- 1 min read

သုသာန်မြေကို ခြေမချဘူးတဲ့ကျွန်တော့်အတွက် ဆရာမရဲ့နာရေးဟာ ပထမဦးဆုံးအကြိမ် လိုက်ပါပို့ဆောင်ခြင်းပဲ။ သတင်းစကြားတဲ့အချိန်တုန်းက ကျွန်တော်လည်း လူမှားတယ်လို့ပဲထင်မိပါသေးတယ်။ တစ်ကယ်လို့ သတင်းမှန်ခဲ့တယ်ဆိုရင်တောင် ဒီလောက်ထိအခြေအနေမဆိုးလိမ့်မှာမဟုတ်ဘူးလို့ တွေးမိပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့သိတဲ့လူတွေကို ဖုန်းဆက်မေးကြည့်လိုက်တော့မှ ဆရာမဟာ ဆန္ဒပြတဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးတယ်ဆိုတာ သိလိုက်ရတယ်။
သုသာန်မြေဟာ ကျွန်တော့်အတွက်တော့ ပထမဦးဆုံးအကြိမ် စိုးရိမ်ထိတ်လန့်ခြင်းပါပဲ။ မီးသဂြိုလ်၀င်းထဲက နေ လေထုထဲပျံလွှင့်လာတဲ့ စိမ်းရွှင်ရွှင်အနံ့ဟာ ကျွန်တော်ရဲ့နှာသီးဖျား၀မှာ တွယ်ကပ်ငြိတွဲနေသလားလို့ထင်ရလောက်အောင် စူးစူးဝါးဝါးသတိထားမိနေတယ်။ ဒီကြားထဲ ဆရာမရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်တဲ့လူတွေကလည်းအများအပြား။ အရောင်အသွေးစုံစွာပါပဲ။ ဆရာမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အသိတွေ၊ ကျောင်းသားတပည့်တွေ၊ တစ်ခြားမြို့နယ်ကပညာရေးလောကမှာရှိတဲ့လူတွေ၊ နောက်ဆုံး မြို့လုံးကျွတ်သပိတ်စစ်ကြောင်းကို ထိန်ပင်ထိချီတတ်ပြီး ဆရာမကိုဂုဏ်ပြုကြတဲ့လူတွေ။ ဒါကြောင့် လူအုပ်ကြားထဲကို တစ်ဖြည်းဖြည်းတိုး၀င်ပြီး ဆရာမရဲ့ရုပ်အလောင်းထားရှိရာနေရာကို ရောက်ရှိလာခဲ့တယ်။ ရုပ်အလောင်းနားမှာလည်း တိုးမပေါက်လောက်အောင် လူတွေက သူ့ထက်ငါအပြိုင်အဆိုင် တိုးဝှေ့ကြည့်နေကြတယ်။ သူတို့စိတ်ထဲမှာတော့ စစ်အာဏာရှင်တွေကို အသက်ပေးပြီးအဆုံးထိ တွန်းလှန်သွားတဲ့ အဖြူအစိမ်း၀တ်ဆရာမလေးဟာ ဘယ်လိုပုံစံများလဲလို့ သိချင်တာလည်းဖြစ်နိုင်သလို၊ တစ်ခြားအကြောင်းမရှိ လူ့စိတ်သဘာ၀အရ ဒီအတိုင်းစုပ်စုချင်လို့ကြည့်နေတာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆရာမရဲ့ရုပ်အလောင်းကို တိုးဝှေ့မကြည့်ရက်ခဲ့ပါဘူး။ ဒါတွေမဖြစ်ခင်၊ ဆရာမနဲ့ကျွန်တော် နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက ပြင်ဦးလွင်က ပုလဲဆွယ်တာဆိုင်လေးမှာပါ။ ကျွန်တော်လည်း အသိတစ်ယောက်အတွက် ဆွယ်တာရွေးနေရင်း ဆရာမနဲ့မထင်မှတ်ပဲတွေ့မိတာပါ။ ကိုယ်နဲ့သိတဲ့လူတစ်ယောက် ခရီးသွားလာရင်း တစ်မြို့တည်းမှာလာဆုံဖြစ်ကြတော့ ထုံစံအတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် ရယ်ရယ်မောမောနှုတ်ဆက်ခဲ့ကြတယ်။ အဲ့ဒီနောက်ဆုံးအချိန်ကတွေ့ခဲ့ရတဲ့ ဆရာမရဲ့ပုံရိပ်ကို ကျွန်တော်အနေနဲ့ မေ့နိုင်တော့မည်မထင်။ အခုလည်း စစ်ဖိနပ်အောက်မှာ အသက်ပေးလိုက်တဲ့ ဆရာမရဲ့ရုပ်ကလာပ်အစား၊ ကျွန်တော်အနေနဲ့ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတဲ့ ရယ်ရယ်မောမောနဲ့ဆရာမရဲ့ပုံရိပ်ကိုသာ စိတ်ကူးယဉ်ပုံဖော်မိနေတော့တယ်။ ဒါဟာ ကျွန်တော်မြင်လိုက်ရတဲ့ ဆရာမရဲ့ နောက်ဆုံးရုပ်ပုံလွှာ။
ကိုယ့်ကိုငယ်ငယ်ကစာသင်ပေးခဲ့ကြတဲ့ဆရာတွေဟာလည်း ရုပ်အလောင်းဘေးမှာ ငိုရှိုက်သံတွေနဲ့။ ခဏကြာတော့ ဆရာမရဲ့ရုပ်အလောင်းဘေးမှာ ထိုင်နေတဲ့ဆရာမတွေက ကျွန်တော့်ကိုမော့ကြည့်ပြီး နှုတ်ဆက်ကြပါတယ်။ သို့သော် စကားလုံးတွေနဲ့မဟုတ်။ ကြေကွဲ၀မ်းနည်းဖွယ်ရာ မျက်လုံးတွေနဲ့။ မျက်၀န်းထဲမှာလဲ မျက်ရည် တွေအပြည့်။ ဆရာမတွေကိုကြည့်လိုက်တိုင်း သူတို့မျက်၀န်းထဲမှာ မျက်ရည်တွေပြည့်နေတာမြင်ရတော့ ကိုယ်လည်း၀မ်းနည်းလာတယ်။ ဘ၀မှာ လူတစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတဲ့အခါ မဂ်လာပါအစချီ၍ တစ်ဦးအကြိုက် တစ်ဦးလိုက်ပြီး နှုတ်ဆက်ရမယ်လို့သိထားခဲ့တဲ့ ကျွန်တော်ဟာ အခုလိုမျိုး ကြေကွဲ၀မ်းနည်းဖွယ်ရာ မျက်လုံးတွေနဲ့ နှုတ်ဆက်ကြတော့ အတော်လေးလည်း အံ့ဩတုန်လှုပ်ရပါတယ်။ ငယ်ငယ်ကတုန်းက ဆရာမတွေ အတန်းထဲ၀င်လာပြီဆို "မဂ်လာပါဆရာမ"ဆိုပြီးလက်အုပ်လေးချီပြီးနှုတ်ဆက်ခဲ့ရတဲ့ ကျွန်တော်တို့ဟာ ခုတစ်ခါမှာဆရာမတွေနဲ့ပြန်တွေရတော့ "မဂ်လာပါဆရာမ"လို့ပြန်မပြောနိုင်တော့ပါ။ ဒါကြောင့် ရုပ်အလောင်းထားရာနေရာမှာကြာကြာမနေချင်တော့ပဲ လူရှင်းတဲ့အပြင်ဘက်ကိုသာ ထွက်လာခဲ့တယ်။ ထိန်ပင်ထဲမှာ တစ်ခြားသဂြိုလ်မယ့်အလောင်းထားတဲ့ အခန်းတွေရှိပေမယ့် ခန်းမအမှတ်(၅)ကတော့ မည်သည့်အလောင်းမှမရှိ။ ဒါကြောင့် ဘယ်သူမှမရှိတဲ့ ခန်းမဆောင်ထဲ၀င်ပြီး တစ်ယောက်တည်းထိုင်နေမိတယ်။
အခန်းထဲမှာ စိတ်ကူးတည့်ရာစဉ်းစားနေတုန်း ဆရာမရဲ့အလောင်းဘေးနားမှာ ရှိုက်ကြီးတစ်ငင်ငိုကြွေးနေတဲ့ ဆရာမတွေကိုပြန်လည်မြင်ယောင်လာတယ်။ သူတို့နဲ့အတူနှစ်ပေါင်းများစွာအလုပ်တွဲလုပ်လာတဲ့ ဆရာမတစ်ယောက် ဒီလိုဆုံးပါးသွားတော့ သူတို့လည်းဘယ်ခံစားနိုင်ပါ့မလဲ။ ပညာရေးလောကက ဆရာမတွေဟာ တစ်ခြားလူတွေနဲ့မတူပဲ၊ စားအတူ၊သွားအတူ၊လာအတူဆိုတဲ့စိတ်မျိုးရှိကြတော့ ပိုပြီးခံစားရတယ်။ မိတ်ဆွေဆိုပေမယ့် ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက် ဆုံးရှုံးရသလိုမျိုးကို ခံစားကြရတယ်။ ကျွန်တော်သိရသလောက်တော့ ဆရာမက လက်မောင်းမှာ ရော်ဘာကျည်ဆန်ထိတယ်။ နောက်ပြီးရဲ တွေ ပစ်လွှတ်လိုက်တဲ့မျက်ရည်ယိုဗုံးကြောင့် ရင်ကျပ်ရောဂါအခံရှိတဲ့ဆရာမဟာ အသက်ရှုကြပ်ပြီး နှလုံးရပ်သွားတယ်လို့သိရတယ်။ ဒီလိုအကြောင်းစုံသိရတော့ ၆တန်းနှစ်တုန်းက ကျောင်းခန်းထဲမှာ အသက်ရှုဘူးနဲ့ စာသင်နေတဲ့ဆရာမရဲ့ပုံရိပ်ကို အတွေးထဲပြန်မြင်ယောင်လာတယ်။
၆တန်းနှစ်တုန်းက မှတ်မှတ်ရရ ဆရာမ မြန်မာစာသင်နေတဲ့အချိန်ကပေါ့။ သင်ရိုးစာအုပ်ထဲမှာပါတဲ့ အင်းလေးကန်အကြောင်းကို တစ်ခန်းလုံးကြားအောင် စာတိုင်ပေးနေတဲ့အချိန်၊ "လှေကို လက်ဖြင့်မလှော် ခြေဖြင့်လှော်သောအရပ်၊ အိမ်ကိုမြေမှာမဆောက် ရေမှာဆောက်သောအရပ်"ဆိုတဲ့ စာကြောင်းလည်းရောက်ရော ဆရာမဟာ ရင်ဘတ်ထဲက ရှုးရှုးရှဲရှဲနဲ့ အသံတွေထွက်လာပြီး ရင်ကြပ်ရောဂါပြန်ထလာတယ်။ အဲ့ဒီအချိန် ရင်ကြပ်ရောဂါသမားတွေဆောင်လေ့ရှိတဲ့ အသက်ရှုဆေးဘူးကို ခြင်းတောင်းလေးထဲကထုတ်ရင်း သုံးခါလောက်ရှုလိုက်ရတယ်။ ပြီးတော့ ခဏနားပြီး တိုင်လက်စ စာပိုဒ်ကိုပြန်တိုင်ပေးတယ်။ အဲ့ဒီမြင်ကွင်းလေးဟာ ကျွန်တော့်မျက်လုံးထဲကနေ ခုချိန်ထိမထွက်နိုင်ဘူး။ ခုချိန်ထိလည်းမမေ့နိုင်။ ဒီလိုမျိုးရောဂါအခံရှိတဲ့ဆရာမဟာ မျက်ရည်ယိုဗုံးက အငွေ့တွေကို ဘယ်လိုများခံနိုင်ရည်ရှိပါလိမ့်မလဲ။ ကျွန်တော်ဖြင့် တွေးတွေးရင်း ၀မ်းနည်းလာမိတယ်....
ဆက်ရန်.....
Comments