ထွိုင်ယာလက်တစ် အော်လထာနေးတစ် စာစုများနှင့် သမူဟမျိုးစုံ
- Thoth
- Jun 4, 2021
- 2 min read

ဒီစာအုပ်က သမားရိုးကျယုတ္တိဗေဒစဉ်းစားနည်းဆိုတာဘာလဲ၊ ဒိုင်ယာလက်တစ်စဥ်းစားနည်းဆိုတာဘာလဲ၊ ထွိုင်ယာလက်တစ်စဥ်းစားနည်းဆိိုတာဘာလဲ စတဲ့ဒဿနဆိုင်ရာစဉ်းစားတွေးခေါ်နည်းတွေကိုမိတ်ဆက်ပေးထားတဲ့စာအုပ်တစ်အုပ်။ ဆရာကျော်၀င်းကတော့ သူရဲ့ထုံစံအတိုင်း လူငယ်တွေအတွက် ဘရိန်းစတောင်းမင်း လုပ်ဖို့ အချက်လက်တွေကိုဖောဖောသီသီသုံးထားတယ်။ ဒဿနဆိုတာကို အနံ့တောင်မရှုဖူးတဲ့ကျွန်တော့်လိုလူမျိုးအတွက်တော့ အတော့်ကိုသဘောကျရတဲ့စာအုပ်တစ်အုပ်။ စာအုပ်ရဲ့အမှာစာမှာကိုက
"အစွဲကြီးသော လူကြီးတွေအတွက်မဟုတ်။ အခုအခံအစွဲအလန်းကင်းသော လူငယ်တွေအတွက် ရည်ရွယ်သည်" ဆိုပြီး။
နောက်ပြီး အော်တားနေတစ်ဆိုတဲ့ ခေါင်းစဉ်နှင့်ဆောင်းပါးတွေကလည်း ကျွန်တော့်အကြိုက်သည်းခြေခိုက်တွေ။ ဘာကြောင့် ကွန်မြူနစ်စနစ်ကျရှုံးရတာလဲ ဘာကြောင့်လစ်ဘရယ်တွေအောင်ပွဲခံရတာလဲဆိုတဲ့ ရှုထောင့်တွေကိုချိန်းထိုးတဲ့ဆောင်းပါးတွေ။ ဒီကြားထဲ အဒမ်စမ်စ်ရဲ့ World of Nationsကျမ်းထဲက invisible handအကြောင်းတို့ ဂျွန်လောဒ့်ရဲ့ လူ့အခွင့်အရေးအကြောင်းတွေကို ခပ်ပါးပါးလေးမိတ်ဆက်ထားတာကြောင့် ကျမ်းကြီးကျမ်းခိုင်မဟုတ်သော်လည်းပဲ ဆောင်းပါးတွေအနေနဲ့တော်တော်သဘောကျမိတယ်။ ဒါကြောင့် နိုင်ငံရေးဆောင်းပါးတွေ၊ ဒဿနအမြင်တွေကိုဆဝါးမိချင်ရင် ဒီစာအုပ်ဟာ ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တစ်အုပ်ဖြစ်တယ်။
စာအုပ်ထဲမှာအရင်ဆုံးမိတ်ဆက်တာက သမားရိုးကျယုတ္တိဗေဒအကြောင်း
သမာရိုးကျယုတ္တဗေဒစဉ်းစားနည်းကိုအသူံးပြုသူမှာ မိမိကိုယ်တိုင်မှစပြီးစဉ်းစားလိမ့်မယ်။ မိမိရဲ့ အမှတ်အသားသရုပ်နှင့်မတူလျှင် မိမိနှင့်တပ်ထူစဉ်းစားနိုင်မည်မဟုတ်တော့ပဲ "ငါ"နှင့် "ငါမဟုတ်သူများ"ဆိုသော စည်းဘောင်ထဲမှပင် တွေးတောတော့မည်။ ဤလိုလူမျိုးအတွက် စာနာစိတ်၊ ဆန့်ကျင်ကွဲလွဲမှုများအပေါ် သည်းခံလိုမှု အတွေးအမြင်ချင်းဖလှယ်လိုမှု စသည်များမရှိနိုင်တော့။
မြန်မာ့လူအဖွဲ့အစည်းရှိ သက်ကြီးရွယ်အိုအများစုက သမာရိုးကျယုတ္တိဗေဒလွှမ်းမိုးတဲ့လူ့အဖွဲ့အစည်းလို့ပြောလို့ရတယ်။ ဥပမာ -
"မင်းကိုယ့်ကိုချစ်လား ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ မချစ်ရင်မုန်းလို့ပဲ"။
"ငါနဲ့မတူ ငါ့ရန်သူ"။
"ငါတို့ကိုထောက်ခံမှာလား ဆန့်ကျင့်မှာလား"။
ပြောရရင် မဖြူလျှင်မည်း၊ တစ်မဟုတ်လျှင်နှစ်၊ မမှန်လျှင် မှားဆိုသော စဉ်းစားနည်းမျိုးဆိုတာ သမားရိုးကျစဉ်းစားနည်းဖြစ်တယ်။
သမာရိုးကျယုတ္တဗေဒရဲ့ အဓိကအားနည်းချက်ကတော့ အချိန်နဲ့အပြောင်းလဲကိုထည့်သွင်းစဉ်းစားလေ့မရှိဘူး။ ဒါကြောင့် သမာရိုးကျယုတ္တဗေဒစဉ်စားနည်းဟာ "အရာအားလုံးဟာ ပြောင်းလဲမမှုမရှိ"ဆိုတဲ့ တွေးခေါ်ပုံမျိုးဖြစ်တယ်။ ဥပမာ - 'ငါက ငါ၊ မင်းက မင်း၊ မင်းရော ငါရော ဘယ်တော့မှ တစ်ခြားတစ်ယောက်မဖြစ်နိုင်"ဆိုတဲ့ စဉ်းစားနည်းမျိုး။
ဒိုင်ယာလက်တစ်
ဒိုင်ယာလက်တစ် စဉ်းစားနည်းကတော့ "အခြေအတင်ငြင်းခုံခြင်း"ဆိုတဲ့ ဂရိအယူအဆကနေဆင်းသက်လာတာဖြစ်ပြီး ဆော့ရခတ္တိသုံးခဲ့တဲ့နည်း။ ဒိုင်ယာလက်တစ်ဆိုပြီးစတင်ဖော်ထုတ်လိုက်တာက ဂျာမန်ဒသာနပညာရှင် ဟေဂယ်ဖြစ်တယ်။ ဟေဂယ်က "မူလ၊ပဋိ၊သမူဟ" ဆိုတဲ့အချက်သုံးချက်အပေါ်ကိုအခြေခံထားတာဖြစ်တယ်။ မူလနှင့်ပဋိတို့အပြန်အလှန်တိုက်ပွဲဆင်သောကြောင့် သမူဟဆိုပြီးပေါ်ပေါက်လာတယ်။ အဲ့ဒီသမူဟကလည်း မတည်မြဲ။ သမူဟကို မူလအဖြစ်ပြန်ယူပြီး ပဋိနဲ့တိုက်ပွဲပြန်ဆင်တယ်။ အဲ့ဒီနည်းနဲ့မပြီးဆုံးသော တိုက်ပွဲကြီးဖြစ်လာတယ်။ ဆန့်ကျင်ဘက်တွေကြား အပြန်အလှန်ဆွေးနွေးတာကြောင့် တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာတယ်။ ဒါပေမဲ့အားနည်းချက်က သမူဟကို မူလအဖြစ်ပြန်ယူပြီး ပဋိနဲ့ပြန်တိုက်ရတဲ့ တိုက်ပွဲသဘောတရားဖြစ်တာကြောင့် တစ်ဖက်ဖက်က အပြတ်သတ်အနိုင်ယူရေးဖြစ်လာတယ်။ဆန့်ကျင်ဘက်အင်အားစုနှစ်ခုကြား တိုက်ပွဲတွေဆင်နွှဲရာကနေ အပြောင်းအလဲတွေဖြစ်ပေါ်လာမယ်ဆိုတဲ့ ယူဆချက်ဖြစ်တယ်။ အဲ့ဒါကို "ပဋိပက္ခဆိုင်ရာ နဂိုအမှန်အဆို"လို့ခေါ်တယ်။
ဒိုင်ယာလက်တစ် စဉ်းစားနည်းနဲ့ပတ်သတ်ပြီး အထင်ရှားဆုံးဥပမာကတော့ မက်ဝါဒီတွေရဲ့ အရင်းရှင်စနစ်သဘောတရားတွေဖြစ်တယ်။ မာစ့်ဝါဒီရဲ့အဆိုအရ " အရင်းရှင်စနစ်တွင် မည်သို့မျှ ပြေငြိမ်းနိုင်စရာမရှိသော ပဋိပက္ခအစုံများရှိသည်။ အလုပ်သမားနှင့်အလုပ်ရှင်၊ မြေရှင်နှင့်သီးစား၊ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံတို့ဖြစ်သည်။ ဤပဋိပက္ခများ ရင့်မှည့်လာသောအခါ လူမှူတော်လှန်ရေးတစ်ရပ် မွေးဖွားပေးလိုက်ရာ လူ့ဘောင်သစ်(ဆိုရှယ်လစ်စနစ်)ထွက်ပေါ်လာလိမ့်မည်"လို့ ဆိုတယ်။
ဆန့်ကျင့်ဘက်အင်အားစုတွေရဲ့ ပဋိပက္ခကို မလွှဲသာမရှောင်သာသော တစ်ခုတည်းသော အဖြေလို့ယူဆလိုက်တဲ့အခါ အခြားစဉ်းစားနည်းတွေကို ပစ်ပယ်လိုက်သလိုဖြစ်သွားတယ်။ ဒိုင်ယာလက်တစ်စဉ်းစားနည်းအရဆို "ပြောင်းလဲမှု လိုချင်ရင် တိုက်ပွဲဆင်၊ တိုက်ပွဲမဆင်ပဲ ရလာတဲ့အဖြေဟာ အပြောင်းအလဲအစစ်မဟုတ်ဘူး။ အတုအယောင်"လို့ ယူဆလိုက်တာဖြစ်တယ်။
ဟေဂယ်ရဲ့ ဒိုင်ယာလက်တစ်အတွေးအခေါ်က အဲ့ဒီခေတ်မှာထွန်းကားခဲ့တဲ့ နယူတန်သိပ္ပံပေါ်အခြေခံတာကြောင့် "ဧကန်"ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ရလာဒ်ကိုကျိန်းသေအဖြေထုတ်တဲ့သဘောဖြစ်လာတယ်။ သူကမျဉ်းတန်းသဘောဆောင်တဲ့စဥ်းစားနည်း။ ဘာပြီးရင်ဘာဖြစ်ကိုဖြစ်ရယ့်ဆိုတဲ့သဘောမျိုး။
ဆန့်ကျင်ဘက်နှစ်ခုကြား အကြေအလည်ဆွေးနွေးလို့ ကြားအဖြေတစ်ခုပေါ်မူတည်ပြီး ပြောင်းလဲမှုလုပ်လိုက်ရင် ဒိုင်ယာလက်တစ်သမားများက အဲ့ဒီပြောင်းလဲမှူကို တော်လှန်ရေးလို့မမြင်ပဲ၊ အလျော့ပေးစေ့စပ်မှု ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေးသမားလို့ပဲ ဝေဖန်ကြတယ်။ မြန်မာပြည်မှာလည်း ဒီအတိုင်းပဲ။လွတ်လပ်ရေးအတွက် ကွန်မြူနစ်တွေက အဂ်လိပ်တွေကိုတိုက်မှပြီး လွတ်လပ်ရေးယူချင်တယ်။ ဖဆပလခေါင်းဆောင်တွေက အဂ်လိပ်နဲ့ စေ့စပ်ညှိုနှိုင်းပြီးပဲ လွတ်လပ်ရေးယူချင်တယ်။ ကွန်မြူနစ်တွေက အဂ်လိပ်ကိုတိုက်ပြီး ရလာတဲ့ လွတ်လပ်ရေးကမှ အစစ်၊ လန်ဒန်မှာသွားဆွေးနွေးပြီးမှရလာတဲ့ အောင်ဆန်း-အက်တလီစာချုပ်နဲ့ရတဲ့ လွတ်လပ်ရေးက အတုအယောင်။ ဗိုလ်ချုပ်က အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုတော့ ကွန်မြူနစ်တွေက "သစ္စာဖောက်အောင်ဆန်း နယ်ချဲ့အဂ်လိပ်တွေနဲ့ ပြန်လမ်းမရှိ ပူးပေါင်းသွားပြီ"ဆိုပြီး သတင်းစာတွေထဲထိ တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ဒိုင်ယာလက်တစ်စဉ်းစားနည်းတွေက ကိုလိုနီခေတ်ကနေ ယနေ့အချိန်အထိ မြန်မာပြည်မှာသိပ်ခေတ်စားတယ်၊ လူကြိုက်များတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ သမိုင်းဖြစ်စဉ်တွေကို လက်တွေ့ကျကျပြန်ကြည့်မယ်ဆိုရင်တော့ ပဋိပက္ခကိုအခြေခံတဲ့ revolutionထက် သန္ဓေပြောင်းမှုကိုအခြေခံတဲ့ evolutionက ပိုများပါတယ်။
သူ့ထက်အရင်ပေါ်တဲ့ သမာရိုးကျယုတ္တိဗေဒနဲ့ယှဉ်ရင်တော့ ဒိုင်ယာလက်တစ်မှာ အားသာချက်တွေအများကြီးရှိတယ်။ ပထမအားသာချက်က သမာရိုးကျယုတ္တိဗေဒနည်းမှာ လုံး၀မရှိတဲ့ "အပြောင်းအလဲ"ကိစ္စကို ဒိုင်ယာလက်တစ်က ကောင်းကောင်းရှင်းရှင်းပြနိုင်တယ်။ သမာရိုးကျမှာ "မဖြူလျှင် မည်းဆိုပေမယ့်။ အဖြူနဲ့အမဲရဲ့ ပဋိပက္ခကြောင့်ပေါ်ထွက်လာတဲ့ အပြောင်းအလဲမရှိဘူး"။ ဒါပေမဲ့ ဒိုင်ယာလက်တစ်က "မူလ"နဲ့"ပဋိ"တို့ရဲ့တိုက်ပွဲကြောင့် "သမူဟ"ဆိုတဲ့ အပြောင်းအလဲထွက်ပေါ်လာတယ်။ နောက်ထပ်အားသာချက်တစ်ခုက ဆန့်ကျင့်ဘက်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတယ်။ ဆန်ကျင့်ဘက်တွေရဲ့ သဘောသဘော၀ကို လက်ခံစဉ်းစားရမှန်းသိလာတဲ့အတွက် "ပေါင်းစပ်မှုရော"၊ "တိုက်ခိုက်မှုရော"ဖြစ်လာတယ်။ ဒိုင်ယာလက်တစ်တွေးခေါ်မှုကြောင့် အပြောင်းအလဲကိုလိုချင်ရင် ဆန့်ကျင်ဘက်တွေကို တိုက်ခိုက်ရမယ်၊ ဖယ်ထုတ်ရမယ်၊ အပြတ်ရှင်းရမယ်ဆိုတဲ့ လုပ်ရပ်တွေရှိခဲ့ပေမယ့် ဆန့်ကျင်ဘက်တွေရဲ့အသံကိုနားထောင်ပြီး ပေါင်းစည်းတာကြောာင့် ဖြစ်ပေါ်တိုးတတ်ခဲ့ရတဲ့ လူ့သမိုင်းဖြစ်စဉ်တွေလည်းအများကြီးရှိပါတယ်။
ထွိုင်ယာလက်တစ်
ထွိုင်ယာလက်တစ်ဆိုတာကတော့ အားမျှခြေတစ်ခုပြိုလဲသွားပြီး မျှခြေအသစ်တစ်ခုပြောင်းသွားခြင်းကိုဆိုလိုတယ်။ အသေးဆုံး နျူကလိကပ်အက်တမ်မှစ၍ အကြီးဆုံးအရာ၀တ္ထုအထိ ပြောင်းလဲနေသည်ကိုဖော်ပြပြီး ပြောင်းလွယ်ပြင်လွယ်ရှိနိုင်စွမ်းကိုအသားပေးတယ်။ ဒိုင်ယာလက်တစ်ကော ထွိုင်ယာလက်တစ်ကောက အရာ၀တ္ထုတိုင်းပြုပြင်ပြောင်းလဲနေတာကိုလက်ခံပေမဲ့ ဒိုင်ယာလက်တစ်က ရလာဒ်က ဘာဖြစ်ကိုဖြစ်ရမယ်ဆိုတာကို "ဧကန်"သဘောဆောင်ပြီးအတိအကျခန့်မှန်းတယ်။ ထွိုင်ယာလက်တစ်ကတော့ ရလာဒ်ကို ဒီတစ်ခုဖြစ်ချင်လည်းဖြစ်မယ် ဟိုတစ်ခုဖြစ်ချင်လည်းဖြစ်မယ်ဆိုပြီး "အနေကန်"သဘောမှတ်ယူတယ်။ နောက်ပြီး ထွိုင်ယာလက်တစ်ဟာ မျဉ်တန်းသဘောမဆောင်ပဲ၊ ခုန်ကူးတတ်တဲ့သဘောဆောင်တယ်။ အရင်ခေတ်တုန်းကတော့ မိမိရပ်တည်ချက်အပေါ်တစိုက်မတ်မတ်ရပ်တည်နိုင်မှအောင်မြင်နိုင်မည်။ ယခုခေတ်ကတော့ ဒီနေ့နဲမနက်ဖြန်ဟာ မတူညီတဲ့ပြောင်းလဲမှုတွေကြောင့် ပြောင်းလဲပြင်လွယ်နိုင်စွမ်းရှိမှ အောင်မြင်နိုင်မယ်။
Kommentare