ဘုံဘ၀မှာဖြင့်မျှော်တိုင်းဝေး
- Thoth
- Oct 26, 2020
- 1 min read

Book Review
သခင်တင်မြဆိုတော့ နာမည်စစကြားချင်း ဗိုလ်ချုပ်တို့အရွယ် လူလတ်ပိုင်းတစ်ယောက်လို့ထင်ထားတာ။ တစ်ကယ်ဖတ်ကြည့်တော့မှ ၁၃၀၀ပြည့်အရေးတော်ပုံကာလမှာ အသက်၁၆နှစ်သာရှိသေးတဲ့လူငယ်လူရွယ်တစ်ယောက်ပဲ။ ဘာကြောင့်များနိုင်ငံရေးသတ္တိတွေ ဒီလောက်ရှိနေရတာလဲ။ နောက်ပြီးသခင်စိုးနဲ့အနီးကပ်ဆက်ဆံခဲ့သူဆိုတော့ သခင်စိုးအကြောင်းကိုလည်းကောင်းကောင်းသိတဲ့လူတစ်ယောက်။ ဒီလိုပုဂ္ဂိုလ်ကဘာတွေများရေးမှာပါလိမ့်။ မြန်မာ့သမိုင်းတွေဖတ်တဲ့အခါ အဖြီးအဖြန်းတွေ အလိမ်အညာတွေ ဝါဒတွေဖြန့်တာတွေကိုတော်တော်လေးသတိထားပြီးဖတ်ရတယ်။ သခင်တင်မြရဲ့ ဘုံ၀ကိုဖြင့်မဖတ်ခင် ဆရာသိန်းဖေမြင့်ရဲ့ "တိုက်ပွဲ၀င်ကာလနိုင်ငံရေးအတွေ့အကြုံများ"ဆိုတာရယ် "အရှေ့ကနေ၀န်းထွက်သည့်ပမာ"ဆိုတဲ့စာအုပ်ကိုဖတ်ဖူးထားတာကြောင့် သိခဲ့ရတဲ့သမိုင်းအချက်တွေမှန်မမှန်ကို သခင်တင်မြရဲ့ဘုံ၀နဲ့ ထပ်ပြီးတိုက်ဆိုင်စစ်ဆေးခဲ့တယ်။ သိန်းဖေမြင့်က ဥပဒေဘောင်အတွင်းကျန်ခဲ့တဲ့ကွန်မြူနစ်တစ်ယောက် သခင်တင်မြက တောထဲကနေ ဥပပဒေဘောင်အတွင်းပြန်၀င်လာတဲ့ ကွန်မြူနစ်တစ်ယောက်။ ကွန်မြူနစ်တောင် လမ်းစဉ်စုံတဲ့ကွန်မြူနစ်တစ်ယောက် ဘာလို့ဆို အလံနီပါတီထဲလည်းရောက်ဖူးတယ် အလံဖြူ(ဗကပ)ထဲလည်းရောက်ဖူးတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း သိန်းဖေမြင့်က အိန္ဒိယကနေမြန်မာ့လွတ်လပ်ရေးအတွက်ကူညီတယ် သခင်တင်မြကတော့မြန်မာပြည်မြေအောက်စည်းရုံးရေးမှာအလုပ်လုပ်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ဘ၀ဖြတ်သန်းပုံတွေက တော်တော်လေးကွာခြားနေပေမယ့် သူတို့ရေးခဲ့တဲ့ သခင်သန်းထွန်းအကြောင်း၊ သခင်စိုးအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ကွန်မြူနစ်အကွဲအပြဲအကြောင်း၊ ပြည်တွင်းစစ်အကြောင်း စတဲ့အဖြစ်အပျက်အများစုက တော်တော်လေးတူနေတယ်။ သခင်တင်မြရဲ့စာအုပ်ဟာ တောထဲကနေ မဆလလက်အောက်၀င်ခဲ့လို့ သူရေးခဲ့တဲ့စာတွေက သံသယဖြစ်စရာကောင်းတယ်ထင်ခဲ့ပေမယ့် ဂိုဏ်းဂဏအစွဲမရှိပဲဖတ်မယ်ဆိုရင် အလုံးစုံမှန်မနေရင်တောင် သမိုင်းဖြစ်စဉ်တစ်ခုအတွက် လေ့လာမှတ်သားစရာကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်မှာပါ။ ဘုံဘ၀မှာဖြင့်စာအုပ်သည်အပြီးထိမဟုတ် နေသူရိန်အစည်းအဝေးဖြင့်အဆုံးသတ်ထားသည်။သူ၏နောက်ဆက်တွဲများအဖြစ် ဘုံ၀မှာဖြင့်အမှားနှင့်အမှန် ၁ ၂ဟူ၍ရှိသေးသည်။ ယခုစာအုပ်တွင်တော့ ၁၃၀၀ပြည့်အရေးတော်ပုံကနေ ဂ်လိပ်အပြေးဂျပန်အ၀င် နောက်ပြီး ဂျပန်အပြေးအဂ်လိပ်အ၀င်အထိခေတ်ကာလများကိုမြင်တွေ့ရမှာဖြစ်တယ်။ နောက်ပြီး ဗမာ့တပ်မတော် BIAဖြစ်လာပုံ၊ BIAမှသည်ဖက်ဆစ်ဆန့်ကျင်ရေးကာလရောက်တော့။ BDA ဖြစ်လာပုံများကိုအသေးစိတ်မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းသည် မုဆိုးမလက်နှီးစုတ်လိုအပေါက်အပြဲ အကွဲအပြဲတွေများလွန်းလှသည်ဖြစ်ရာ နိုင်ငံရေးအရှိန်ရခါစ တို့ဗမာခေတ်ကာလမှာပင် တို့ဗမာအစည်းအရုံးနှစ်ခြမ်းကွဲသည်၊ အဂ်လိပ်တို့ကိုတိုက်ထုတ်ဖို့ ဂျပန်စစ်ကူ ယူရေး မယူရေးတွင်လည်းနှစ်ခြမ်းကွဲသည်၊ ဖက်ဆစ်ဂျပန်တိုက်ဖျက်ရေးကာလမှာလည်း အဂ်လိပ်များအား မဟာမိတ်ထားရေး မထားရေးနဲ့ပတ်သတ်ပြီးနှစ်ခြမ်းကွဲသည်၊ စစ်ပြီးခေတ်နိုင်ငံတော်တည်ဆောက်ရေးကာလတွင်လည်း လက်ဝဲဝါဒများအချင်းချင်းသွေးကွဲကြသည်။ နိုင်ငံရေးတွင်အကွဲအပြဲသည် အဓိကမကျ လူပေါင်းစုံပါ၀င်သည့်အစုအဝေးတစ်ခုဖြစ်တဲ့အတွက်ကြောင့် မတူညီသောထင်မြင်ချက် ရှုထောင့်အမျိုးမျိုးရှိနိုင်သည်။ သဘာ၀ကျသည်။ သို့သော်မြန်မာ့နိုင်ငံရေးတွင် အမြင်မတူသောအဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက်စည်းရုံးသိမ်းသွင်းယူရမည့်မိတ်ဆွေများဟုယူဆရမည့်အစား ရန်သူဟုသာသဘောထားပြီး ဂိုဏ်းဂဏဆန်ဆန် ပုဂ္ဂိုလ်ရေးဆန်ဆန်ဝေဖန်တိုက်ခိုက်သည်များကိုဤစာအုပ်တွေ့နိုင်သည်။ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးသည် ထိုခေတ်ကာလက တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ပါ၀င်ခဲ့ကြသော အမျိုးသားလှုပ်ရှားမှူကြီးတစ်ခုဖြစ်ခဲ့သည်။ ထို့သို့သော လှုပ်ရှားမှုကိုဦးဆောင်ခဲ့သူမှာအခြားသူမဟုတ် သခင်စိုးဖြစ်သည်။ သမိုင်းစာမျက်နှာတွေထက်မှာတော့သခင်စိုးကို မာ့စ်ဝါဒ လီနင်ဝါဒ စတာလင်ဝါဒကိုကျမ်းကြေသော အလံနီခေါင်းဆောင်တစ်ယောက်ဟုသာသိထားခဲ့သည်။ ဒီစာအုပ်ဖတ်ပြီးတဲ့အခါမှာတော့ သခင်စိုးသည် ကျွန်တော်ထင်ထားထက်ပိုပြီးရှုပ်ထွေးသည့်လူတစ်ယောက်ဖြစ်သည်ဟုသိမြင်လာသည်။ သခင်နုတို့ သခင်သန်းထွန်းတို့ သခင်စိုးတို့ထောင်ထဲမှာရှိစဉ် သခင်ဗစိန်သည်ကွန်မြူနစ်ဝါဒကိုစော်ကားသည့်စကားများပြောသောအခါ သခင်စိုးသည် သခင်ဗစိန်အားတုတ်နဲ့ရိုက်သတ်ပြီးလက်စားချေချင်သူဖြစ်သည်။ တစ်ကယ်ဆိုတစ်ဖက်ကပါးစပ်ဖြင့်စော်ကားသည်ကို သခင်စိုးကအသက်ဖြင့်လက်စားပြန်ချေလိုသည်။ အင်မတန်ပြင်းထန်လှတဲ့ဒေါသဖြစ်သည်။ ကျွန်တော့်အမြင်တော့ သခင်စိုးသည် အင်မတန်ထက်မြက်သောလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည် သို့သော် ဗိုလ်ချုပ်တို့လိုခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းမျိုးနဲ့တော့အင်မတန်အလှမ်းဝေးလွန်းလှသည်ဟုထင်သည်။ ဘုံ၀မှာဖြင့်မျှောတိုင်းဝေးစာအုပ်သည် အဖွဲ့အနွဲ့တွေသိပ်မပါ အဖြစ်အပျက်များနှင့်အချက်အလက်များပေါ်မူတည်၍ရေးသားထားခြင်းဖြစ်သည်။ သို့သော် သမိုင်းဖြစ်ရပ်များနှင့်မြန်မာ့နိုင်ငံရေးကိုစိတ်၀င်စားသူများအဖို့လေ့လာဖတ်ရှုဖို့သင့်သည့်စာအုပ်တစ်အုပ်ဖြစ်သည်။
စာရေးဆရာ - သခင်တင်မြ
Commenti