မင်းပြစ်မင်းဒဏ်
- Thoth
- Dec 6, 2020
- 1 min read

ဆရာကြီး ဗန်းမော်တင်အောင်ဆိုတာ မြိုင် ဘုန်းမောင့်တစ်ယောက်တည်းရယ် ချစ်အဏ္ဏဝါဗွေ စတဲ့ ၀တ္ထုရှည်မျိုးတွေကို ဇာတ်အိမ်ခိုင်ခိုင် အတွေးအခေါ်ကောင်းကောင်းနဲ့ ဇာတ်ကောင်တို့ရဲ့ အတတ်အကျကိုထိန်းကွပ်တဲ့နေရာမှာ တစ်ကယ့်ကိုကောင်းမွန်လှတဲ့စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် ဆရာကြီးရဲ့၀တ္ထုတိုင်းလိုလိုဟာ လူတန်းစားတစ်ရပ်ရဲ့ ဂုဏ်တွေအညစ်အကြေးတွေကို အမြဲဖော်ကျူးရေးသားလေ့ရှိတယ်။ ဒီ မင်းပြစ်မင်းဒဏ်ဆိုတဲ့စာအုပ်ဟာ မင်းပြစ်မင်းဒဏ်ကြောင့် တစ်ကျွန်းဆီအပို့ခံရတဲ့စစ်သည်တစ်ယောက်က တတိယမြန်မာနိုင်ငံတော်ကိုထူထောင်ရာအခန်းကဏ္ဍကနေပါ၀င်ခဲ့တဲ့အကြောင်းကိုနောက်ကြောင်းပြန် ပြန်ပြောပြနေတဲ့ပုံစံမျိုးနဲ့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ဇာတ်လမ်းဖြစ်တည်ချိန်ဟာ မွန်တပ်တွေ အင်း၀ကိုလာတိုက်လို့ အင်း၀အပျက် ပြိုကွဲနေတဲ့ဒုတိယမြန်မာနိုင်ငံတော်ကို မုဆိုးဖိုရွာက ဦးအောင်ဇေယျထန်းလုံးခံတပ်လေးအစပြုပြီး တတိယမြန်မာနိုင်ငံတော်ထူထောင်ဖို့ တာစူနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အလောင်းဘုရားရဲ့စွမ်းဆောင်ချက်တွေ ရည်မှန်းချက်တွေကိုအထင်းသားမြင်တွေ့နိုင်တဲ့အပြင် မဟာမိတ်တွေနဲ့အဆင်ပြေပြေညှိနှိုင်းနိုင်တဲ့ သံခင်းတမန်ခင်းသဘောတရားများကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ပွဲများမှာပင် သံတမန်ဆက်ဆံရေးဟာအလွန်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်။ နောက်ပြီးစာအုပ်ရဲ့အကောင်းဆုံးအချက်ကတော့ လူမျိုးရေးသဘောတရားတွေကို တတ်နိုင်သလောက်ထိန်းပြီးရေးသွားတာတွေ့ရပါတယ်။ ဇာတ်လမ်းထဲမှာဆို ဟံသာ၀တီမွန်တပ်တွေဟာ ဗမာတပ်တွေရှိရာအင်း၀ကိုလာတိုက်တယ်ဆိုပေမယ့် ကျူးကျော်သူနယ်ချဲ့အသွင်မျိုးမဆောင်ပဲ လက်တစ်ဆုပ်စာစစ်ဘုရင်တွေကြောင့် တိုက်ရခိုက်ရတဲ့သဘောမျိုးသာဖော်ပြထားတာတွေ့တယ်။ ဒီစာအုပ်ကိုရေးတဲ့ခုနှစ်ကိုအတိအကျမသိပေမယ့်၁၉၅၀ ၁၉၆၀ကာလတွေဖြစ်ဖို့များတယ်။ ဒီလိုအချိန်မျိုးမှာတောင် လူမျိုးရေးနဲ့ပတ်သတ်ပြီးဆရာကြီးရဲ့အတွေးအခေါ်ဟာအလွန့်အလွန်မှခေတ်မှီနေပါပြီ။ ဒါကြောင့်သမိုင်းနောက်ခံဇာတ်လမ်းနဲ့ တိုက်ပွဲတွေကြားထဲကစစ်သည်တစ်ယောက်ဟာ ဘယ်လိုကြောင့်မင်းပြစ်မင်းဒဏ်ကျသွားလဲဆိုတာကတော့ စာအုပ်ထဲမှာအသေးစိတ်ရှုစားရမှာဖြစ်တဲ့အပြင် ဒီစာအုပ်ဟာ သမိုင်းကြောင်းကိုနောက်ခံထားပေမယ့် ပျင်းရိလေးတွဲ့နေတဲ့သမိုင်းဇာတ်လမ်းမျိုးမဟုတ်ပဲ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ကလောင်စွမ်းကြောင့် ခပ်မြိုင်မြိုင် ခပ်သောသောနဲ့စိတ်၀င်စားဖို့ကောင်းမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
Comments