အာရှအနာဂတ်
- Thoth
- Jun 20, 2021
- 2 min read

မေရိကန်တို့သည် အီရတ်နှင့်အာဖဂန်တစ္စတန်သို့ သံချပ်ကာတင့်ကားကြီးများကိုအသုံးပြု၍ ဒီမိုကရေစီကိုသွတ်သွင်းခဲ့ကြသည်။ အဆုံးသတ်ကား ဒီမိုကရေစီရှင်သန်ထမြောက်မလာ။ ကိုကာကိုလာများ၊ မက်ဒေါနယ်များ၊ ဝီစကီများနှင့်ပြည့်တန်ဆာများကိုသာ လူတွေစွဲလမ်းခဲ့ကြသည်။
ဒီမိုကရေစီသည် ပနယ်စလင်ကဲ့သို့သော အသက်ကယ်ဆေးနှင့်တူသည်။ အသက်ကယ်ဆေးပင်ဖြစ်သော်လည်း အရမ်းကာရောထိုးလို့မဖြစ် လူတိုင်းနှင့်မတည့်နိုင်။ စမ်းသပ်စစ်ဆေးပြီးမှ ဆက်၍ထိုးသင့်မထိုးသင့်ဆုံးဖြတ်သင့်သည်။ အာရပ်ကမ္ဘာသို့ ဒီမိုကရေစီ exportလုပ်ခဲ့ကြသောအမေရိကန်တို့အတွက် ဒီမိုကရေစီသန္ဓေသားသည် နေ့မစေ့ လမစေ့မီမှာပင်ပျက်ကြခဲ့ရသည်။ သွေးထွက်သံယိုမှုများဖြစ်ပေါ်လာခဲ့သော "အာရပ်နွေဦး" နှင့် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒီများကိုသာ ပြန်လည်ရရှိခဲ့သည်။
အာရှအနာဂတ်ဆိုသည်မှာ မရေရာမသေချာလှသောအနောက်နိုင်ငံ၏အခန်းကဏ္ဍကိုလျော့ချဖို့မဟုတ်။ ပိုမိုခိုင်မာသော အာရှအနာဂတ်ကိုအာမခံဖို့အတွက် အခြားတစ်ဖက်မှအဖြေရှာကြခြင်းဖြစ်သည်။
ဒီစာအုပ်ထဲကအချက်အလက်တွေက တစ်ကယ့်ကို brain stormingလုပ်လို့ကောင်းမယ့်အချက်တွေ။ ဆွေးနွေးချက်တိုင်းက အဖြေမပါ။ မတူညီကွဲပြားသောအမြင်ရှုထောင့်များသာပါသည်။
အာရှရဲ့စီးပွားတိုးတတ်မှုကိုပြောရမယ်ဆိုရင် တရုတ်၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားတို့ကိုညွှန်းရမည်။ ထိုနိုင်ငံတို့တိုးတတ်ရသည်မှာလည်း ကောင်းမွန်သောဒီမိုကရေစီနှင့်လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်တို့၏ယှဉ်ပြိုင်မှုတိူ့ကြောင့်ဖြစ်သည်။ သို့သော် ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့တွင်ရှိနေသော ဒီမိုကရေစီစနစ်သည် အနောက်နိုင်ငံများမှ လစ်ဘရစ်တစ်ဒီမိုကရေစီကို တိုက်ရိုက်ကူးယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ဂျပန်တို့သည် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုဓလေ့ထူံးထမ်းများဖြင့်လွှမ်းမိုးခြင်းခံလိုက်ရ၏။ ဆောင်းပါးရှင်က
" မေရိကန်တို့သည် ဒုတိယကမ္ဘာစစ်အတွင်းဂျပန်များအပေါ်အနုမြူဗုံးများကြဲချခဲ့သောကြောင့် စစ်ပြီးသောအခါ နည်းပညာများနှင့်ဒေါ်လာများကိုပြန်၍သွန်ချပုံပေးခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးသည် အာရှအတွက်အတုယူ အားကျစရာဖြစ်သည်။ သို့သော် အကျိုးဆက်ကား ဇာတိပုည ဂုဏ်မာနအလွန်ကြီးမားခဲ့သည့်ဂျပန်နိုင်ငံသည် စိတ်ဓာတ်ရေးရာအရပြိုကွဲပြီး ယဉ်ကျေးမှုအဆောက်အအုံကြီးပါပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်"
သို့သော် လီကွမ်ယုတစ်ယောက်ကိုတော့ အရှေ့နှင့်အနောက်အယူအဆများကို ကောင်းမွန်စွာပေါင်းစပ်နိုင်သောလူတစ်ဦးအဖြစ်ရှုမြင်ကြသည်။ လီကွမ်ယုသည် အရှေ့၏ကွန်ဖြူးရှပ်ဝါဒကို အနောက်၏လစ်ဘရယ်ဒီမိုကရေစီများဖြင့်သင့်တင့်မျှတစွာပေါင်းစပ်နိုင်သည်။ အာရှနိုင်ငံများအပေါ် မေရိကန်နှင့်ဥရောပနိုင်ငံများ၏ တစ်ဖက်သတ်လွှမ်းမိုးမှုကို ကွန်ဖြူးရှပ်ဝါဒဖြင့်ခုခံတားဆီး၏။ စင်ကာပူသည် ဒင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံမဟုတ်သော်လည်း အကျိုးဆက်ကား စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှူအများဆုံး၊ ဆင်းရဲချမ်းသာကွာဟမှုအနည်းဆုံး၊ စည်းကမ်းအသေသပ်ဆုံး အာရှနိုင်ငံတစ်ခုဖြစ်လာသည်။
နောက်ထပ်brain stormingအကြောင်းအရာသည် "အလျှံအပယ်စားသုံးနေထိုင်ရေး" ( Consumerism)ဖြစ်သည်။ လူတိုင်းသည် လိုအပ်တာထက် ပိုမိုစားချင်၊ သုံးချင်၊ နေချင်ကြခြင်းကိုဆိုလိုသည်။ အရင်က ခေါက်က်ခွဲနှင့်လက်ဖက်ခြောက်ရှိရုံဖြင့် တိမ်းတိမ်နိုင်သောလူ့အဖွဲ့အစည်းသည် ယခုအခါ ကိုကာကိုလာနှင့်ဟမ်ဘာဂါကိုမစားရလျှင် လူရာမ၀င်တော့သလိုဖြစ်လာသည်။ လူတိုင်းထိုအစားအစာများနှင့်မတန် မစားထိုက်ဟုမဆိုလို။ လူများ၏ အလိုအဆန္ဒရမက်များပို၍ပြင်းထန်လာခြင်းကိုဆိုလိုသည်။ အကျိုးဆက်အနေဖြင့် Adam Smithရဲ့ the wealth of nationကျမ်းကနေဖန်းတီးပေးလိုက်သော ကုန်ပစ္စည်းတွေများများထုတ်၊ ပေါပေါများများ၀ယ်ယူသုံးစွဲဆိုတဲ့ ဈေးကွက်စီးပွားရေးရည်မှန်းချက်သည် အမြတ်အစွန်းရရေးကအဓိကဖြစ်လာပြီး စီးပွားရေးပျက်ကပ်များနှင့် ဝိသမလောဘသားတို့၏ကိုယ်ကျင့်တရားပျောက်ကွယ်မှုများဘက်သို့ပြောင်းလဲသွား၏။ ဒီလို အလျှံအပယ်စားသုံးနေထိုင်ရေးယဉ်ကျေးမှုကြီးအောက်တွင် လူသားတန်ဖိုးနဲ့လှုမှုဆက်ဆံရေးထက် ငွေကြေးက ပို၍အရေးကြီးလာသည်။ ငွေကြေးရဖို့ စီးပွားရေးတွင်တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေအမြတ်အစွန်းရဖို့လုပ်လာကြသည်။ ဒါကြောင့် အကျိုးအမြတ်နှင့်ငွေကြေးတို့သည် လူမှုစီးပွားရေးစနစ်ကြီး လည်ပတ်ခုတ်မောင်းဖို့အတွက် အဓိကျတဲ့တွန်းအားကြီးတစ်ရပ်ဖြစ်လာခဲ့ရပြီဖြစ်သည်။ ထိုဆုတ်ယုတ်မှုများကို 1930၊ 1973၊ 1997၊ 2008ခုနှစ်စီးပွားရပျက်ကပ်များက သမိုင်းတွင်သာဓကပြပြီးဖြစ်သည်။ ထိုသို့သော ဝိသသမလောဘသားတို့၏ လွတ်လပ်စွာယှဉ်ပြိုင်နိုင်သောဈေးကွက်စီးပွားရေးစနစ်ကို အစိုးရအနေအဖြင့် ဒီတိုင်းလက်ပိုက်ကြည့်နေခြင်းမျိုးမဟုတ်ပဲ အထိန်းအထေလုပ်ပေးသင့်၏။ သို့သော် အစိုးရအနေဖြင့် တင်းကျပ်သောချုပ်ကိုင်မှုများမလုပ်သင့်။ လွတ်လပ်သောဈေးကွက်အဖြစ်တော့ စံတော်၀င်ဖို့လိုသည်။
ထို့နောက်သိပ္ပံနှင့်နည်းပညာတိုးတတ်မှုတွင် ကျင့်၀တ်နှင့်သိက္ခာကိုအခြေခံရန်လည်းတိုက်တွန်းဆွေးနွေးထားကြ၏။ တရုတ်တို့သည် ကမ္ဘာပေါ်တွင် ယမ်းကိုအရင်ဆုံးစတင်ထီထွင်ခဲ့ကြသော်လည်း လူကိုသေစေနိုင်သောလက်နက်အဖြစ်မပြောင်းလဲခဲ့ကြ။ ကိုလံဘတ်မတိုင်တင် ၁၄ရာစုလောက်ကတည်းက တရုတ်သဘော်ကြီးများအာဖရိကတိုက်အတွင်းလှည့်လည်သွားလာနေကြသော်လည်း အနောက်နိုင်ငံတို့လို မည်သည့်တိုင်းပြည်ကိုမှကျွန်မပြုခဲ့ကြ။ တရုတ်ပြည်မှ ပိုးလမ်းမကြီးဖောက်ပြီး ရောမအင်ပါယာအထိ ကုန်သွယ်ခဲ့ကြသော်လည်း အင်ပါယာကြီးထဲသွတ်သင်းခဲ့ခြင်းမပြုခဲ့ကြ။ ထိုအရာများသည် ဖွံ့ဖြိုးတိုးတတ်မှုများကို ကျင့်၀တ်နှင့်သိက္ခာများကထိန်းညှိပေးနေခြင်းကြောင့်ဖြစ်သည်။ ယခုလိုနည်းပညာခေတ်မျိုးတွင်တော့ ကျင့်၀တ်နှင့်သိက္ခာများမရှိတော့ပဲ လူသားများအပေါ် တိုးတတ်မှုများဖြင့်ချယ်လှယ်ဖို့ကြိုးစားလာကြသည်။ အကျိုးဆက်အနေဖြင့် ဂလိုဘယ်တက်က္ကနိုအီလစ်များကို မွေးထုတ်ပေးလိုက်ကြ၏။
နောက်တစ်ခုက အနောက်နိုင်ငံ၏လစ်ဘရယ်စံတန်ဖိုးများကို အလွန်အကျွံဘုန်းတော်ဖွဲ့ချီးမွှမ်းခန်းဖွဲ့နေပြီး ဘုရားစင်ပေါ်တင် ရှိခိုးကိုးကွယ်နေကြခြင်းဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ဖြစ်ပေါ်တိုးတတ်မှုများကြောင့် နိုင်ငံများအကြား ယဉ်ကျေးမှုများတွန်းတိုက်ဖြစ်ပေါ်နေလေ့ရှိသည်။ လစ်ဘရယ်ဒီမိုကရေစီနှင့် လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်သည် လူသားအားလုံးအတွက် နောက်ဆုံးပန်းတိုင်မဟုတ်။ ပို၍ကောင်းမွန်သောစနစ်တစ်ခုကိုမတွေ့သေးခင် ကြားကာလအပိုင်အခြားတွင် အကောင်းဆုံးစနစ်ဖြစ်သောကြောင့် အသုံးချနေရခြင်းဖြစ်သည်။ ထို့ကြောင့်အနောက်တန်ဖိုးများကို လက်ခံထားရမှာဖြစ်သလို အရှေ့အယူအဆများ၏ကောင်းနိုးရာရာအယူအဆများဖြစ်သော ကွန်ဖြူးရှပ်၊ ဗုဒ္ဓ၊ ဂန္ဒီဝါဒ၊ ဂျပန်တို့၏ရှင်တိုဘာသာ စသည်များကိုလည်း ပစ်ပယ်၍မသင့်။ ဥပမာ ဂန္ဒီ၏အကြမ်းမဖက်ရေးဝါဒသည် ရေတပ် လေတပ်အင်အားကြီးမှားလှပါပြီဆိုသော ဗြိတိသျှအင်ပါယာကြီးတစ်ခုလုံးကို သွက်သွက်ခါအောင်လှုပ်ရမ်းပစ်နိုင်၏။ ယနေ့တိုးတက်သော အာရှနိုင်ငံများဖြစ်သည့် ကိုရီးယား၊ ဂျပန်၊ စင်ကာပူတို့သည်လည်း ကွန်ဖြူးရှပ်ဝါဒကိုအခြေခံသောလူ့အဖွဲ့အစည်းများဖြစ်ကြပြီး အပေါ်ကတော့ဒီမိုကရေစီ၀တ်ရုံကိုလွှမ်းခြုံထားကြ၏။ အာရှရဲ့စံတန်ဖိုးများပမစ်ပယ်သင့်ပံုကို ဆောင်းပါးရှင်က
" ကမ္ဘာပေါ်တွင်ထွန်းကားခဲ့သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူစသည့် ဘာသာအားလုံးတို့သည် အာရှတိုက်မှ စတင်ခဲ့ကြခြင်းဖြစ်သည်။ အာရှရဲ့ဘာသာရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များသည် နှစ်ပေါင်းထောင်နဲ့ချီအစစ်ဆေး အစမ်းသပ်ခံပြီးသားဖြစ်သည်။ ဒါကြောင့်အာရှကို ရုပ်၀တ္ထုနှင့်အနိုင်ရအောင်မကြိုးစားကြပါနဲ့။ အာရှရဲ့စိတ်ဓာတ်နှင့်အသည်းနှလုံးကိုရယူနိုင်အောင်သာ ကြိုးစားပါ"ဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ အရှေ့နှင့်အနောက်အယူအဆများကို win or lose ပုံစံမျိုးမဟုတ်ပဲ win-win(သူနိုင်-ကိုယ်နိုင်)ဖြစ်စေချင်ပုံမျိုးဖြစ်သည်။ ယခုခေတ်မှာတော့ Monocultureဖြစ်သည့်တစ်ခုတည်းသော ယဉ်ကျေးမှုတစ်ခုကသာ အရှေ့နှင့်အနောက်ကိုပါလွှမ်းခြုံထား၏။ ထိုတစ်ခုတည်းသောလူ့ယဉ်ကျေးမှုမှာတစ်ခြားမဟုတ် ဂျင်းဘောင်းဘီနှင့်တီရှပ်ကို၀တ်ဆင်ကြသော လူများသည် ပါးစပ်ထဲတွင်လည်း cokeနဲ့ဟမ်ဘာဂါကိုပလုတ်ပလောင်းဖြစ်နေကြသည်။ ထို့နောက် လက်ထဲက မိုဘုန်းဖုန်းများနဲ့chattingများအတွက်ကလည်း မအားလပ်အောင်ဖြစ်နေသည်။
ပြောင်းလဲလာသောခေတ်ရေစီးကြောင်းတွင် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများသည် ကျေးလက်နေလူထုဘ၀နှင့်သဘာ၀ပတ်၀န်းကျင်ကိုဖျက်စီးပစ်ကြ၏။ မြို့ပြလုပ်အားခနှင့် ကျေးလက်လုပ်အားခသည်အဆမတန်ကွာခြားလာသောအခါ ကျေးလက်နေလူတန်းစားများသည် ၎င်းတို့၏စား၀တ်နေရေးအတွက် မြို့ပေါ်သို့တတ်လာခဲ့ကြသည်။ ထို့အခါ မြို့ပြလူနေမှုစနစ်ပေါက်ကွဲလာပြီး ကျေးလက်လူထူစနစ်ပျက်စီးခဲ့ကြသည်။ ထို့နောက် လယ်ယာထွက်ကုန်ပစ္စည်းများရှားပါးလာပြီး စက်မှုလူသုံးကုန်ပစ္စည်းများ အများအပြားထုတ်လုပ်လာကြသည်။ ယခုလိုခေတ်ကာလမျိုးမှာပင် ကျေးလက်နေလူတန်းစားများအဆမတန်ရွှေ့ပြောင်းလာမှုတို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာများမလောက်မငှဖြစ်နေကြသည်။ ယခုကဲ့သို့သော ကျေးလက်နေလူတန်းစားများအဆက်မပြတ်ပြောင်းရွှေ့နေအုံးမည်ဆိုလျှင် နောင်တွင် အဆမတန်ပေါက်ကွဲလာမယ့် လူဦးရေ 10ဘီလျံအတွက် ကမ္ဘာ့စားနပ်ရိက္ခာအငတ်ဘတ်ဘေးကြီးကျရောက်နိုင်သည်။ မာရီအင်တွိုင်းနက်လို "ပေါင်မုန့်မရှိလည်း ကိတ်မုန့်စားကြ"ဟုဆိုလျှင် ပြင်သစ်တော်လှန်ရေးထက်ပင်အခြေအနေဆိုးသွားနိုင်သည်။ ထိုအချိန်ကျမှ သံချောင်းတွေ၊ ခွေးသွားစိပ်တွေ၊ ကွန်ပျူတာ၊ အင်တာနက်တွေကို ဓားနဲ့လှီးစား၍မဖြစ်...........
စာအုပ်ထဲတွင် ကျွန်တော်တို့သတိမထားမိသော တစ်ခြားစိတ်၀င်စားစရာကောင်းသည့်အကြောင်းအရာများ အများအပြားပင်ရှိသေးသည်။
- နိုင်ငံရေးဒီမိုကရေစီလော ပြည်သူ့ဒီမိုကရေစီလော
- ကျေးလက်လူတန်းစားနှင့်မြို့ပြလူတန်းစားများ၏ လုပ်အားခအဆမတန်ကွာခြားခြင်း
- အာရှစံတန်ဖိုး စသည့်ပြသာနာများဖြစ်သည်။ သို့သော်စာရှည်လွန်းသွားမည်ဆိုး၍ထည့်မရေးတော့ပါ။
အာရှအနာဂတ်စာအုပ်သည် အရှေ့ကိုအမွှန်းတင်ခြင်းမဟုတ်သလို အနောက်ကိုအပုပ်ချခြင်းလည်းမဟုတ်။ အရှေ့နဲ့အနောက်ကြားကွာဟမှုများကို စဉ်းစားသုံးသပ်ချပ်တွေမျှဝေပေးသည့်စာအုပ်တစ်အုပ်မျှသာဖြစ်သည်။ တစ်နည်းအားဖြင့် ယနေ့အာရှလူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတတ်မှုကို ရှုထောင့်တစ်မျိုးမှဝေဖန်သုံးသပ်ပြထား၏။
Comments