ဂိုဏ်းစွဲ၊ ဂဏအစွဲ
- Revolution 4.0
- Nov 6, 2021
- 1 min read

နဂါးနိုင်ဓား ကြည့်ဖူးတဲ့လူတော်တော်များများသတိထားမိကြပါလိမ့်မယ်။ စကြာ၀ဌာအားလွှဲသိုင်းကျင့်ပြီးခါစ ကျန်းဝူကျိကို မိစ္ဆာလို့သမုတ်ပြီး သမာဓိဘက်တော်သားလို့ခံယူထားတဲ့ ဂိုဏ်သားတွေက မိစ္ဆာတွေထက်ပိုပြီး ယုတ်မာကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတဲ့အခန်းကို သိကြလိမ့်မယ်ထင်တယ်။ အဲ့ဒီထဲမှာ သမာဓိဂိုဏ်သားဆိုတဲ့ မြဲ့ကျွယ်သီလရှင်ကြီးဟာ ကိုယ့်သားအရွယ်လောက်ရှိတဲ့ ဝူကျီကို အသေသတ်ဖို့ လက်ဝါးသိုင်းသုံးချက်တောင်ထုတ်သုံးခဲ့တယ်။ နောက်ပြီး သိုင်းလောကရဲ့ စိန်ခေါ်သံဆိုတဲ့ကားထဲမှာလည်း သမာဓိဂိုဏ်းသားလို့ခံယူထားတဲ့ ဟွာစန်းဂိုဏ်းချုပ်ဟာ နေကြာသိုင်းကျမ်းကိုရဖို့ တပည့်ကိုချောက်တွန်း၊သူများမိသားစုကိုဖျက်ဆီးပြီး မိစ္ဆာတွေထက်ဆိုးတဲ့ လီဆယ်လှည့်ဖျားမှုတွေနဲ့ ရအောင်ခိုးယူခဲ့တယ်။ စသဖြင့်ပေါ့ သိုင်းကားတော်တော်များများကြည့်ဖူးတဲ့လူတွေဆို ဒီလိုအဖြစ်အပျက်မျိုးတွေနဲ့ရင်းနှီးနေပြီးသားပါ။ အဲ့ဒီသိုင်းကားထဲမှာပါနေတဲ့ သမာဓိဂိုဏ်းနဲ့မိစ္ဆာဂိုဏ်းကိုခွဲခြားတယ်ဆိုတာ လုပ်ရပ်ကိုကြည့်ပြီးခွဲခြားထားတာမဟုတ်ပဲ သူတို့ရဲ့နောက်မှာရှိနေတဲ့ ဂိုဏ်းတံဆိပ်၊အရောင်၊ နာမည်၊အလံတံဆိပ်တွေနဲ့ ခွဲခြားကြတာဖြစ်တယ်။ ဥပမာ လူတစ်ယောက်ဟာ ဘယ်လိုပဲမိစ္ဆာလုပ်ရပ်တွေလုပ်လုပ် ဒီလူဟာ သမာဓိဂိုဏ်းကို၀င်ထားရင် လူအများက သူ့ကိုသမာဓိဘက်တော်သားလို့သတ်မှတ်ကြတယ်။ ဒါ့အပြင် သမာဓိလုပ်ရပ်တွေဘယ်လောက်လုပ်လုပ် ဒီလူဟာ မိစ္ဆာဂိုဏ်း၀င်ဖြစ်နေပြန်ရင်တော့ သူ့ကို မိစ္ဆာဘက်တော်သားလို့သာသတ်မှတ်ကြတယ်။ ဘာလို့ဆို သူတို့ဟာ သူတော်ကောင်းနှင့်မိစ္ဆာ၊ အမှန်နဲ့အမှား၊ အလင်းနှင့်အမှောင်၊ အကောင်းနှင့်အဆိုးကို ခွဲခြားဖို့ လုပ်ရပ်ကိုကြည့်တာမဟုတ်ပဲ၊ သူတို့အနောက်မှာကိုယ်စားပြုနေတဲ့ အလံနှင့်တံဆိပ်ကိုသာကြည့်ပြီးဆုံးဖြတ်ကြလို့ဖြစ်တယ်။
ဒါကြောင့် အဖြစ်အပျက်တစ်ခုကို မှန်လား၊မှားလားဆုံးဖြတ်တဲ့အခါ သူ့အနောက်မှာရှိနေတဲ့ အလံတွေ၊အရောင်တွေထက် သူ့လုပ်ရပ်ကိုသာကြည့်ပြီး ဝေဖန်ပိုင်းခြားသင့်တယ်။ ဒါပေမဲ့ အခုလို အဖြူနဲ့အမည်း ဝါဒကြီးစိုးတဲ့ခေတ်ကြီးမှာ လူအများစုဟာ လုပ်ရပ်ထက် သူ့အနောက်မှာရှိနေတဲ့ အလံတွေ၊အရောင်တွေကိုသာကြည့်ပြီး ဆုံးဖြတ်ကြတယ်။ လူတစ်ယောက်ဟာ သူ့လုပ်ရပ်မမှန်မကန်ဖြစ်နေရင်တောင် လုပ်ရပ်ကိုကြည့်ပြီး မှားပါတယ်လို့ အားမနာတမ်းဝေဖန်ရမယ့်အစား " အော် သူလေးဟာ ဓမ္မဂိုဏ်းသားလေးလေ၊ အဖြူရောင်ဘက်တော်သားလေးဆိုတော့ သူ့လုပ်တာ မမှားနိုင်ပါဘူး"ဆိုတဲ့ မိမိကိုယ်ကိုသက်သေထူခြင်းဆိုတဲ့အတွေးအခေါ်နဲ့မျိုးနဲ့သာဆုံးဖြတ်ကြလေ့ရှိတယ်။ တစ်ကယ်တော့ မှားတယ်၊မှန်တယ်ဆိုတာ ဂိုဏ်းတွေ၊အဖွဲ့တွေ၊အလံတွေ၊အရောင်တွေနဲ့မသက်ဆိုင်ပဲ၊ လုပ်ရပ်နဲ့သာအဓိကသက်ဆိုင်တာဖြစ်တယ်။ ဒါကြောင့် ဓမ္မဘက်မှာ ရပ်တည်လိုက်တာနဲ့ ကိုယ့်လုပ်ရပ်တိုင်းဟာ အလိုလိုဖြူစင်သန့်ရှင်းသွားပြီး "ငါ ဘာလုပ်လုပ်မမှားဘူးဟေ့"ဆိုတာမျိုးတွေ ဖြစ်မလာသင့်ပါဘူး။ ဓမ္မဂိုဏ်းသားမို့လို့သာ လုပ်ရပ်တိုင်းဟာ တရားမျှတပြီး မှန်နေရမယ်ဆိုရင် ဒေ၀ဒတ်ဟာ သကန်းကြီးချုံပြီး မြေမြိုစရာအကြောင်းမရှိဘူး။
ဒါကြောင့် ကိစ္စတစ်ခုကို ကြည့်တဲ့အခါ ဂိုဏ်းဂဏစွဲ၊ အလံစွဲ၊ အရောင်စွဲတွေထက် လုပ်ရပ်နဲ့အကျိုးရလာဒ်ကို ဝေဖန်ပိုင်းခြား၊ကျိုးကြောင်းဆင်ခြင်သုံးသပ်ပြီးမှသာ မှန်လား၊မှားလား ဆုံးဖြတ်ချက်ချသင့်တယ်။ တစ်ကယ်လို့ အရာရာတိုင်းကိုသာ အဖြူ၊အမည်းနှစ်ခုထဲသတ်မှတ်ပြီး တွေ့သမျှ မျက်မှန်စိမ်းတပ်ကြည့်နေမယ်ဆိုရင် Political barbarism လို့ခေါ်တဲ့ "နိုင်ငံရေးအရိုင်းအစိုင်းဝါဒ"ဘက်ကို တိမ်းညွှတ်သွားလိမ့်မယ်။ အပေါ်က သိုင်းကားတွေကတော့ အရောင်စွဲ၊အလံစွဲသမားတွေအတွက် မြင်သာပါလိမ့်မယ်။
Comments