top of page

နောက်ထပ်ဖက်ဒရယ် မလိုချင်တော့ပေ (၂)

  • Writer: Revolution 4.0
    Revolution 4.0
  • Oct 30, 2021
  • 2 min read

မြန်မာပြည်တွင် အငြင်းပွားဖွယ်ရာမေးခွန်းကို ဆိုရမည်ဆိုလျှင် "ပြည်တွင်းစစ်ကိုမည်သူစခဲ့သနည်း"ဆိုသည့်မေးခွန်းပင်ဖြစ်ပေလိမ့်မည်။ ပြည်တွင်းစစ်နှင့်ပတ်သာလျှင် အစိုးဘက်မှ ကွန်မြူနစ်များနှင့် တိုင်းရင်းသားများကိုလက်ညိုးထိုးလိမ့်မည်ဖြစ်ပြီး၊ တိုင်းရင်းသားများနှင့်ကွန်မြူနစ်များဘက်မှ ဖဆပလအစိုးရကိုလက်ညိုးထိုးလိမ့်မည်ဖြစ်သည်။ ဖြေရှင်းချက်မှာ ဖဆပလသည် "ကွန်မြူနစ်များတောခိုမည်စိုး၍ ဖမ်းရပါသည်"ဟုဆိုပြီး၊ ကွန်မြူနစ်များဘက်မှလည်း "ဖဆပလအစိုးရကဖမ်းမည်စိုး၍ တောခိုရပါသည်"ဟုဆိုသည့် ဂျာအေးသူ့အမေရိုက်သည့် အဖြေမျိုးသာဖြစ်နေပါလိမ့်မည်။ သို့သော် ရှင်းရှင်းလင်းလင်းတွေ့ရသည့်အချက်မှာ စစ်တပ်ဆိုသည့်အဖွဲ့အစည်းကြောင့် ပြည်တွင်းစစ် ဖြစ်လာရသည်တော့ မဟုတ်ခဲ့‌ချေ။ သို့သော်လည်း နောက်ပိုင်းတွင် စစ်တပ်ကြောင့် ပြည်တွင်းစစ်ရှည်ကြာလာခဲ့သလို၊ ပြည်တွင်းစစ်ကြောင့်လည်း စစ်တပ်အင်အားကြီးထွားလာခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ လွတ်လပ်ပြီးခါစ ပြည်တွင်းစစ်ကာလများကိုပြန်ကြည့်ရသော် မြန်မာစစ်တပ်သည် ဖဆပလအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်အပြည့်အ၀ရှိနေခဲ့ပြီး၊ ထိုခေတ်က ကာကွယ်ရေး၀န်ကြီးမှာ ဖဆပလအစိုးရအဖွဲ့၀င် ‌အရပ်ဘက်နိုင်ငံရေးသမား ‌ဦးကျော်ငြိမ်းဖြစ်သည်။ သို့သော် ၁၉၅၀နောက်ပိုင်းသို့ရောက်လာသောအခါ ပြည်တွင်းစစ်တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်တပ်၏အခန်းကဏ္ဍမှာ ပို၍ ပို၍အရေးပါလာသည်။ ထိုအချိန်က စစ်တပ်မှာလည်း တပ်ရင်းအလိုက် တောခိုကြသည်ကများသောကြောင့် ဖဆပလအစိုးအရအတွက် တပ်အင်အားမှာ သောင်းဂဏန်းကျော်ကျော်လောက်သာကျန်ရှိိ‌တော့သည်။ ထိုမျှကျန်ရှိသောအင်အားဖြင့် ဖဆပလအစိုးအဖွဲ့က ၎င်းတို့နယ်မြေများမဆုံးရှုံးသွားအောင် စစ်တပ်ကိုအတော်ပင်အားကိုးနေရသည်။ ၁၉၅၀နောက်ပိုင်းသို့ရောက်လာသောအခါ ပြည်တွင်းစစ်ကိုအခြေပြုပြီး စစ်တပ်မှာနိုင်ငံရေးဇာတိပြလာသည်။ ထိုအရာမှာ ဗိုလ်ချုပ်ကြီးနေ၀င်းက တိုက်ပွဲများကို ဒီ့ထက်လျှင်လျှင်မြန်မြန်တိုက်နိုင်အောင် ၎င်းအားကာကွယ်ရေး၀န်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ ၀န်ကြီးချုပ်ဦးနုထံတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ မြန်မာစ်တပ်အနေဖြင့် ဒီမို‌ကရေစီ စည်းမျဉ်းစည်းကမ်းကို စတင်ချိုးဖောက်ဖို့ကြိုစားခဲ့သည်ဟုဆိုရ‌ပေမည်။ မြန်မာပြည်သည် ထိုအချိန်က ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည်ဖြစ်ရာ ကာကွယ်ရေး၀န်ကြီးဌာနသည် ကာကွယ်ရေး၀န်ကြီး၏ အုပ်ချုပ်မှုအောက်တွင်ရှိရမည်ဖြစ်ပြီး၊ ထို ကာကွယ်ရေး၀န်ကြီးမှာလည်း ရွေးကောက်ပွဲအနိုင်ရ၀န်ကြီးချုပ်ကခန့်အပ်သော အရပ်ဘက်နိုင်ငံရေးသမားတစ်ဦးပင်ဖြစ်ရပေမည်။ သို့သော် စစ်တပ်က ပြည်တွင်းစစ်ကာလအတွင်း ၎င်းတို့၏အရေးပါမှုကိုအသုံးပြု၍ စစ်ဘက်က အရပ်ဘက်နိုင်ငံရေးအခန်းကဏ္ဍကို ‌၀င်ရောက်စွက်ဖက်ဖို့ကြိုးစားခဲ့သည်။ သို့သော်လည်း ၀န်ကြီးချုပ်ဦးနုက "အခုလိုတိုင်းပြည်အကျပ်အတည်းကျရောက်နေချိန်မှာ မင်းတို့လိုဒီစစ်ဗိုလ်ချုပ်တွေ ဒီလိုအကျပ်ကိုင်တာ ကောင်းသလားကွ"ဟု ပြောလိုက်လေရာ နုနယ်သောစစ်တပ်၏ နိုင်ငံရေးအာဏာသွေးထိုးစမ်းမှုသည်မအောင်မြင်ခဲ့ပေ။


၁၉၅၃နောက်ပိုင်းသို့ရောက်သောအခါ မြန်မာစစ်တပ်၏တိုက်ရည်ခိုက်ရည်ကြောင့် မြို့ကြီးအတော်များများကို ဖဆပလအစိုးရမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် တရုတ်ဖြူကူမင်တန်များ ရှမ်းပြည်သို့ကျူးကျော်ပြန်လာရာ မြန်မာစစ်တပ်မှာ ရှမ်းပြည်ထဲသို့တပ်မအင်အား အများအပြားဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ထို့အချိန်မှစ၍ စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကြောင့် ပြည်တွင်းစစ်ကိုအခြေပြု၍ မြန်မာစစ်တပ်၏အင်အားမှာ ပို၍ပင်တောင့်တင်းခိုင်မာလာသည်။ သို့သော် နိုင်ငံတစ်ခုတွင် စစ်တပ်ကအရေးပါလာလေလေ၊ တခြားအရပ်ဘက်အဖွဲ့စည်းများက ပို၍နောက်ရောက်လေလေဖြစ်လာသည်။ ၁၉၅၈ခုနှစ်သို့ ရောက်သောအခါ ဖဆပလအတွင်း သန့်ရှင်း၊တည်မြဲ အကွဲအပြဲဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲတွင် သန့်ရှင်းက အနိုင်ရသောအခါ၊ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သော တည်မြဲဖဆပလက စစ်တပ်ကိုနိုင်ငံရေးဇာတ်သွင်းကာ နိုင်ငံတော်အာဏာကို သိမ်းယူဖို့အကြံပေးခဲ့သည်။ စစ်တပ်က အာဏာသိမ်းဖို့ ဦးနုကိုဖမ်းသောအခါ "ခင်ဗျားတို့ စစ်တပ်အာဏာသိမ်းတာ သိက္ခာကျပါတယ်၊ လိုချင်ရင် လွှဲပေးမယ်"ဟုဆိုကာ ဦးနုက ဗိုလ်ချုပ်နေ၀င်းထံ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့သည်။ စစ်တပ်သည် ထိုကာလအတွင်း နိုင်ငံတော်ကို နိုင်ငံရေးပါတီများထက် ကောင်းမွန်စွာထိန်းချုပ်ထားနိုင်သောကြောင့် ၎င်းတို့ကိုယ်၎င်းတို့ မြန်မာပြည်၏ တစ်ကယ့်အစစ်အမှန်ကယ်တင်ရှင်ဟု သဘော‌တွေ့သွားကြသည်။

၁၉၆၀သို့ရောက်သောအခါ ဦးနု၏နိုင်ငံရေးဩဇာကိုကြောက်ရွံ့၍ စစ်တပ်မှာ မလွှဲချင်လွှဲချင်ဖြင့် နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲဖြင့် ဦးနု၏ ပထစအစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့သည်။ သို့သော် အာဏာကိုအကြိုက်တွေ့‌သွားသော စစ်ဗိုလ်ချုပ်များက နောက်ထပ်နည်းလမ်းပေါင်းစုံကိုသုံး၍ နိုင်ငံတော်ကိုထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့ကြသည်။ ၁၉၆၂‌ခုနှစ်သို့ရောက်သောအခါ ပြည်ထောင်စုပြိုကွဲမည်ဆိုသော အကြောင်းပြချက်ဖြင့် ‌နိုင်ငံတော်အာဏာကို နောက်တစ်ကြိမ် အပြီးတိုင်သိမ်းယူခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ စစ်တပ်အနေဖြင့် နိုင်ငံတော်အာဏာကို ဆိုရှယ်လစ်စီးပွားရေးဈေးကွက်နှင့်ပေါင်းစပ်၍ အပြီးတိုင်ထိန်းချုပ်ဖို့ရည်ရွယ်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ်အင်အားမှာ ပြည်တွင်းစစ်ကိုအကြောင်းပြု၍ ပိုမိုအင်အားတောင့်တင်းလာပြီး ကွန်မြူနစ်များကို ပဲခူးရိုးမမှ အပြတ်ရှင်းထုတ်နိုင်ခဲ့သည့် နာမည်ကျော်တိုက်ခိုက်ရေးတပ်မများဖြစ်သော တပ်မ ၇၇၊ တပ်မ ၉၉ စသည့်တပ်မများဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၈၈ရောက်သောအခါ နိုင်ငံတော်အားအရေးပေါ်ကယ်တင်လိုက်ရပါသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာအားနောက်တစ်ကြိမ်သိမ်းယူပြန်သည်။ ၁၉၆၂ခုနှစ်နောက်ပိုင်း တိုက်ခိုက်ရေးတပ်မများဖွဲ့စည်းခြင်းဖြင့် အင်အားတိုးချဲ့လာသောစစ်တပ်သည် ၁၉၈၈နောက်ပိုင်းရောက်လာသောအခါ စစ်လက်နက်များ၊ ဗုံးသီး နည်းပညာများကို တိုးချဲ့၍ အင်အားတောင့်တင်းသော စစ်တပ်တစ်ခုဖြစ်အောင်ထပ်မံကြိုးစားခဲ့ပြန်သည်။ ထို့ကြောင့် အတိတ်ကိုပြန်ကြည့်ရသော် ပြည်တွင်းစစ်ကြောင့် စစ်တပ်အင်အားကြီးမားလာပြီး၊ ထိုအင်အားကြီးမားမှုကိုအသုံးပြု၍ စစ်အာဏာသိမ်းမှုများ အကြိမ်များစွာကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အကယ်၍ စစ်အာဏာသိမ်းမှုများကို အမြစ်ဖြတ်ချင်လျှင်ပါလျှင်မူ ပြည်တွင်းစစ်ကိုမြန်မြန်အဆုံးသတ်ဖို့သာရှိသည်။


ထို့ကြောင့် မြန်မာပြည်တွင် စစ်တပ်နှင့်ပြည်တွင်းစစ်သည် "ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ"ဖြစ်လာသည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ရှည်ကြာလာသောအခါ ပြည်တွင်းစစ်ကိုအခြေပြု၍ အားကောင်းလာသောအဖွဲ့အစည်းမှာ စစ်တပ်ဖြစ်ပြီး၊ အားနည်းလာသောအဖွဲ့အစည်းမှာ အရပ်ဘက်နိုင်ငံရေးပါတီများဖြစ်သည်။ ဝိဓူရသခင်ချစ်မောင်က ပြည်တွင်းစစ်ရှည်ကြာလာလျှင် "ဒီမိုကရေစီဘောင်ကျုံ့လာပြီး၊ စစ်ဘောင်ကကျယ်လာသည်"ဟုဆိုသည်။ ထိုစကားမှာ မြန်မာပြည်သမိုင်းအတွက် အတော်ပင်သွေးထွက်အောင်မှန်ခဲ့သည်။ ထို့ကြောင့် စစ်ဘောင်ကိုချုံ့ပစ်ရန် တစ်နည်းအားဖြင့် စစ်တပ်ကိုအားနည်းစေရန်အတွက် ပြည်တွင်းစစ်ကိုမြန်မြန်အဆုံးသတ်ဖို့လိုသည်။ ပြီးခဲ့သည့် ၂၀၁၅-၂၀၂၀ကာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မဟာဗျူဟာအရ ပြည်တွင်းစစ်ရပ်ဆဲပြီး စစ်ဘောင်ကိုချုံ့ပစ်ရန် သို့နည်းမဟုတ် မြန်မာစစ်တပ်ကို အားနည်းလာစေရန်ဖြစ်သည်။ အတိအလင်းဆိုရပါသော် နှစ်ပေါင်းခြောက်ဆယ်ကြာ မြန်မာပြည်သမိုင်းတွင် အလွန်နားကြားပြင်းကပ်စရာကောင်းသော "အမျိုးသားနိုင်ငံရေး ဦးဆောင်မှု"ဟုဆိုသည့်ခေါင်းစဉ်တပ်၍ နိုင်ငံရေးအာဏာကို အတင်းအဓမ္မချုပ်ကိုင်ထားသော စစ်တပ်ဆိုသည့်အဖွဲ့အသည်းအား မြန်မာ့နိုင်ငံရေးမှကစားပွဲမှ ညင်ညင်သာသာ လိမ္မာပါးနပ်စွာ ပွဲပြင်ထုတ်လိုက်ဖို့ဖြစ်သည်။ သို့သော် စာရေးသူတို့သတိမထားမိသည်က နှစ်၇၀ပြည်တွင်းစစ်ကြောင့် စစ်ဘောင်မှာအတော်ပင်ကျယ်ခဲ့၍ ချုံ့မရနိုင်ဖြစ်နေသည်။ နိုင်ငံရေးသမားများအနေဖြင့် စစ်တပ်ကို ကစားဝိုင်းအပြင်ဘက်သို့ဆွဲမထုတ်နိုင်ပဲ၊ စစ်တပ်ကသာ နိုင်ငံရေးသမားများကို ကစားဝိုင်းအပြင်ဘင်သို့ဆွဲထုတ်ပြီး "အမျိုးသားနိုင်ငံရေးဦးဆောင်မှု"ဆိုသည့်ခေါင်းစဉ်ဖြင့် ၎င်းတို့ကိုယ်တိုင် Guardian ဆိုသည့် ကာကွယ်စောင့်ရှောက်သူဆိုသည့် တာ၀န်အားလည်းကောင်း၊ Gardenerဆိုသည့် ပြုစုပျိုးထောင်သူဆိုသည့် တာ၀န်များအားလည်းကောင်း အသီးသီးခန့်အပ်လိုက်ကြလေသည်။


ပြည်တွင်းစစ်ကိုအမြစ်မဖြတ်နိုင်ခြင်းကြောင့် စစ်အာဏာသိမ်းမှုကိုအဆုံးမသတ်နိုင်သော်လည်း၊ ယခုအချိန်အခါတွင် ပြည်တွင်းစစ်မှာ နောက်ထပ်အရှိန်အဟုန်တစ်မျိုးအဖြစ် အလျှင်အမြန်ကူးပြောင်းလာလျက်ရှိသည်။ ထိုအခါ စစ်တပ်မှာနောက်တစ်ကြိမ်အင်အားကြီးမားလာနိုင်ပါ၏လောဆိုသည့် မေးခွန်းမှာလည်း အတော်ပင်စဉ်းစားစရာအချက်ဖြစ်သည်။ အကယ်၍ စစ်တပ်ကိုအပြုတ်တိုက်ခိုက်နိုင်သည့်တိုင် ပြည်တွင်းစစ်ကတော့ သူနည်းသူ့ဟန်နဲ့တူ တည်ရှိနေအုံးမည်ဖြစ်သည်။ သို့သော် စစ်တပ်မရှိသည့်နောက် လက်နက်ကိုင်အဖွဲ့အားလုံးက လက်နက်ဖျက်သိမ်း၊တပ်ဖျက်သိမ်းပြီး အေးချမ်းသာယာသောပြည်ထောင်စုတစ်ခုကို တည်ထောင်ကြမယ်ဟု တွေးထင်မိပါမူ အတော်ပင်ရူးနှမ်းသော ကိစ္စပင်ဖြစ်ပါလိမ့်မည်။ ထိုအခါ စစ်တပ်မပါသည့် ပြည်တွင်းစစ်ကာလတစ်ခုကို ထပ်မံရင်ဆိုင်ရမည်ဖြစ်ပြီး၊ ထိုပြည်တွင်းစစ်ကြောင့် နောက်တစ်ကြိမ် စစ်တပ်အင်အားကြီးမှုကို ထပ်မံကြုံတွေ့ရလာနိုင်သည်။ စစ်တပ်အင်အားကြီးမားလာသည်နှင့်အမျှ နောက်ထပ် စစ်အာဏာသိမ်းမှူများလည်း ထပ်မံကြုံတွေ့လာနိုင်ပြန်ရာ စစ်အာဏာသိမ်းမှုနှင့်ပြည်တွင်းစစ်သည် မပြီးဆုံးနိုင်သော သံသရာစက်ကွင်းဖြစ်နေပေသည်။ ထို့ကြောင့် ပြည်တွင်းစစ်လက်ကျန်ဖြင့် ပြည်ထောင်စုတည်ဆောက်နေပါလျှင် နောက်ထပ်စစ်အာဏာသိမ်းမှုများအတွက် တံခါးဖွင့်ထားပေးသလိုဖြစ်နေသည်။ သို့သော်လည်း ပြည်တွင်းစစ်အဆုံးသတ်ဖို့အတွက် တိုင်းရင်းသားများနှင့်ဗမာများကြား ဘုံသဘောတူညီချက်ရဖို့အတွက် ခက်‌ခဲနေပြန်ရာ ပြည်တွင်းစစ်မှာ တော်ရုံအဆုံးသတ်နိုင်ဖို့မလွယ်။ ထို့ကြောင့် မရေရာမသေချာသော ပြည်ထောင်စုတစ်ခုကိုထပ်မံတည်ဆောက်နေပါမူ ထိုမြန်မာနိုင်ငံသည် အနာဂတ်မျိုးဆက်သစ်များအတွက် နောက်တစ်ကြိမ်မပြီးဆုံးနိုင်‌သော စစ်အာဏာသိမ်းမှုများ၊ သွေးထွက်သံယိုမှုများနှင့် အပျက်အစီးများကို လက်ဆင့်ကမ်းဖို့ပြင်ဆင်နေခြင်းသက်သက်သာဖြစ်နေပေလိမ့်မည်။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page