နောက်ထပ်ဖက်ဒရယ် မလိုချင်တော့ပေ (၁)
- Revolution 4.0
- Oct 24, 2021
- 2 min read

စာရေးသူဘ၀ မြန်မာပြည်နှင့်ပတ်သတ်၍အဖြစ်ချင်ဆုံးဆန္ဒမှာ တန်းတူညီမျှမှုရှိသော၊ ပြည်မတောင်တန်းမခွဲခြားသော၊ လူ့အဖွဲ့အစည်းအတွင်း ဟန်ချက်ညီညီစီးမျောနေသော တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်အရောင်အသွေးစုံလင်သောပြည်ထောင်စုကြီးတစ်ခုပင်ဖြစ်သည်။ သို့သော် စာရေးသူတို့ကြီးပြင်းခဲ့ရသည်မှာ အနှစ်သာရကင်းမဲ့စွာ စုတ်ပြတ်တွန့်ကြေ ပေါက်ပြဲနေသော ပြည်ထောင်စုအမြည်ခံ တစ်ပြည်ထောင်စနစ်ထဲ၌သာဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုဆိုသည့်အနှစ်သာရကို စာရေးသူတို့သာမက စာရေးသူတို့၏အဘိုးအဘွားများသည်ပါ တစ်ခါမှ မနေထိုင်ဘူး၊မကြုံဘူးခဲ့ကျပေ။ လွန်ခဲ့သောရာစုနှစ်နီးပါးတစ်လျှောက် ဗမာနိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များသည် ၎င်းတို့အားသန်ရာ အားသန်ရာ မြေပေါ်၊မြေအောက် နိုင်ငံရေးနည်းလမ်းမျိုးစုံကိုသုံး၍ ပြည်ထောင်စုစနစ်ကိုပုံဖော်ဖို့ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဖြစ်စဉ်နှင့်ဖြစ်ရပ်မှာ သမိုင်းထဲထပ်ခါ၊ ထပ်ခါ တဝဲလည်လည်ဖြစ်နေသည်။
ထိုနေရာတွင် မည်သည့်အဖွဲ့အစည်းက ပြည်ထောင်အစုအတွက် ပိုမိုတာ၀န်ခံသင့်သည့်ဆိုသည့်ကိစ္စကလည်း အငြင်းပွားဖွယ်ရာဖြစ်သည်။ အချို့က တိုင်းရင်းသားလူမျိုးများအားလုံးစုပေါင်း၍ တပ်ပေါင်းစုအနေဖြင့် ပြည်ထောင်စုနိုင်ငံရေးအတွက် ဦးဆောင်မှုပေးသင့်သည်ဟုဆိုသည်။ သို့သော် ထိုအရာမှာလက်တွေ့အရမဖြစ်နိုင်သော စိတ်ကူးယဉ်ဆန်နိုင်ငံရေးတစ်ရပ်ပင်ဖြစ်သည်။ မြန်မာပြည်တွင်ပေါ်ပေါက်သော တိုင်းရင်းသားပါတီအများစုမှာ လူမျိုးကိုသာအခြေခံသောပါတီအဖွဲ့အစည်းကများသည်။ ထိုထဲတွင် နောက်တစ်ဆင့်အနေဖြင့် ပြည်နယ်ကိုအခြေခံသည့်ပါတီကအတော်ပင်ရှားသည်။ ဥပမာ SNLDပါတီသည် ရှမ်းလူမျိုးများကိုသာမက ရှမ်းပြည်နယ်တစ်ခုလုံးကိုကိုယ်စားပြုနိုင်သော ထူးခြားသော တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်ကို ပြီးခဲ့သော ၂၀၁၅ ၂၀၂၀ရွေးကောက်ပွဲများကသက်သေပြပြီးဖြစ်သည်။ ထို့နောက် ရခိုင်ပြည်နယ်ကိုယ်စားပြု ANPပါတီ။ ထိုကဲ့သို့ပြည်နယ်ကိုယ်စားပြုပါတီများမှာ အလွန်ရှားသည်။ ထိုမှတစ်ဆင့် နောက်ဆုံးတွင် ပြည်ထောင်စုကို ကိုယ်စားပြုသောပါတီများဖြစ်ပေါ်လာသည်။ ယင်းကို အလွယ်ညွှန်းပါက NLDနှင့် ကြံ့ဖွတ်ဟုဆိုနိုင်သည်။ သို့သော်လည်း ယင်းတို့ကိုပြည်ထောင်စုပါတီဟုခေါ်ဆိုရခြင်းမှာ ပါတီထဲတွင် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များရှိနေသည့်အပြင်၊ ရွေးကောက်ခံနေရာများကို ပြည်နယ်ဒေသများထိ ယှဉ်ပြိုင်နိုင်သောကြောင့်သာဖြစ်သည်။ တစ်ကယ်တော့ ပါတီထဲတွင် တိုင်းရင်းသားများရှိနေရုံဖြင့် "ပြည်ထောင်စုပါတီ"၊ အစိုးရထဲ တိုင်းရင်းသားရှိနေရုံဖြင့် "ပြည်ထောင်စုအစိုးရ"ဟု မခေါ်ဆိုအပ်ပေ။ အတိအကျဆိုရသော် ပြည်ထောင်စုကိုကိုယ်စားပြုသည်မှာ ပြည်နယ်ယူနစ်များကို မည်မျှအကျိုးပြုနိုင်သည်ကသာ အဆုံးအဖြတ်ပေးနိုင်သည်။ သို့သော်လည်း မြန်မာပြည်တွင် ပါတီကြီးများခံယူထားသည်က ပါတီထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်ရှိယုံမျှဖြင့် ၎င်းတို့ကိုကိုယ်တိုင် "ပြည်ထောင်စုပါတီ"ဟုတံဆိပ်တပ်လိုက်ခြင်းမှာ အလွန်ပင် လွဲချော်လျက်ရှိသည်။ မြေပေါ်နိုင်ငံရေးပါတီပြီးသည့်နောက် မြေအောက်နိုင်ငံရေး လက်နက်ကိုင်လမ်းစဉ်တွင်လည်း ပြည်ထောင်စုအခြေခံသောလက်နက်ကိုင်အဖွဲ့မဆိုထားဘိ၊ ပြည်နယ်အခြေခံသည့် လက်နက်ကိုင်အဖွဲ့ဟူ၍လက်ညိုးထိုးဖို့ဆိုသည်မှာ အတော်ပင်နည်းပါးလှသည်။ ဥပမာအားဖြင့် ရှမ်းပြည်ကိုကြည့်သော် ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသည့်လက်နက်ကိုင်အဖွဲ့မှာ မည်သူနည်း။ RCSSလော၊ SSPPလော၊ TNLAလော၊ UWSPလော၊ MNDAAလော၊ ပြည်သူ့စစ်များလော၊ အတော်ပင်ရှုပ်ထွေးပွေလီသည့်အဖွဲ့များဖြစ်သည်။ ယင်းအဖွဲ့အစည်းများသည် ပြည်နယ်ကိုအခြေခံသည်မဟုတ်ပဲ၊ လူမျိုးကိုသာ အခြေခံသောအဖွဲ့များဖြစ်သည်။ ဤနေရာတွင် "ပြည်နယ်ကိုယ်စားပြု"ဟုပြောဆိုနေသည်မှာလည်း အကြောင်းမဲ့မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်ရှိ ပြည်နယ်များသည် လူမျိုးစုနာမည်များဖြင့် ပြည်နယ်နာမည်ချိတ်ဆွဲထားသော်လည်း ထိုဒေသတွင် ထိုလူမျိုးစုတစ်ခုကတည်းက နေထိုင်သည်မဟုတ်။ ဥပမာဆိုရသော် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများသာမက ပအို့၊ပလောင်၊ဓနု၊အင်းသား၊၀၊ယင်းနက်၊ကချင်လူမျိုးအများအပြားနေထိုင်ကြသည်။ ထိုနည်းတူ ကချင်ပြည်နယ်တွင်လည်း ကချင်လူမျိုးများတည်းမဟုတ် ရှမ်းနီ၊လီဆူး၊ရ၀မ်စသည့်တိုင်းရင်းသားများ၊ ရခိုင်ပြည်နယ်တွင်လည်း မြို၊သက် စသည့်လူမျိုးများ၊ ကယားပြည်နယ်တွင်လည်း ကယန်း၊ပဒေါင်စသည့်လူမျိုးများရောပြွမ်းနေထိုင်ကြသည်။ ထို့ကြောင့် မြန်မာပြည်သည် ပထဝီအ၀င်ရအရ လူမျိုးများပြန့်ကျဲနေထိုင်သော ပြည်နယ်များဖြစ် နေသည်။ လူမျိုးစုတစ်ခုသည် လူဦးရေအရရာခိုင်နှုန်းများပြားနိုင်သော်လည်း၊ နိုင်ငံရေးအရကိုယ်စားပြုမှုက ထိုပြည်နယ်တစ်ခုလုံးကိုမလွှမ်းခြုံနိုင်ပေ။ ထို့ကြောင့်လည်း "ပြည်နယ်ကိုယ်စားပြု" နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့ဟူ၍ ရည်ညွှန်းနေရခြင်းဖြစ်သည်။
မြေပေါ်၊မြေအောက် နိုင်ငံရေးလောကတွင် ပြည်နယ်ကိုယ်စားပြုတတ်သောအဖွဲ့များသည်ပင် အင်မတန်ရှားတတ်ပေရာ၊ ပြည်ထောင်စုကိုယ်စားပြုဟု ထပ်မံရှာဖွေပြီး ပြည်ထောင်စုအရေးအတွက် နိုင်ငံရေးအရ တာ၀န်ယူဦးဆောင်မှုပေးရသည်ဆိုသည်မှာ အင်မတန်ဖြစ်နိုင်ချေမရှိလှပါ။ ဤနေရာတွင် ငြင်းချက်ထုတ်နိုင်သည်က ဗမာများသည် မြန်မာပြည်တွင်လူဦးရေအရ ၆၀%ရှိသဖြင့် ဗမာများက ပြည်ထောင်စုအတွက် တာ၀န်ယူဦးဆောင်မှုပေးသင့်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် အတိတ်သင်ခန်းစားများကိုပြန်ကြည့်သော် ဗမာနိုင်ငံရေးသမားများအနေဖြင့် သူ့ချည်းသက်သက်ဦးဆောင်လိုက်သောအခါ ပြည်ထောင်စုလမ်းကြောင်းမှသွေဖယ်၍ တစ်ပြည်ထောင်စနစ်ဘက်သို့သာ ရောက်ရောက်သွားလေ့ရှိသည်။ ထိုအရာကိုကြည့်ခြင်းအားဖြင့် ဗမာနိုင်ငံရေးအင်အားစုများတွင် လူမျိုးကြီးဝါဒစိတ်အခံရှိနေသည်ဟုဆိုနိုင်သည်။
လွန်လေပြီးသောအတိတ်
မြန်မာပြည်သမိုင်းကိုပြန်ကြည့်ရသော် ပဒေသရာဇ်ခေတ်မှစ၍ ယနေ့အချိန်ထိ ပြည်ထောင်စုဟူ၍ အနှစ်သာရပိုင်းအားဖြင့် ပီပီပြင်ပြင်ပုံပေါ်ဖူးသည်ဟူ၍မရှိသည့်အပြင်၊ ပဒေသရာဇ်ဘုရင်များ၏ သူဦးသူသတ်၊ ကိုယ်ဦးကိုယ်သတ်စနစ်ဖြင့်သာ ရှင်သန်နေထိုင်ခဲ့ကြနေရာ မြန်မာပြည်သမိုင်းမှာ လွန်စွာသွေးညှီစော်နံ့လျက်ရှိသည်။ ဗမာလူမျိူးများ အများစုကိုးကားလေ့ရှိသည့် "ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်"ဆိုသည်မှာလည်း မည်သည့်အခါမျှ ပြည်ထောင်စုမဟုတ်ခဲ့ချေ။ ယင်းအချိန်ကာလများသည် ဗမာလူမျိုးစု ရှင်ဘုရင်များ၏ စစ်သွေးကြွကာလများပင်ဖြစ်သည်။ ၎င်းရှင်ဘုရင်များသည် တိုင်းပြည်ကို စုစည်းသည်ထက် ၎င်းတို့အာဏာစက်များပြန့်နှံ့အောင် စစ်မင်းမူခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းရင်းသားပဒေသရာဇ်များက မည်သည့်အခါမှ ဗမာအင်အားစုများနှင့် စိတ်တူကိုယ်တူပူးပေါင်းသည်ဟူ၍ မရှိခဲ့ကြ။ အားရင် အားသလို၊ လစ်ရင် လစ်သလို ဗမာလူမျိုးစုများအားနည်းသည့်အချိန်ကိုစောင့်၍ ပြန်လက်စားချေတတ်ကြလေ့ရှိသည်။ ထို့ကြောင့်လည်း သမိုင်းထဲတွင် ဗမာတွေတန်ခိုးထွားလာသောအခါ ဗမာကရှမ်းကိုသတ်၊ ရှမ်းကတန်ခိုးထွားလာပြန်လျှင်လည်း ရှမ်းက ဗမာကိုပြန်သတ်။ မွန်နဲ့ဗမာ၊ ရခိုင်နဲ့ဗမာလည်း ထိုနည်းတူစွာပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားနှင့်ဗမာများကြားဆက်ဆံရေးကိုပတ်သတ်၍ ပဒေသရာဇ်ခေတ်ကနေ ယနေ့အချိန်ထိ " They live together but they don't harmonize"ဟု နိုင်ငံရပ်ခြားပညာရှင်များက သုံးသပ်ကြသည်။ သဘောမှာ ဗမာနဲ့တိုင်းရင်းသားများ ဒီနိုင်ငံထဲတွင်အတူတကွနေခဲ့ကြသော်လည်း ၎င်းတို့မှာ မည်သည့်အခါမှ စိတ်လိုလက်ရ အဖွဲ့အစည်းများကြား စည်းချက်ညီညီလှုပ်ရှားခဲ့ခြင်းမရှိပေ။ မိဘများက မိမိသဘောမပါပဲ အတင်းလက်ထပ်ပေးစားကြသောအခါ အိမ်ထောင်ရေးအဆင်မပြေပဲ တကျိတ်ကျိတ်ရန်ဖြစ်နေခြင်းနှင့်တူသည်။ အတူနေရသော်လည်း မတတ်သာလွန်းလို့သာဖြစ်သည်။ မည်သည့်သည့်အခါမှ စိတ်အလိုကျမဖြစ်ခဲ့၊ အချိန်အခါတစ်ခုရောက်ရင်တော့ သူဦးသူချ ကိုယ်ဉီးကိုယ်ချဖြင့် အင်မတန်ထိလွယ် ကွဲလွယ်သော အိမ်ထောင်ရေးတစ်ရပ်ပင်ဖြစ်သည်။ ပဒေသရာဇ်မှ ယနေ့တိုင် ဗမာနှင့်တိုင်းရင်းသားများကြား လှပသော ပြည်ထောင်စုသမိုင်းဟူ၍မရှိခဲ့။ ဒီပြည်ထောင်စုသမိုင်းသည် အလွန်ပင်သွေးထွက်သံယိုမှုများ၊ ညစ်ပတ်စုတ်ပြတ်မှူများဖြင့် ပြည့်နှက်နေသော အကျည်းတန်သမိုင်းမှန်ချပ်များပင်ဖြစ်သည်။
မဝေးသောအတိတ်
ကိုလိုနီခေတ်လွန်သောအခါ ဗမာနိုင်ငံရေးသမားများနှင့်တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးသမားများကြား စစ်မှန်သောပြည်ထောင်စုတစ်ရပ်တည်ဆောက်ရန်အတွက် န်ုင်ငံရေးပဋိညာဏ်တစ်ရပ် နှစ်ဖက်သဘောတူရရှိလာခဲ့သည်။ ထိုအရာကား "ပင်လုံစာချုပ်"ပင်ဖြစ်သည်။ သို့သော် ဗမာအင်အားစုများဘက်မှ ကိုယ်စားပြုသော အမျိုးသားနိုင်ငံရေးခေါင်းဆောင် ဦးအောင်ဆန်းတစ်ယောက်ကွယ်လွန်သွားသောအခါ "ပင်လုံစာချုပ်"မှာ အတော်ပင်ရှုပ်ထွေးသောပြသာနာတစ်ရပ်ဖြစ်လာသည်။ အချို့ဗမာနိုင်ငံရေးသမားများမှာ ပင်လုံစာချုပ်ပါ အချက်အလက်များသည်ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် တိုင်းရင်းသားများအား လိုသည်ထက်ပိုအပ်၍လိုက်လျောလွန်းသည်ဟုဆိုကာ မကျေမနပ်ဖြစ်ကြသည်။ ထိုကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်အခါက ၎င်း၏နိုင်ငံရေးဩဇာဖြင့် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ၎င်းကွယ်လွန်သွားသောအခါ ယင်းကိစ္စများတဖန်ပြန်၍ခေတ်စားလာသည်။ ဗမာများအများစုသဘောမကျသည့်အချက်က ဆယ်နှစ်ပြည့်သောအခါ ရှမ်းပြည်နှင့်ကရင်နီပြည်ကို ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ တိုင်းရင်းသားများဘက်မှလည်း လွတ်လပ်ရေးရပြီးသည့်အခါ အတည်ပြုမည့် ၁၉၄၇အခြေခံဥပဒေသည် ပင်လုံစာချုပ်ကိုအခြေခံရေးဆွဲခဲ့သော်လည်း ဗမာကြီးစိုးရေးဝါဒကိုဦးတည်သည်ဟုဆိုကာ မကျေမနပ်ဖြစ်ကြပြန်သည်။ ထို့နောက် သမိုင်းထဲတွင် နောက်ထပ် သတိမထားမိသည့်အချက်မှာ တိုင်းရင်းသားလူမျိုးစုများကြား နိုင်ငံရေးအားပြိုင်မှုများရှိနေခြင်းဖြစ်သည်။ ဥပမာ ကရင်နီပြည်နယ်တွင် အနောက်ဘက်ကရင်နီပြည်နယ်၌သြဇာကြီးမားသည့် စပ်၀ဏ္ဏထွန်းက ဗမာလူမျိုးစုများနှင့်ပူးပေါင်းချင်သော်လည်း၊ အရှေ့ဘက်ကရင်နီပြည်နယ်စော်ဘွားများက ဗမာများနှင့်မပူးပေါင်းပဲ သီးခြားကရင်နီပြည်ကိုထူထောင်ချင်သည်။ ရှမ်းပြည်နယ်တွင်လည်း သီပေါစော်ဘွား၊မိုင်းပွန်စော်ဘွားများက ဗမာများနှင့်ပူးပေါင်း၍ ပြည်ထောင်စုထူထောင်ချင်သော်လည်း ကျိုင်းတုံစော်ဘွားနှင့်တခြားသော်စော်ဘွားများက သီးခြားရှမ်းနိုင်ငံထူထောင်လိုသည်။ ကရင်လူမျိူးစုတွင်လည်း မန်းဘခိုင်သည် ဗိုလ်ချုပ်နဲ့နီးစပ်သူဖြစ်၍ ဗမာနှင့်ပူးပေါင်း၍ လုံး၀လွတ်လပ်ရေးတောင်းဆိုသော်လည်း၊ စောဘဦးကြီးဦးဆောင်သည့် ကရင်ခေါင်းဆောင်များက အဂ်လိပ်အုပ်ချုပ်မှုအောက်၌ ဓနသျှဟာယအဖွဲ့၀င်နိုင်ငံအနေဖြင့်တစ်နှစ်နေထိုင်ပြီးမှသာ လုံး၀လွတ်လပ်ရေးကို ရယူဖို့တောင်းဆိုသည်။ ထိုကဲ့သို့အကွဲအပြဲများ တိုင်းရင်းသားလူမျိုးစုအတွင်းထဲ၌ ရှိနေသော်လည်း ထိုခေတ်က "လုံး၀လွတ်လပ်ရေးနှင့်ပြည်ထောင်စုသည်" အလွန်ပင်ခေတ်စားခဲ့သောကြောင့် ဗမာများနှင့်ပူးပေါင်းချင်သော တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးခေါင်းဆောင်များ အခွင့်သာခဲ့သည်။ သို့သော် ဗိုလ်ချုပ်နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များလုပ်ကြံခံလိုက်ရသောအခါ ပြည်ထောင်စုအိမ်မက်သည် တစ်ခါတည်းသင်းသတ်ပြီးသားဖြစ်သွားသည်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေပါလျှင်မူ သူကိုယ်တိုင်စခဲ့သည့်ပြည်ထောင်စုအတွက် ဗမာနှင့်တိုင်းရင်းသားများကြား သံသယကအယူအဆများကို အတော်ပင်ဖြေဖျောက်ပေးနိုင်ပါလိမ့်မည်။ အကယ်၍ ဗိုလ်ချုပ်လုပ်ကြံခံရသည့်တိုင် ဗိုလ်ချုပ်နှင့်အတူရှိခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင်များလုပ်ကြံမခံရရင်တောင် နှစ်ဖက်သံသယများကို နိုင်ငံရေးနည်းအရဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်စရာရှိသည်။ သို့သော် မြန်မာပြည်အတွက် ပြည်ထောင်စုဟူသည့်ကံ မထိုက်တန်ဟုသာဆိုရပေမည်။ ဗိုလ်ချုပ်နှင့်တိုင်းရင်းသားခေါင်ဆောင်များလုပ်ကြံခံရပြီးနောက် ဗမာနိုင်ငံရေးသမားများထဲတွင်လည်း ခပ်ကြမ်းကြမ်းတုံ့ပြန်မည့်သူများပေါ်လာသလို၊ တိုင်းရင်းသားနိုင်ငံရေးသမားများထဲတွင် ခပ်ကြမ်းကြမ်းဖြေရှင်းချင်သူများ အသာစီးရလာသည်။ ဤသို့ဖြင့် လွတ်လပ်ပြီးခါစမြန်မာပြည်သည် မြန်မာပြည်ကိုမည်သူအုပ်ချုပ်သင့်သနည်းဆိုသည့်ကိစ္စနှက့်ပတ်သတ်၍ ဖဆပလနှင့်ကွန်မြူနစ်များတိုက်ပွဲဖြစ်ပွားကြသလို၊ မြန်မာပြည်ကို မည်သို့တည်ဆောက်သင့်သနည်းဆိုသည့်ကိစ္စနှင့်ပတ်သတ်၍ ဖဆပလနှင့်တိုင်းရင်းသားများအကြား တိုက်ပွဲများဖြစ်ပွားလာပြီး အထွေထွေပြည်တွင်းစစ်ကြီးထဲသို့ ဆင်းသက်ခဲ့ရသည်။
အံ့ဩစရာကောင်းသည်က လွတ်လပ်ပြီးခါစခေတ်တွင် စစ်တပ်ဆိုသည့်အဖွဲ့အစည်းသည် မြန်မာပြည်တွင်နိုင်ငံရေးအမြင်လည်းမရှိခဲ့။ ဒါ့အပြင် ဖက်ဒရယ်အရေးနှင့် ပတ်သတ်၍သော်လည်းကောင်း၊ နိုင်ငံရေးအာဏာအတွက်သော်လည်းကောင်း စိတ်အားထက်သန်မှုမရှိခဲ့။ သို့သော် ၁၃၀၀ပြည့်အရေးတော်ပုံ၌ သန္ဓေတည်၍၊ ဖက်ဆစ်ဆန့်ကျင်ရေးခေတ်၌ မွေးဖွားခဲ့သော မြန်မာစစ်တပ်သည် ပြည်တွင်းစစ်ထဲ၌ အရွယ်ရောက်ကြီးပြင်းခဲ့ရသည်။ ကလေးငယ်တစ်ယောက်သည် နုနယ်စဉ်အခါက မကောင်းသောပတ်၀န်းကျင်၌ ကြမ်းတမ်းခက်ထန်စွာ ကြီးပြင်းလာခဲ့ရပါမူ ထိုကလေးအရွယ်ရောက်လာသောအခါ လူ့အဖွဲ့အစည်းအတွက် ဒုက္ခရောက်နိုင်သည်က ပို၍ဖြစ်နိုင်ချေများသည်။ ထို့အတူ ပြည်တွင်းစစ်ထဲ၌အရွယ်ရောက်ကြီးပြင်းခဲ့ရသော မြန်မာစစ်တပ်အား ပြည်သူအချင်းချင်းသတ်ရဲဖြတ်ရဲအောင်၊ ကြမ်းတမ်းခက်ထန်ရိုင်းစိုင်းလာအောင် သင်ကြားပေးလိုက်သည်မှာ လွတ်လပ်ပြီးခါစ ပြည်တွင်းစစ်ကြီးပင်ဖြစ်သည်။
Comentarios