top of page

ပြင်ပသက်ရောက်မှုများ

  • Writer: Revolution 4.0
    Revolution 4.0
  • Sep 18, 2021
  • 3 min read

မဆလလမ်းစဉ်ခေတ်ကနေ စစ်အာဏာရှင်ခေတ်အဆက်ဆက်ထိ သုံးလာတဲ့ စကားတစ်ခွန်းရှိတယ် အဲ့တာက "ပြည်ပအားကိုး ပုဆိန်ရိုး"တို့၊ "ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသည်"တို့။ အဲ့စကားတွေရဲ့ ဆိုလိုရင်းကတော့ တိုင်းပြည်အပြင်ဘက်က လူတွေဟာ ရန်သူတွေ၊ တိုင်းပြည်ရဲ့ အမှန်တစ်ကယ်အပြောင်းအလဲကို လုပ်နိုင်တာကပြည်တွင်းကဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်။ အဲ့အဓိပ္ပာယ်ဟာ မမှန်ဘူးလားဆိုရင် အတိုင်းအတာ တစ်ခုထိတော့ သူ့ဟာနဲ့သူမှန်တယ်၊ ဒါပေမဲ့ ပြည်တွင်းမှာအပြောင်းအလဲဖြစ်ဖို့ဆိုရင် ပြင်ပကလူတွေရဲ့ သက်ရောက်မှုကလည်း ဒီနေ့လိုခေတ်မျိုးမှာ အများကြီးအရေးကြီးတယ်။ အခုလိုမျိုး Radicalလေထုတွေအသာစီးရနေတဲ့အချိန် တစ်နည်းအားဖြင့် လက်နက်ကိုင်လမ်းစဉ်က လူထုကြားထဲမှာ အလွန်အင်မတန်အားကောင်းနေတဲ့အချိန်မျိုးမှာ ပြင်ပနိုင်ငံတွေရဲ့ရပ်တည်ချက်နဲ့သဘောထားက ပိုလို့တောင်အရေးပါလာပါသေးတယ်။


ဒီတော့ UNရဲ့ အသိအမှတ်ပြုမှုမှာ NUGဟာ နေရာမရပဲ၊ စကစသာနေရာရသွားရင် ပြည်သူတွေအနေနဲ့ ပြင်ပနိုင်ငံကအကူအညီတွေကို မျှော်လင့်မနေကြဖို့နဲ့ UNအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်း‌တွေကို အဆိုးမြင်ရှုမြင်ကြဖို့ဆိုတဲ့ အတွေးအခေါ်က ပြန်လည်ခေတ်စားလာပါတယ်။ အဲ့တာနဲ့အတူ "ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိသည်"ဆိုတဲ့ မဆလနဲ့ စစ်အာဏာရှင်တွေရဲ့ အယူအဆတွေက တစ်ဖန်ပြန်အားကောင်းလာတယ်။ NUGရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်သည် ပြင်ပနိုင်ငံများကို အားကိုး၍မရလို့ ပြတ်ပြတ်သားသားပြောဆိုထားတဲ့အတွက် နိုင်ငံတကာရဲ့ရပ်တည်ချက်အပေါ် NUGအနေနဲ့ အတော်လေးကိုစိတ်ပျက်နေတယ်ဆိုတာကလည်း ထင်သာမြင်သာရှိလှပါတယ်။ မတ်လလောက်ကတည်းက ပိုစ့်တွေတော်တော်များများမှာလည်း ရေးခဲ့ဖူးပါတယ်။ တစ်ကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အပြောင်းအလဲက ပြည်တွင်းကနေလာတယ်၊ အဲ့ဒီပြည်တွင်းကအပြောင်းအလဲကိုကြည့်ပြီး ပြင်ပကနိုင်ငံတွေကပါ လိုက်ပါပြောင်းလဲတယ်ဆိုတဲ့ သဘောတရားပါ။ ဒီသဘောတရားဟာ ပြည်တွင်းအင်အားစုတွေကိုရှေ့တန်းတင်ပြီး ပြည်ပအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့ပါ။ ပြည်ပအင်အားစုတွေကို လုံး၀လက်လွှတ်ချလိုက်တဲ့အနေအထားမျိုးမဟုတ်ဘူး။ အပြောင်းအလဲသည် ပြည်တွင်းကလာတယ်ဆိုသော်လည်း အဲ့ဒီအပြောင်းအလဲကို အဆင်ပြေပြေဖြစ်ဖို့နဲ့ အထိအခိုက်နည်းဖို့က ပြည်ပနိုင်ငံတွေရဲ့ ဖေးမကူညီမှုတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ သက်ဆိုင်ရာပြည်တွင်းအင်အားစုတွေ အားကောင်းဖို့အတွက် ပြည်ပက အကူအညီတွေဟာ အတိုင်းအတာတစ်ခုထိလလိုအပ်နေတုန်းပါ။ အခုလိုမျိုး လက်နက်ကိုင်လမ်းစဉ်မှာ ပြင်ပအကူအညီတွေက အများမျှော်မှန်းထားတာထက် အဆအင်မတန် အများကြီးလိုအပ်ပါတယ်။


ဒီတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကနေ ရရှိနိုင်မယ့် အကူအညီတွေကို လက်တွေ့ကျကျ ယထာဘူတာကျကျခွဲခြမ်းလို့ရပါတယ်။ အဲ့တာတွေကတော့

- နိုင်ငံတကာပိတ်ဆို့မှုဆိုတဲ့ ဆန်ရှင်

- အခုလက်ရှိမှာ မပြီးပြတ်သေးတဲ့ ICJလမ်းကြောင်းနဲ့ နောက်ထပ်အသစ်အဖြစ် ထပ်မံတရားစွဲမယ့် ICCလမ်းကြောင်း၊

- နောက်တစ်ခုက နိုင်ငံတကာအသိုင်းဝိုင်းမှ စကစကို Legatimicyအားနည်းအောင်ပြုလုပ်ခြင်းတို့ပဲ ဖြစ်တယ်။


ဒီအကူအညီတွေဟာ မြန်မာပြည်အတွက် ဘယ်လောက်ထိရောက်နိုင်မယ်ဆိုတာကလည်း အတော်စိတ်၀င်စားစရာကောင်းပါတယ်။ ပထမဆုံးအနေနဲ့က နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုလို့ခေါ်တဲ့ ဆန်ရှင်။ ဆန်ရှင်ကိစ္စတွေက အခုမှမြန်မာပြည်အတွက် အထူးတလည်ပေါ်ပေါက်လာတာတော့မဟုတ်ဘူး။ ၈၈ပြီးကတည်းက အနောက်နိုင်ငံတွေက မြန်မာအပေါ်ဆန်ရှင်တွေ အကြီးအကျယ်ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေက ဆန်ရှင်တွေကြားကနေ ပြည်သူအသက်မဆက်နိုင်ရင်တောင် သူတို့အသက်ဆက်ရှင်နိုင်အောင်လို့ တရုတ်နဲ့အာဆီယံနိုင်ငံတွေအကူအညီနဲ့ ထွက်ပေါက်ရှာနိုင်ခဲ့တယ်။ မြန်မာပြည်ရဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအများစုကို ပြန်ကြည့်ရင်လည်း တရုတ်ကထိပ်ဆုံးမှာရှိနေတဲ့အပြင်သူ့အနောက်ကလိုက်တာက အာဆီယံအဖွဲ့၀င်နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ထိုင်း၊ ဗီယက်နမ်တို့ပါ။ ၈၈ကာလနောက်ပိုင်းရောက်တော့ အနောက်အုပ်စုရဲ့ပိတ်ဆို့အရေးမှုနဲ့ပတ်သတ်ပြီး ဆရာကြီးမောင်စူးစမ်းက အခုလို ဝေဖန်ခဲ့ဖူးတယ် "ခင်ဗျားတို့ အနောက်နိုင်ငံတွေ အခုလိုအရမ်းကြီးစွတ်မပိတ်နေနဲ့ဗျ၊ အဲ့လိုသာလုပ်နေရင် စစ်တပ်ကို တရုတ်နဲ့ပဲနီးစပ်သွားအောင် တဖက်သတ်တွန်းပို့နေသလိုဖြစ်လိမ့်မယ်"ဆိုပြီး။ ဆရာကြီးရဲ့ဝေဖန်ချက်ကတော့ ရှင်းပါတယ်။ မြန်မာပြည်ကို အခုလိုဘက်ပေါင်းစုံကနေ ဝိုင်း၀န်းပိတ်ဆို့ရေးကိစ္စမှာ မြန်မာပြည်ရဲ့ရင်းနှီးမြှပ်နှံမှုအများဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့အာဆီယံနိုင်ငံတွေသာမပါ၀င်ဘူးဆိုရင် ပြည်သူဟာ ငတ်သထက်ငတ်နေပေမယ့်၊ စစ်တပ်ကတော့ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့၊ထိုင်းတို့နဲ့ပေါင်းစားပြီး အသက်ဆက်ရှင်နိုင်မယ့် အခြေနေလို့ ဝေဖန်ထောက်ပြခဲ့တာ။ ဒါကြောင့် မြန်မာပြည်ပေါ်အနောက်အုပ်စုကချမှတ်တဲ့ ဆန်ရှင်ဟာ တစ်ကယ်ထိရောက်၊မထိရောက်ဆိုတာက တရုတ်နဲ့အာဆီယံနိုင်ငံတွေ ဘယ်လောက်ထိပူးပေါင်းပါ၀င်မှုရှိသလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အခု ၂၀၂၁ခုနှစ်အာဏာသိမ်းမှုမှာလည်း အနောက်အုပ်စုအနေနဲ့ စစ်တပ်ပိုင်အကျိုးစီးပွားတွေကို ဆန်ရှင်ထပ်ချပါတယ်။ ဒီတစ်ခါမှာတော့ အရင်၈၈ကာလလိုမျိုး မြန်မာပြည်သူတွေမနစ်နာအောင် စီးပွားရေးလုပ်ငန်း အားလုံးကိုပိတ်ပစ်တာထက်စာရင်၊ စစ်အာဏာရှင်အကျိူးစီးပွားတွေကိုသာ ဦးစားပေးတဲ့ Targeted Sanctionsကိုပဲလုပ်ဆောင်မယ်လို့ ဖော်ပြခဲ့ကြပါတယ်။ သို့သော် စစ်အာဏာရှင်တွေ ဝယ်ယူသုံးစွဲနေတဲ့ သန်းနဲ့ချီတဲ့ လေယာဉ်ပျံကြီးတွေ၀ယ်ဖို့ ငွေရင်းငွေစုဟာ တရုတ်ပရောပျက်ကြီးတွေ၊ ထိုင်းနဲ့ပူးတွဲဖက်စပ်လုပ်တဲ့ သဘာ၀‌တွင်းထွက်လုပ်ငန်းတွေက နေရတဲ့ပိုက်ဆံတွေပါ။ တစ်ကယ်လို့ အနောက်အုပ်စုအနေနဲ့ အရေးယူပိတ်ဆို့‌မှုတွေကို တရုတ်၊အာဆီယံနိုင်ငံတို့နဲ့သာ ပူးပေါင်းဆောင်ရွက်မှုမလုပ်နိုင်ဘူးဆိုရင် ဒီလိုပိတ်ဆို့မှုတွေဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလိုပဲ ဖြစ်နေပါလိမ့်မယ်။


နောက်တစ်ခုကတာ့ ICJ/ICC လမ်းကြောင်းကပါ။ အဲ့တာကတော့ မအလနဲ့သူ့အပေါင်းအပါတွေကို နိုင်ငံတကာခုံရုံးတွေမှာ စွဲချက်တင် အပြစ်ပေးနိုင်ဖို့ပါ။ အဲ့လမ်းကြောင်းကတော့ အောင်မြင်နိုင် မအောင်မြင်နိုင်က ၅၀ ၅၀ပါပဲ။ တစ်ကယ်လို့ အောင်မြင်မယ်ဆိုရင်တောင် အဲ့အချိန်ကာလဟာ အတော်ကိုကြာသွားပါလိမ့်မယ်။ ဘာလို့ဆို အခုလက်ရှိ မအလတို့တရားစွဲဆိုရင်ဆိုင်နေရတဲ့ လူမျိုးတုန်းသတ်ဖြစ်မှုခေါင်းစဉ်နဲ့ပဲ အရင်တုန်းက ICJမှာ အမှုရှိခဲ့ပါတယ်။ အဲ့တာက ဘော့စနီးယားနဲ့ ဟာစေကိုဗေးနီးယားတို့ရဲ့အမှုဖြစ်ပြီး ၁၀နှစ်ကျော် ၁၅နှစ်နီးပါးလောက်ကြာမှ အမိန့်ပေးပြစ်ဒဏ်ကျခံခဲ့ရတာပါ။ ဒီလောက်အချိန်ကြာရတာကလည်း သူ့နည်းသူဟန်နဲ့ကြည့်ရင်တော့ သဘာ၀ကျတယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့ဆို ကြားလမှာ တစ်နှစ်တစ်ခါ အစီရင်ခံစာတွေ၊ အမှုကိုခိုင်မာသည်ထက်ခိုင်မာအောင် သက်သေစုဆောင်းမှုတွေလုပ်ရတာကြောင့် အချိန်အတော်ယူရတဲ့သဘောပါ။ ဒါကြောင့် အမှုရဲ့တရားခွင်က အပြီးသတ် စစ်ဆေးနိုင်ဖို့ ၁၅နှစ်လောက်အချိန်ယူရတဲ့သဘောပါ။ တစ်ကယ်လို့ မအလနဲ့အပေါင်းအပါစစ်ခေါင်းဆောင်တွေမှာ အပြစ်ရှိတယ်လို့ တရားရုံးကအမိန့်ချရင်တောင် အဲ့ဒီဆုံးဖြတ်ချက်အပေါ် ဘယ်လိုရပ်တည်မလဲဆိုတဲ့ တရုတ်နဲ့ရှရှားတို့ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ စစ်တပ်အပေါ်အရေးယူမှုဖြစ်တဲ့ ICJ/ICCလမ်းကြောင်းဟာ အောင်မြင်သွားရင်တောင် အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်ပြီး၊ အဲ့ဒီဆုံးဖြတ်အပေါ် တရုတ်နဲ့ရှရှားတို့အနေနဲ့ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးနိုင်မလားဆိုတာကလည်း အထူးစိတ်၀င်စားစရာပါ။


နောက်တစ်ခုကတော့ Legatimicyအပိုင်းပါ။ အဲ့တာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ စကစကို လူရာမ၀င်အောင် သံတမန်နည်းအရချိုးနှိမ်ထားခြင်းပဲဖြစ်တယ်။ ဒီနည်းလမ်းကတော့ မြန်မာပြည်အတွက် အများကြီးမထိရောက်ဘူးဆိုရင်တောင် အခြေအနေတွေ ဒီထက်ပိုဆိုးမသွားအောင်တော့ တစ်စုံတစ်ရာ အကာအကွယ်ပေးပါလိမ့်မည်။ ထူးထူးခြားခြား သံတမန်လောကမှာ မြန်မာအတွက် တရုတ်နဲ့မေရိကန်‌တို့ အပေးယူလုပ်နိုင်ခဲ့တဲ့ကိစ္စဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒီအပေးအယူကို အဆိုးဘက်ကကြည့်ရင်တော့ ဦးကျော်မိုးထွန်းဟာ သံတမန်တစ်ယောက်ဖြစ်နေသော်လည်း အစည်းအဝေးတွေမှာ စကားပြောခွင့်မရခြင်းဟာ သံတမန်ယောင်ဆောင်ထားတဲ့ လေ့လာသူအဆင့်လောက်ကို လျှောကျသွားတယ်လို့ပြောနိုင်တယ်။ တစ်နည်းအားဖြင့် မြန်မာပြည်သူတွေကို ကုလသမဂ္ဂစားပွဲ၀ိုင်းပေါ်ကမောင်းမထုတ်ပေမယ့် အသံထွက်လို့မရအောင်တော့ ‌ပါးစပ်ပိတ်ထားတာနဲ့တူပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကကြည့်ရင်တော့ အရင်ခေတ်တွေတုန်းက စကစဟာ ဒီအခြေနေလောက်ဆို တရုတ်အကူအညီ၊ အာဆီယံအကူအညီနဲ့ နိုင်ငံတကာသံတမန်လောကကို အာဏာထပ်သိမ်းပြီးနေပါပြီ။ အရင်တုန်းက စစ်တပ်ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတွေတောင် "ငါဟာ မြန်မာစစ်တပ်ဘက်က ရပ်တည်တယ်ကွ"လို့ အခုချိန်မှာ လူလုံးထုတ်မပြရဲကြတော့ဘူး။ ဒါကြောင့် သံတမန်အရေးမှာ စကစ‌ထက်တော့ မြန်မာပြည်သူတွေဟာ ပိုအရေးသာနေတယ်လို့ပြောတာပါ။ ဒီကိစ္စဟာ သာမန်ကြည့်ရင် ဘာမှမထိရောက်လောက်ဘူးဆိုပေမယ့် ကိုယ့်ကိုကိုယ် အုပ်ချုပ်ရေးမှုးလို့အတင်းကြေညာပြီး အုပ်ချုပ်နေပေမယ့် ရပ်ကွက်ထဲကလူတွေရော၊ရပ်ကွက်နားကလူတွေရော၊သမာသမတ်ကျတယ်လို့အများကသတ်မှတ်ထားတဲ့လူတွေရဲ့ အသိအမှတ်ပြုခံရမှုကိုမရတဲ့အခါ အဲ့အဖွဲ့အစည်းဟာ ဘယ်လောက်ထိ အထီးကျန်ဆန်၊မျက်နှာငယ်၊လူတော်မတိုးရဲတဲ့ အဖြစ်ကိုတွေးကြည့်လိုက်ပါ။ ဒီအခြေအနေဟာ တိုင်းပြည်အနေ၊ နိုင်ငံရေးအနေနဲ့ကြည့်ရင် တစ်ချိန်မဟုတ် တစ်ချိန် စကစ‌အတွက် အကျပ်ရိုက်လာနိုင်တယ်။


ဒီအပေါ်‌မှာပြောခဲ့တဲ့အအချက်တွေက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUGအစိုးရကို လက်တွေ့ကျကျကူညီနိုင်မယ့် တရား၀င်ကူညီ‌တွေပါ။ ဒါပေမဲ့ တရားမ၀င်ရလာနိုင်တဲ့အကူအညီတွေလည်းရှိနိုင်ပါသေးတယ်။ တရား၀င်အကူအညီ‌ကိုတော့ UN EU စတဲ့စု‌ပေါင်းအဖွဲ့အစည်းတွေကနေရရှိနိုင်ပြီး၊ တရားမ၀င်အကူအညီကိုတော့ နိုင်ငံတစ်နိုင်ငံချင်းစီကပဲရရှိပါလိမ့်မယ်။ ဒါကတော့ မေရိကန်က ပေးတဲ့အကူအညီ၊ ဒါကတော့ UKကပေးတဲ့အကူအညီ စသဖြင့်။ တရားမ၀င် သို့မဟုတ် လူလုံးထုတ်မပြရဲတဲ့အကူအညီတွေကထဲမှာ ဖြစ်နိုင်ချေအရှိဆုံးကတော့ ဘဏ္ဍာရေးအကူအညီနဲ့ လက်နက်ခဲယမ်းအကူအညီပါ။ အဲ့ဒီမှာမှ ဘဏ္ဍာရေးအကူအညီကိုတော့ ခေါင်းစဉ်အမျိုးမျိူးနဲ့ ရောက်လာနိုင်ပါတယ် ဥပမာ "လူသားချင်းဆိုင်ရာစာနာမှု"တို့၊ "ပြန်လည်ထူထောင်ရေး"တို့ စသဖြင့်။ ဘယ်နိုင်ငံမှတော့ NUGသုံးဖို့၊စွဲဖို့ ပေးအပ်တယ်လို့ပြောမှာမဟုတ်ပါဘူး။ ဒါကြောင့် တရားမ၀င်အကူအညီလို့ ခေါ်တာပါ။


နောက်တစ်ခုကတော့ လက်နက်ခဲယမ်းအကူအညီပါ။ အဲ့အကူအညီကတော့ ဖြစ်တန်၏၊ မဖြစ်တန်၏ပေါ်ကနေ သေချာစဉ်းစားသုံးသပ်ရမယ့်အချက်ပဲဖြစ်ပါတယ်။ အဓိကအားဖြင့် လက်နက်ဆိုတာက နိုင်ငံတကာမှာ ပိုက်ဆံရှိတိုင်း၀ယ်လို့ရတဲ့ ဈေးကွက်ပစ္စည်းတစ်ခုတော့မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ လက်နက်မှောင်ခိုဈေးကွက်အများစုကို CIA‌ ထောက်လှမ်းရေး၊ မော်စကိုထောက်လှမ်းရေး၊ တရုတ်ထောက်လှမ်းရေး စသဖြင့် ထောက်လှမ်းရေးအဖွဲ့အစည်းတွေအများစုက တရားမ၀င်နည်းနဲ့ တနည်းတဖုံပတ်သတ်ပြီး ချုပ်ကိုင်ထားကြပါတယ်။ ဒါကြောင့် လက်နက်မှောင်ခိုဈေးကွက်ဟာ ပိုက်ဆံတွေပုံအောပြီးရှိရင်တောင်မှ လွယ်လွယ်၀ယ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။ နောက်တစ်ခုက လက်နက်ကို ပေါပေါသောသောရနိုင်ခြင်း၊ မရနိုင်ခြင်းပါ။ ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးခေတ်တုန်းကတော့ ပီကင်းနဲ့မော်စကိုမှာ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ လက်နက်တွေဒရဟော၀င်လာကြတဲ့ခေတ်ပါ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲ့အခြေအနေတွေရှိမနေပါဘူး။ သို့သော် ဆီးရီးယားတို့၊ အာဖဂန်တို့မှာကျ မေရိကန်တွေ၀င်ရောက်တပ်စွဲခဲ့တာကြောင့် လက်နက်တွေလွယ်လွယ်ကူကူရခဲ့ပါတယ်။ ဒီတော့ မေရိကန်တပ်တွေ မြန်မာ့မြေပေါ်တပ်စွဲလာနိုင်သလားမေးရင်တော့ ဘိုင်ဒန်ကြီးအသက်ပြန်ငယ်သွားရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ NUGအနေနဲ့ ဘာအစီအစဉ်တွေရှိမှန်းမသိနိုင်ပေမယ့်၊ ဒီတိုင်းသမာရိုးကျအမြင်နဲ့ကြည့်ရင်တော့ နိုင်ငံတကာကနေ လက်နက်အကူအညီရနိုင်ဖို့ကတော့ ဖြစ်နိင်ချေနည်းပါတယ်။


ဒါတွေဟာ နိုင်ငံတကာကနေ ကူနိုင်မယ့်အကူအညီတွေနဲ့ ဖြစ်တန်ချေပါ။ သို့သော်လည်း မြန်မာပြည်သူတွေအတွက်ကတော့ အစပိုင်းမှာ နိုင်ငံတကာကိုပြင်းပြင်းထန်ထန်မျှော်လင့်ခဲ့သော်လည်း အခုချိန်မှာတော့ "ပြည့်အင်အားသည် ပြည်တွင်း၌သာ"ရှိသည်ဆိုတဲ့အတွေးအခေါ်က ပိုပြီးအသာစီးရလာပါတယ်။ ရှင်းရှင်းပြောရရင်တော့ နိုင်ငံတကာအကူအညီတွေက အရေးမကြီးတော့ဘူး၊ မလိုအပ်တော့ဘူး၊ ငါတို့ဘာသာတည်ဆောက်ပြမယ်ဆိုတဲ့ အယူအဆပါ။ သို့သော်လည်း မြန်မာပြည်သူတွေအနေနဲ့ ရွေးချယ်ထားတဲ့လမ်းကြောင်းက ကြမ်းတမ်းခက်ထန်တဲ့ လက်နက်ကိုင်လမ်းစဉ်ဖြစ်တဲ့အတွက်ကြောင့် လက်တွေ့သဘောအရ နိုင်ငံတကာ အကူအညီတွေက ပိုလို့တောင်အရေးကြီးပါတယ် (စစ်တပ်က လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်ထဲ တွန်းချခဲ့) ။ သေချာအောင်ပြောရရင် နိုင်ငံတကာအကူအညီကို လုံး၀လျစ်လျူရှုလို့ မရတဲ့အခြေအနေပါ။

ခေတ်အဆက်ဆက်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲတွေကိုပြန်ကြည့်ရရင် အဲ့ဒီတိုက်ပွဲတွေရဲ့လှုပ်ရှားမှုတွေမှာ နောက်ကွယ်ကနေအင်အားကြီးနိုင်ငံတစ်နိုင်ငံက ပံ့ပိုးကူညီလေ့ရှိတာ သွားတွေ့ရတယ်။ လက်နက်ကိုင်လမ်းစဉ်အတွက် နိုင်ငံခြားအကူအညီတွေဟာ ဘယ်လောက်ထိအရေးပါ ထိရောက်သလဲဆိုတာ သမိုင်းဖြစ်စဉ်များကို ပြန်ကြည့်လို့ရပါတယ်။ မေရိကန်တွေရဲ့လွတ်လပ်ရေးတိုက်ပွဲမှာ ပြင်သစ်တွေက လက်နက်တွေအများကြီးကူညီပေးခဲ့တာဖြစ်သလို၊ ဘော်ရှီဗစ်ပါတီက ရရှားတော်လှန်ရေးအောင်မြင်ဖို့အတွက် ဂျာမန်အစိုးရနဲ့ သဘောတူညီမှုလုပ်ပြီး ရရှားကို ပထမကမ္ဘာစစ်ကြီးထဲကဆွဲထုတ်ခဲ့တယ်။ တစ်ခါ ကိုရီးယားစစ်ပွဲမှာလည်း တောင်ကိုရီးယားကို မေရိကန်ကကူညီပြီး၊ မြောက်ကိုရီးယားကို ဆိုဗီယက်တို့ကကူညီပေးခဲ့ပြန်ပါတယ်။ တစ်ခါဗီယက်နမ်စစ်ပွဲမှာလည်း တရုတ်တို့က လက်နက်သန်းနဲ့ချီပြီး မြောက်ဗီယက်နမ်ကိုကူညီခဲ့တယ်။ တာလီဘန်တွေဟာ ပါကစ္စတန်ဆီကလက်နက်တွေအများအပြားရခဲ့သလို၊ ဆီးရီးယားပြည်သူတွေကလည်း မေရိကန် CIAဆီက လက်နက်အကူအညီရခဲ့တာပါ။ နောက်ဆုံး မြန်မာပြည်မှာ မဆလအစိုးရကို တစ်ချိန်လုံး တော်လှန်လာခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၆၇ လောက်တုန်းက ပဲခူးရိုးမဌာနချုပ်ကျသွားခဲ့ပေမယ့်၊ အဲ့ဒီ ၁၉၆၇နောက်ပိုင်း ဗကပတွေ တရုတ်ကွန်မြူနစ်ပါတီဆီက လက်နက်အကူအညီအများကြီးရခဲ့တဲ့အခါ နော်ဆိုင်းဦးဆောင်တဲ့ ဗကပတပ်တွေဟာ ရှမ်းမြောက်ကနေ လက်နက်ကြီးပစ်ကူအများအပြားနဲ့ ၀င်ရောက်လာခဲ့ပြီး ဗမာစစ်တပ်ကို မုန်းကိုးမြို့ သံလွင်မြစ်အနောက်ဘက်ခြမ်းအထိ မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုသမိုင်းအဖြစ်အပျက်တွေကိုပြန်ကြည့်ရင် လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ပနိုင်ငံတွေရဲ့အကူအညီဟာ အများကြီးအရေးပါတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီနေရာမှာတစ်ချို့ပြောကြတာက မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအများကြီးရှိကြတာမို့ နိုင်ငံခြားက အကူအညီမပေးလည်း အဆင်ပြေလိမ့်ဆိုတာ။ ဒါပေမဲ့ စစ်ပွဲမှာပစ်တဲ့ ကျည်ဆန်တွေ၊အမြှောက်တွေက တွင်းထွက်ပစ္စည်းတွေမထုတ်သလို၊ စစ်တပ်လိုမျိုး ကပစ စက်ရုံတွေရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း KIAနဲ့ UWSAလောက်ပဲရှိပါတယ်။ တိုင်းရင်းသားဒေသက လက်နက်စက်ရုံတွေကလည်း လျှို့ဝှက်ချက်အရ ဘာလက်နက်တွေထုတ်လုပ်နိုင်သလဲ အသေအချာမသိရပေမယ့်၊ နိုင်ငံတကာ ထောက်လှမ်းရေးသတင်းစာတွေပြောစကားအရတော့ တိုက်ပွဲ၀င်လက်နက်ငယ်အမျိုးအစားကိုပဲ ထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် တစ်ကယ်လို့ တပြည်လုံးအတိုင်းအတာအနေနဲ့ ထိုးစစ်ကြီးစရင်တောင် တိုက်ပွဲကြာလာရင် လက်နက်ခဲယမ်းသုံးစွဲမှုက အကန့်အသတ်ဖြစ်လာမှာပါ။ အဲ့ဒီကိစ္စကို KNU တပ်မဟာ ၅ရဲ့ ဗဒိုမန်းမန်းက "နိုင်ငံတကာက လက်နက်ခဲယမ်းအကူအညီတွေရရင် ကျွန်တော်တို့ အချိန်တိုအတွင်း အဆုံးသတ်လို့ ရပါတယ်လို့" အင်တာဗျုးတစ်ခုမှာဖြေခဲ့ပါတယ်။ဒီ့အတွက် တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ ရှေရှည်တိုက်ပွဲဖြစ်သွားရင်တော့ လက်နက်ခဲယမ်းက အကန့်အသတ်ရှိသွားပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ တရား၀င် အကူအညီ၊ တရားမ၀င် အကူအညီတွေက မြန်မာနိုင်ငံအတွက်‌အရေးပါနေဆဲပါ။


ယနေ့လို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ နိုင်ငံတစ်နိုင်ငံဟာ အထီးကျန်နိုင်ငံတစ်ခုအဖြစ် အသက်ရှင်နေထိုင်ဖို့ လုံး၀မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံတစ်ခုဟာ နိုင်ငံတကာရဲ့ စည်းမျဉ်း၊ဥပဒေသတွေထဲမှာ လူရာ၀င်ဆံဖို့နဲ့ နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းထဲမှာ ဆေးဖော်ကြော‌ဖက်အလုပ်ခံရဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ ပြည်တွင်းအစီအမံတွေကို ပြင်ပက အကူအညီတွေ၊ အရင်းအနှီးတွေနဲ့ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်မှာသာဖြစ်တယ်။ "ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသည်" ၊ "ပြည်သူသာ အရေးကြီးဆုံး"ဟုဆိုပေမယ့် အဲ့ဒီပြည်သူအနောက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေသာကပ်ပါမလာရင် မြန်မာပြည်ရဲ့အပြောင်းအလဲတွေဟာ ထင်ထားတာထက်ပိုကြာသွားနိုင်သလို၊ ပြည်သူတွေအနေနဲ့လည်း ဒီ့ထက်ကြေးကြီးကြီး ပေးဆပ်ရဖို့ရှိနေပါတယ်။ဒါ့အပြင် လျှောက်လှမ်းနေတဲ့လမ်းကလည်း လက်နက်ကိုင်လမ်းစဉ်ဖြစ်တဲ့အတွက်ကြောင့် ‌ဘ၀တွေ၊အသက်တွေကို သေနတ်ပြောင်း၀မှာ ချနင်းပြီး ‌ရင်းရမှာ အတော်ကိုအလျော်အစားကြီးပါလိမ့်မယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ နိုင်ငံတကာရဲ့အကူအညီတွေကို အချိန်တိုင်းလိုအပ်နေပါလိမ့်မယ်။ ဒါမှသာ ဒီအဖြစ်အပျက်တစ်ခုလုံးကြီးဟာ ထိခိုက်မှုအနည်းဆုံး၊ သွေးထွက်သံယိုမှုအနည်းဆုံး၊ ဆုံးရှုံးမှုအနည်းဆုံးနဲ့ မြန်မြန်အဆုံးသတ်သွားနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ အတော်ကိုပျက်စီးယိုယွင်းနေတဲ့ ကြမ်းတမ်းခက်ထန်တဲ့ခေတ်ကြီးတစ်ခေတ်ကို အချိန်ကြာမြင့်စွာ ဖြတ်သန်းရပါလိမ့်အုံးမယ်။ နောက်ဆုံးတစ်ခုကတော့ မြန်မာပြည်အတွက် နိုင်ငံတကာအကူအညီတွေ ထိထိရောက်ရောက်ရမလာခဲ့ရင်တောင် နိုင်ငံတကာကို စကစဘက်အရေးပါမသွားရင် သံခင်း၊တမန်ခင်းနဲ့ ကောင်းကောင်းကစားတတ်ရပါမယ်။ အဓိကကတော့ ဒီလူဟာ ကိုယ်နဲ့မိတ်ဆွေမဖြစ်ရင်တောင် ရန်သူရဲ့မိတ်ဆွေအဖြစ်နဲ့တော့ ရှိမနေဖို့လိုအပ်ပါတယ်။ ဒါမှသာ အခြေအနေတွေကို ဒီထက်မဆိုးအောင် "တန့်"ထားနိုင်မှာပါ။ ငါနဲ့မတည့်လို့ ဟို့ကောင်ဘက်ပါလည်း သောက်ဂရုမစိုက်ဘူးကွာဆိုတဲ့ အချိုးမျိုးလုပ်လို့ကတော့ အရင်ဆုံးအနေနဲ့ထိခိုက်နစ်နာမယ့်သူဟာ ပြည်သူပဲဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီတွေက ကိုယ့်အတွက်အားမဖြစ်နိုင်ရင်တောင် ရန်သူရဲ့အားမဖြစ်ဖို့နဲ့ အလယ်အလတ်အဖွဲ့အစည်းအဖြစ် စည်းရုံးနိုင်ဖို့ သံတမန်ရေးရာပါးနပ်မှုနဲ့ နိုင်ငံရေးအမျှော်အမြင်ရှိမှုဟာ လွန်စွာမှအရေးသည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Comentarios


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page