top of page

ကမ္ဘာ့မြင်ကွင်းအသစ်

  • Writer: Revolution 4.0
    Revolution 4.0
  • Aug 19, 2021
  • 3 min read

၂၁ရာစုမှာ ပထမဆုံးလက်နက်ကိုင်တော်လှန်တဲ့အဖွဲ့ (သို့) သူပုန်တွေက တည်စဲအစိုးရကို ဖြုတ်ချနိုင်တဲ့ ပထမဆုံးစစ်ပွဲဟာ အာဖဂန်စစ်ပွဲပဲလို့ပြောရင်မှားနိုင်မယ်မထင်ဘူး။ အာဖဂန်စစ်ပွဲဟာ ၂၀ရာစုမှာ နောက်ဆုံးလက်နက်ကိုင်တပ်ဖွဲ့တွေအနိုင်ရခဲ့တဲ့ ဗီယက်နမ်စစ်ပွဲနဲ့ တော်တော်လေး အလားသဏ္ဍန်တူပါတယ်။ ၁၉၆၂ခုနှစ်ကနေ တောင်ဗီယက်နမ်မှာ အခြေချတပ်စွဲခဲ့တဲ့ မေရိကန်စစ်သည်တွေဟာ ၁၉၇၅ခုနှစ်မှာပဲ မြို့တော်ဆိုင်ဂုံက ပြန်လည်ထွက်ခွာခဲ့တယ်။ မေရိကန်တပ်တွေဗီယက်နမ်ထဲက ထွက်သွားပြီး ရက်သတ္တသပတ်အတွင်းမှာပဲ ဗီယမ်ကောင်းတပ်တွေနဲ့ဟနွိုင်းမြို့ကမြောက်ဗီယက်နမ်တပ်တွေဟာ တောင်ဗီယမ်နမ်မြို့တော်ဆိုင်ဂုံကိုအလွယ်လေးသိမ်းယူနိုင်ခဲ့တယ်။ တစ်ခါ မေရိကန်တပ်တွေဆုတ်ခွာသွားတာနဲ့တစ်ပြိုင်နက် ကွန်မြူနစ်အစိုးရ‌ အောက်မှာမနေထိုင်လိုတဲ့ တောင်ဗီယက်နမ်ပြည်သူ ‌သိန်းနဲ့ချီဟာလည်း လေဆိပ်အသီးသီးမှာ မေရိကန်ဘိုးအင်းလေယာဉ်‌ကြီးတွေကို စောင့်မျှော်နေရှာခဲ့ပါတယ်။ ဒါပေမဲ့ တောင်ဗီယက်နမ်နိုင်ငံထဲက လူအနည်းငယ်လောက်သာ မေရိကန်‌တွေခေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဆိုင်ဂုံမြို့အတွင်းမှာ ကျန်ခဲ့တဲ့လူအများစုကတော့ ကွန်မြူနစ်ပါတီရဲ့ သူလျှို၊သစ္စာဖောက်ဆိုတဲ့ ‌စွဲချက်အမျိုးမျိုးနဲ့ ရုံးတင်အပြစ်ပေးခြင်းခံခဲ့ရတယ်။ အခုတစ်ခါမှာလည်း ၂၀ရာစုက ဗီယက်နမ်အဖြစ်ဟာ၊ ၂၁ရာစုက အာဖဂန်အဖြစ်နဲ့ တော်တော်လေးဆင်တူ နေတယ်။ မေရိကန်တပ်တွေက အာဖကန်ကနေ ဆုတ်ခွာပြီး လပိုင်းအတွင်းမှာပဲ တာလီဘန်တွေဟာ မြို့တော်ကာဘူးလ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ တစ်ဖန် တာလီဘန်တွေအုပ်ချုပ်မှုအောက်မှာမနေချင်တဲ့ အာဖဂန်ပြည်သူသောင်းနဲ့ချီဟာလည်း လေဆိပ်အသီးသီးမှာ မေရိကန်လေယာဉ်တွေက တစ်ဖန်မျှော်လင့်နေကြပြန်တယ်။ သမိုင်းဟာ အတော်စိတ်လှုပ်ရှားစရာ အံ့ဩဖွယ်ကောင်းလှတယ်။ တစ်နည်းအားဖြင့် အာဖဂန်မှာ တာလီဘန်တွေရဲ့အာဏာရမှုဟာ ကမ္ဘာ့နိုင်ငံရေးရဲ့ ‌အချိူးအကွေ့တွေ ပြောင်းလဲမှုကို မီးမောင်းထိုးပြနေသလိုဖြစ်နေခဲ့ပါတယ်။


ဒီမိုကရေစီဝါဒ တင်ပို့ခြင်း


၁၉၉၀အလွန် ဆိုဗီယက်ယူနီယမ်ပြိုကွဲမှုနဲ့အတူ ဘာလင်တံတိုင်း ပြိုကျပြီးတဲ့နောက်မှာတော့ မေရိကန်နှင့်အနောက်အုပ်စုတွေ ဦးဆောင်တဲ့ ဒီမိုကရေစီဝါဒဟာ ကမ္ဘာမှာ အတော်လေးခေတ်စားလာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက မေရိကန်တွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်‌လျှောက်လှမ်းနေတဲ့နိုင်ငံတွေကို အတော်လေးအားပေးကူညီခဲ့တယ်။ ဒါပေမဲ့ ကူညီပုံ၊ကူညီနည်းတွေကတော့အတော်လေး ‌သ‌ ဘောထားကွဲလွဲစရာကောင်းလှပါတယ်။ အဓိအားဖြင့် မေရိကန်တွေဟာ ဒီမိုကရေစီဝါဒကို ၎င်းတို့ကူညီခံရမယ့်နိုင်ငံတွေ ကိုယ်တိုင်ကလိုလိုလားလားတောင်းဆိုတာထက်၊ မေရိကန်တွေကိုယ်တိုင်က မဆန့်အင်ကာ သွတ်သင်း ထိုးသွင်းပြီး ဒီမိုကရေစီဝါဒကိုဖြန့်ချီခဲ့တယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ၀ါဒကို ကုန်ပစ္စည်းဆန်ဆန် exportလုပ်ပြီး တင်ပို့ခဲ့တာပါ။ အဲ့ဒီလိုမျိုး သာဓကတွေဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အများကြီးတွေ့ခဲ့ရတယ်။


ပထမဆုံးအနေနဲ့ မေရိကန်တွေဟာ အီရတ်ပြည်သူတွေကို ဆာဒမ်ဟူစိန်လက်အောက်ကနေ ကယ်တင်ဖို့ဆိုပြီး အီရတ်နိုင်ငံထဲကို မရိန်းတပ်မအများအပြားနဲ့ ဒီမိုကရေစီကို သယ်ယူထုတ်ပိုးပေးလိုက်ပါတယ်။ ထူးထူးခြားခြား ရုပ်သံအစီအစဉ်တစ်ခုက အီရတ်ပြည်သူတစ်ယောက်ကို အင်တာဗျူးတစ်ခုလုပ်ပါတယ်။ လမ်းမထက်က သံချပ်ကာတင့်ကားတွေ၊ ယူနီဖောင်းဖောင်း ကြွကြွရွရွတွေနဲ့ မရိန်းစစ်သည်တွေကြားက အီရတ်ပြည်သူတစ်ယောက်ကို သတင်းသမားက "‌ခင်ဗျားတို့နိုင်ငံထဲ မေရိကန်စစ်သည်တွေ ၀င်လာပြီ၊ မေရိကန်စစ်သားတွေနဲ့အတူ ဒီမိုကရေစီပါလာတော့မှာလား"လို့မေးတဲ့အခါ၊ အီရတ်ပြည်သူက "မေရိကန်တွေနဲ့အတူပါလာတာက ကိုကာကိုလာနဲ့ပြည့်တန်ဆာတွေပဲဗျ"လို့ ပြန်ဖြေခဲ့တယ်။ တစ်ကယ်တမ်းမှာတော့ အီရတ်နိုင်ငံကို ဒီမိုကရေစီဝါဒ exportလုပ်ခဲ့တဲ့ မေရိကန်တွေရဲ့အကျိုးရလဒ်ကတော့ ယနေ့အချိန်အထိ မငြိမ်မသက်၊ဖရိုဖရဲ နိုင်ငံခြားလက်အောက်ခံ တိုင်းပြည်တစ်ခုကို မွေးဖွားလိုက်တာပဲဖြစ်တယ်။ အီရတ်နိုင်ငံရဲ့ ပါလီမန်ဟာ ဘဂ္ဂဒက်မြို့ပေါ်က ဗုံးသံတွေနဲ့အတူမွေးဖွားခဲ့တာပါ။ တစ်ခါ အာဖဂန်မှာလည်း ဆိုဗီယက်တပ်တွေဆုတ်ခွာသွားတဲ့အချိန်၊ မေရိကန်တပ်တွေက အကြမ်းဖက်အဖွဲ့တွေကိုချေမှုန်းဖို့ အာဖဂန်မှာ တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်လိုအပ်တယ်ဆိုပြီး မေရိကန်တပ်မ အများအပြားကို ထပ်မံတင်သွင်းခဲ့ပြန်တယ်။ အကျိုးရလာဒ်ကတော့ နှစ်ပေါင်းဆယ်စုနှစ်နဲ့ကြာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ စစ်ပွဲတွေပါပဲ။ အခုတစ်ခါ ဆီးရီးယားမှာလည်း ISစစ်သွေးကြွ‌တွေကိုချေမှုန်းဖို့အပြင်၊ သမ္မတအာဆတ်အစိုးရကိုဖြုတ်ချဖို့ မေရိကန်တွေက အများကြီးကူညီပေးခဲ့တယ်။ ရလာဒ်ကတော့ အပျက်အစီးနဲ့ ဆီးရီးယားတိုင်းပြည်ကြီးပါပဲ။ ဒီပြသာနာတွေရဲ့အရင်းအမြစ်ဟာ ဒီမိုကရေစီဝါဒကို ကုန်ပစ္စည်းဆန်ဆန် တင်ပို့ချင်တဲ့ မေရိကန်အစိုးရတွေရဲ့ အကောင်းမြင်မှုတွေပဲ ဖြစ်တယ်။


တစ်ကယ်တမ်းမှာတော့ အီရတ်ပြည်သူတွေ၊အာဖဂန်ပြည်သူတွေကို ဒီမိုကရေစီဝါဒသွတ်သွင်းပေးမယ့်အစား ၎င်းတို့ပြည်သူတွေကိုယ်တိုင်က ဒီမိုကရေစီဝါဒကို လိုလိုလားလားလက်ခံလာချင်အောင်၊ တန်ဖိုးထားတတ်လာအောင် စစ်ရေးမပါတဲ့ အကူအညီမျိုးတွေနဲ့သာ ချည်းကပ်သင့်တယ်။ ဒါမှသာ လွတ်မြောက်ရေးဆိုတာ ကိုယ်တိုင်လွတ်မြောက်တာ်ဆိုတဲ့အဓိပ္ပာယ်ကို လက်ခံလာကြမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ပဲ နိုင်ငံကြီးတစ်ခုခုက၊အဖွဲ့အစည်းတစ်ခုခုက လွတ်မြောက်ရေးဆိုတဲ့စကားလုံးကို ကြိုးကိုင်လှုပ်ရှားနေမယ်ဆိုရင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ နိုင်ငံငယ်တွေက အမြဲတမ်းသံသယစိတ်နဲ့ အခုအခံလုပ်နေကြမှာဖြစ်တယ်။ အာဖဂန်မှာ မေရိကန်တပ်တွေဆုတ်ခွာမှုနဲ့ပတ်သတ်ပြီး သမ္မတဘိုင်ဒန်ရဲ့မိန့်ခွန်းထဲမှာပါတဲ့ မေရိကန်တွေအာဖဂန်နောက်ဆယ်နှစ်ရှိနေလည်း အာဖဂန်ပြည်သူတွေကိုယ်တိုင်ကအလုပ်မလုပ်ဘူးဆိုရင် နောင်လည်းဒီလိုအခြေအနေမျိုးပဲဖြစ်နေမှာပဲဆိုတဲ့အဓိပ္ပာယ်က အာဖဂန်ပြည်သူတွေရဲ့ ဒီမိုကရေစီဝါဒအပေါ် သက်၀င်ယုံကြည်မှုကိုလည်း ဆဝါးမိနိုင်မယ်ထင်တယ်။ မေရိကန်တွေဟာ ဒီလိုအခြေအနေတွေကိုနားလည်ဖို့အတွက် တစ်နည်းအားဖြင့် ဒီမိုကရေစီကို စစ်တပ်တွေနဲ့ exportလုပ်တဲ့နိုင်ငံခြားရေးမူဝါဒဟာ အကျိုးရလာဒ်မကောင်းဘူးဆိုတာ နားလည်ဖို့အတွက် အရှေ့မှာ စစ်ပွဲပေါင်းများစွာ၊ လူ့အသက်ပေါင်းများစွာကို စတေးလာခဲ့ရတာပါ။ ဒါကြောင့်လည်း အခုမြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး မေရိကန်အစိုးရတွေရဲ့ဖြေရှင်းပုံတွေဟာ အရင်လုပ်နည်း၊လုပ်ဟန်တွေနဲ့မတူပဲ နောက်ပြီး စစ်ရေးအကူအညီတွေမပါပဲ၊ သေသေချာချာကိုင်တွယ်ဖို့ကြိုးစားနေကြတာ အတော်သိသာပါတယ်။ ဒါကြောင့် ဆယ်စုနှစ်အတော်ကြာ အာဖဂန်မြေပေါ်မှာတပ်စွဲထားတဲ့ မေရိကန်စစ်တပ်တွေပြန်ရုတ်သိမ်းလိုက်ခြင်းနဲ့အတူ တာလီဘန်တွေအာဏာရလာတာဟာ ဒီမိုကရေစီတိုးတတ်မှုနှုန်းဆိုတဲ့ တတိယလှိုင်းဆုတ်ကပ်အရှိန်မြှင့်လာနေတာကို မီးမောင်းထိုးပြနေသလို၊ တစ်ဖက်မှာလည်း မေရိကန်တွေရဲ့ ဒီမိုကရေစီတင်ပို့ခြင်းဆိုတဲ့ ‌နိုင်ငံခြားရေးမူဝါဒတွေရဲ့ အဆုံးသတ်ကို လှမ်းမြင်နေရပါပြီ။


တတိလှိုင်းဆုတ်ကပ်


ကမ္ဘာကြီးရဲ့ ဒီမိုကရေစီဝါဒပျံနှံ့မှုနှုန်းကို ပညာရှင်များက ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်းဆိုပြီးတင်စားကြပါတယ်။ လှိုင်းလုံးဆိုတဲ့သဘောတရားအရ အတတ်လှိုင်းရှိသလို တတ်ပြီး နောက်ပြန်ဆုတ်တဲ့ ပြန်ကျတဲ့လှိုင်းလည်းရှိတယ်။ ဒီမိုကရေစီရဲ့ ပထမလှိုင်းလုံးအတတ်ဟာ ၁၈၀၀ကာလများအလွန်မှာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာကျင့်သုံးလာတဲ့ အနောက်ဥရောပ နိုင်ငံတချို့နဲ့မေရိကန်နိုင်ငံတို့ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက မေရိကန်ရယ်၊ အနောက်‌ဥရောပက ‌အဂ်လန်၊ပြင်သစ်တို့နဲ့ ကျန်အနည်းငယ်သောနိုင်ငံတွေမှာသာ ဒီမိုကရေစီဝါဒကို ခိုင်ခိုင်မာမာကျင့်သုံးခဲ့ကြတယ်။ ပထမလှိုင်းလုံးရဲ့ ဆုတ်ကပ်ကတော့ ၁၉၃၀နောက်ပိုင်းမှာ‌ကြုံရတဲ့ The Great depressionလို့ခေါ်တဲ့ ကမ္ဘာလုံးချီစီးပွားပျက်ကပ်ကြီးကြုံတွေ့နေရတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီအချိန်မှာ‌တော့ အရင်းရှင်စနစ်ရဲ့ဆိုးမွေတွေကြောင့် ကမ္ဘာကြီးဟာ ဒီမိုကရေစီဝါဒကို အရှင်းရှင်တွေရဲ့လက်ကိုင်တုတ်ဝါဒလို့ ခေါ်ဆိုကြပြီး အဲ့ဒီဝါဒအစား ပြီးပြည့်စုံတဲ့ "ပြည်သူ့ဒီမိုကရေစီ"ဆိုတဲ့ လက်ဝဲဝါဒနဲ့ အစားထိုးဖို့ အရိပ်တကြည့်ကြည့် ကြည့်နေကြတဲ့အချိန်လည်းဖြစ်တယ်။ အဲ့ဒီအချိန်ကာလကိုတော့ ပညာရှင်များက ပထမလှိုင်းရဲ့ ဆုတ်ကပ်လို့ အမည်တပ်ပါတယ်။

ဒုတိယလှိုင်းလုံးကိုတော့ ကမ္ဘာစစ်ကြီးဖြစ်ပြီး ၁၉၄၅နောက်ပိုင်း‌ကာလကို ခေါ်ဆိုကြပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အချိန် ကိုလိုနီလက်အောက်ကခံဘ၀ကနေလွတ်မြောက်လာတဲ့ နိုင်ငံအများစုဟာ ဒီမိုကရေစီကိုသဘောတွေ့ခဲ့ကြပြီး အဲ့ဒီကာလဟာ ဒီမိုကရေစီဝါဒ ဈေးကောင်းတဲ့အချိန်ဖြစ်လို့နေပါတယ်။ တစ်ခါ စစ်အေးတိုက်ပွဲပြင်းထန်လာချိန် ၁၉၆၀အကျော် မေရိကန်-ဆိုဗီယက်အကွဲအပြဲကာလကိုတော့ ဒုတိယလှိူင်းဒီမိုကရေစီရဲ့ဆုတ်ကပ်လို့‌သတ်မှတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ မေရိကန်နှင့်အနောက်အုပ်စုတွေဦးဆောင်တဲ့နိုင်ငံတွေက ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတွေမှာ ကိုယ်တိုင်ပါ၀င်တိုက်ခိုက်နေတာကြောင့် ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်တိုင်းပြည်တွေက ‌မေရိကန်နဲ့အပေါင်းအပါတွေကို နယ်ချဲ့ဝါဒ၊ကိုလိုနီဝါဒလက်သစ်လို့ခေါ်ပြီး ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ကြတယ်။ ဒါကြောင့် စစ်အေးတိုက်ပွဲအစောပိုင်းကာလလောက်မှာ ဆိုဗီယက်-မေရိကန်အားပြိုင်မှုတွေကြောင့် ပူပူနွေးနွေး‌ကိုလိုနီဘ၀ကနေလွတ်မြောက်လာတဲ့နိုင်ငံအများစုမှာ ဒီမိုကရေစီဝါဒနတ္ထိတန်ခဲ့တဲ့အပြင် စစ်တပ်အာဏာသိမ်းမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပြီး အာဏာရှင်စနစ်တွေသာ ဈေးကောင်းရခဲ့တယ်။


တစ်ခါ ၁၉၉၀အလွန် ဘာလင်တံတိုင်းပြိုကျမှုနဲ့အတူ ဆိုဗီယက်ယူနီယမ်ပြိုကွဲသွားတဲ့အခါ အရင်တုန်းက ဆိုရှယ်လစ် ကွန်မြူနစ် နိုင်ငံအများစုဟာ ရွေးကောက်ပွဲစနစ်နဲ့ ဒီမိုကရေစီနိုင်ငံတွေအဖြစ် အသွင်ကူးပြောင်းသွားတာကြောင့် အဲ့ဒီကာလကို တတိယလှိုင်းရဲ့အတတ်ကာလလို့ ခေါ်ဆိုကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတောင်းဆိုလို့ခေါ်တဲ့ ရှစ်လေးလုံးအရေးခင်းဟာလည်း တတိယလှိုင်းအစပိုင်းမှာပဲ ဖြစ်ပါတယ်။ တစ်ခါ ၂၀၀၁ခုနှစ် ၉/၁၁အကြမ်းဖက်မှုနဲ့အတူ အရှေ့အလယ်ပိုင်းမှာ အစွန်းရောက်စစ်သွေးကြွမှုတွေ၊ ၂၀၀၈ခုနှစ် စီးပွားပျက်ကပ်တွေအပြင် ရှရှားနဲ့တရုတ်တို့မှာ အာဏာရှင်လူသန်ကြီးတွေ အားကောင်းမောင်းသန်ဖြစ်လာတာရယ်ကြောင့် ၂၀၀၈ခုနှစ်နောက်ပိုင်းကိုတော့ ဒီမိုကရေစီရဲ့ တတိယလှိုင်းဆုတ်ကပ်လို့ခေါ်ပါတယ်။ ပြောရရင် ဒီအချိန်အခါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ ဈေးကျနေပြီး၊ အာဏာရှင်ဖြစ်ပေါ်မှုတွေ ကမ္ဘာကြီးမှာ ဈေးကောင်းနေချိန်ဖြစ်ပါတယ်။


အမှတ်အသား၊ သရုပ်လက္ခဏာ၊ ဝိသေသ


ဒီမိုကရေစီတတိယလှိုင်းရဲ့ဆုတ်ကပ်ကာလဟာ သူ့ချည်းသက်သက်ပဲ ဖြစ်ပေါ်လာတော့မဟုတ်ပါဘူး။ အဓိကအားဖြင့် ကမ္ဘာကြီးမှာ ဒီမိုကရေစီကို စိန်ခေါ်လာနိုင်တဲ့ အခြား အော်တာနေးတစ်(alternative)အကြောင်းအရာတွေရှိနေလို့ဖြစ်တယ်။ မြင်သာအောင်ပြောရရင် ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ identity politicsဟာ ဒီမိုကရေစီရဲ့တတိယလှိုင်းလုံးကို ဆုတ်ကပ်ဖြစ်စေခဲ့တဲ့ အကြောင်းအရာတွေက တစ်ခုလို့လည်းပြောနိုင်ပါတယ်။ Identityလို့ခေါ်တဲ့ အမျိုးသားသရုပ်လက္ခဏာနိုင်ငံရေးတွေဟာ ယနေ့ခေတ်မှာ ဒီမိုကရေစီစနစ်ကို အစားထိုးဖို့ ဆိုင်းပြင်းနေတာ တော်တော်များများတွေ့ရပါတယ်။ ဝိသေသ သရုပ်လက္ခဏာ (သို့) အမှတ်အသားဆိုတဲ့သဘောတရားဟာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင်၊ အမျိုးအနွယ်၊လူ့အဖွဲ့အစည်း စတဲ့အရာတွေပေါ်မှာအခြေခံပြီး ခွဲခြားသတ်မှတ်ကြတဲ့သဘောဖြစ်တယ်။ ၂၁ရာစုမှာ Globalizationရဲ့ကျေးဇူးကြောင့် လူတွေဟာ အမှတ်အသားတွေရောထွေးနေကြပြီး တစ်ဖက်မှာလည်း အဲ့ဒီအမှတ်အသားတွေပျောက်ပျက်မသွားအောင်(သို့)ရောထွေးမသွားအောင် တမ်းတမ်းစွဲစွဲ အသေဆုတ်ကိုင်ပြီး ခွဲခြားနေတဲ့အစုအဖွဲ့တွေကလည်း ဒုနဲ့ဒေး အလုံးနဲ့အထည်နဲ့ ရှိနေပါတယ်။ တစ်ကယ်လို့ နိုင်ငံတစ်နိုင်ငံမှာ Democracyလို့ခေါ်တဲ့ ဗဟုဝါဒအစား၊ ကိုယ့်အမှတ်အသားကိုသာ ကိုယ်စားပြုတဲ့ identity politicလို့ခေါ်တဲ့ အစုအဖွဲ့တွေကသာ အသားစီးရ ခေါင်းထောင်းလာမယ်ဆိုရင်တော့ ဧကရာဇ်ဝါဒတွေ ပြန်လည်အသက်၀င်လာနိုင်ပါတယ်။ ဒီနေ့ အာဖဂန်မှာ အာဏာရနေတဲ့ တာလီဘန်အဖွဲ့ရဲ့ နိုင်ငံရေးနောက်ခံဟာလည်း identity politicsလို့ခေါ်တဲ့ လူမျိုးနဲ့ဘာသာရေးပေါ်မှာ‌အခြေခံနေတာကြောင့် ဒါဟာ ဒီမိုကရေစီတတိယလှိုင်းရဲ့ဆုတ်ကပ်တစ်ခုလို့မြင်လို့ရတဲ့အပြင်၊ identity politicသမားတွေရဲ့ ခေါင်းထောင်မှုတစ်ခုလို့ ရှုမြင်လို့ရပါတယ်။


သို့သော်လည်း လူရဲ့လိုအင်ဆန္ဒကြီးသုံးခုထဲမှာ နောက်ဆုံးအကြောင်းအရာဖြစ်တဲ့ အသိအမှတ်ပြုခံလိုမှုဆိုတာပါတဲ့အတွက် identity politicsကတော့ ရှိသင့်ရှိထိုက်ပါတယ်။ သို့သော် identity politicsဟာ လူမျိုးတစ်စုအတွက်၊ ဘာသာတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် ကိုယ်စားပြုမှုလွန်ကျူးနေပြီး၊ ဒီမိုကရေစီဝါဒက နောက်ရောက်သွားမယ်ဆိုရင်တော့ အကျိုးဆက်က Autocracyလို့ခေါ်တဲ့ အာဏာရှင်စနစ်ကိုသာ ဖြစ်ပေါ်စေပါလိမ့်ပါမယ်။ ဒီနေရာမှာလည်း မေရိကန်တွေအနေနဲ့ အာဖဂန်နိုင်ငံမှာရှိတဲ့ identityတွေကိုကိုင်တွယ်ပုံမှားယွင်းခဲ့တယ်လို့ပြောလို့ရတယ်။ အဓိကအားဖြင့် အာဖဂန်ရဲ့ ဘာသာရေးအဖွဲ့တွေဖြစ်တဲ့ Shia နဲ့ Sunniကြားထဲမှာရှိတဲ့ မပြေလည်မှုတွေ၊အမုန်းတရားတွေဟာ မေရိကန်တွေရောက်လာပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ မေရိကန်တွေအနေနဲ့ အာဖဂန်ရဲ့ Identityအစုအဖွဲ့တွေကို ‌လျှော့တွက်ခဲ့လေသလား၊ သတိမမူမိလေလားဆိုတာကလည်း စိတ်၀င်စားစရာကောင်းပါတယ်။


ပထဝီနိုင်ငံ‌ရေးအရွေ့


မေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့သမ္မတဒေါ်နယ်ထရန့်လက်ထက်တုန်းက ရွေးကောက်ပွဲမတိုင်ခင်အလိုလေးမှာ ဆီးရီးယားနိုင်ငံကနေ မေရိကန်တပ်တွေကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။ အလားတူပဲ အခုတစ်ခါ သမ္မတဘိုင်ဒန် အာဏာရလာပြီး သိပ်မကြာခင်မှာပဲ မေရိကန်တပ်တွေကို အာဖဂန်ကနေပြန်ရုတ်သိမ်းခဲ့ပြန်တယ်။ ဒါဟာ မေရိကန်‌နိုင်ငံရဲ့ အကြမ်းဖျက်မှုဝါဒတိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံခြားရေးပေါ်လစီနောက်ပိုင်း တပ်တွေကိုပဋိပက္ခဇုန်ကနေ မြန်မြန်ရုတ်သိမ်းနေခြင်းပါ။ တစ်နည်းအားဖြင့် အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုတွေကရှိသင့်သလောက်ရှိနေရင်းနဲ့ မေရိကန်တပ်တွေ ထွက်ခွာခြင်းပဲဖြစ်တယ်။ ဒီလိုဆိုရင်တော့ မေရိကန်နိုင်ငံခြားရေးမူဝါဒ‌တွေ၊ပေါ်လစီတွေ တစ်နည်းအားဖြင့် မေရိကန်စိတ်၀င်စားတဲ့ ပထဝီနိုင်ငံရေးကို ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ မေရိကန်တွေဟာ ဒုတိယကမ္ဘာစစ်တုန်းက သူစိတ်၀င်စားတဲ့ပထဝီနိုင်ငံရေးဟာ ဂျပန်နိုင်ငံဘက်ကို မျက်နှာမူထားတဲ့ ပစိတ်ဖိတ်ဒေသရပ်၀န်းပါ။ ဒုတိယကမ္ဘာစစ်တုန်းက အဲ့ဒီပစိဖိတ်ဒေသလွှမ်းမိုရေးအတွက် ဂျပန်နဲ့မေရိကန်တို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီး နျူကလီးယားဗုံးတွေသုံးရတဲ့အထိ ပြင်းထန်ခဲ့ကြတယ်။ စစ်အတွင်းမှာ မဟာမိတ်တပ်ပေါင်းစုဆိုပြီး မေရိကန်၊ဆိုဗီယက်၊ပြင်သစ်၊အဂ်လန်တို့ပေါင်းပြီး စစ်မဟာမိတ်အဖွဲ့ ဖွဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကိုအနိုင်ရပြီးတဲ့နောက်မှာတော့ မေရိကန်တွေဟာ ပစိဖိတ်ဒေကိုချုပ်ကိုင်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်အေးခေတ်ရောက်လာတော့ မေရိကန်ရဲ့ ပထဝီနိုင်ငံရေးစိတ်၀င်စားမှုက ဆိုဗီယက်ပြည်ထောင်စုကိုထိန်းချုပ်ဖို့အတွက် အရှေ့ဥရောပဖြစ်လာတယ်။ တစ်ခါ ဆိုဗီယက်ပြည်ထောင်စုရှိတဲ့ အရှေ့ဥရောပမှာ တပ်တွေဖြန့်ဖို့အတွက် နေတိုးအဖွဲ့၀င်ဆိုတဲ့ စစ်ရေးမဟာမိတ်အဖွဲ့ကိုထပ်ဖွဲ့တယ်။ ၁၉၉၀မှာ ဆိုဗီယက်ယူနီယမ်ပြိုကွဲမှုနဲ့အတူဘာလင်တံတိုင်းပြိုကျတော့ စစ်အေးခေတ်မှာ မေရိကန်တွေကအနိုင်နဲ့အဆုံးသတ်သွားတယ်။ တစ်ခါ စစ်အေးခတ်ပြီးတော့ ရေနံဈေးကွက်ကိုထိန်းချုပ်ဖို့နှင့် ၉/၁၁လိုအဖြစ်မျိုးတွေကိုတားဆီးနိုင်ဖို့ မေရိကန်စိတ်၀င်စားတဲ့ ပထဝီနိုင်ငံရေးက အရှေ့အလယ်ပိုင်းဒေသတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ‌၂၀၁၀နောက်ပိုင်းရောက်လာတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ မပြီးဆုံးနိုင်သော ပဋိပက္ခတွေကြားမှာ မေရိကန်ဟာ ဇာတ်မျောကြီးဖြစ်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ တရုတ်ပြည်က ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်ကို အရှိန်ပြင်းပြင်းနဲ့တစ်ဆင့်ချင်းတတ်လာတဲ့အတွက် မေရိကန်ရဲ့ ပထဝီနိုင်ငံရေးဟာ အရှေ့အလယ်ပိုင်းကနေ တရုတ်ပြည်ကိုထိန်းချုပ်နိုင်ဖို့အတွက် တောင်တရုတ်ပင်လယ်ပြင်ဖြစ်လာပါတယ်။ သိပ်မကြာခင်နှစ်အတွင်းကပဲ မေရိကန်နိုင်ငံက ကမကထလုပ်ပြီး ဖွဲ့ထားတဲ့ Quadဆိုတဲ့စစ်ရေးမဟာမိတ်အဖွဲ့ဆိုတာကလည်း တရုတ်ပြည်ကိုဝိုင်း၀န်းပိတ်ဆို့ဖို့အတွက် မဟာဗျူဟာလုပ်ဆောင်ချက်ပဲဖြစ်တယ်။ သိပ်မကြာခင် နှစ်တွေအတွင်းမှာပဲ မေရိကန်တွေဟာ အင်ဒိုချိုင်းနားဒေသက အချက်အချာကျတဲ့တိုင်းပြည်တွေဖြစ်တဲ့ ‌အင်ဒို၊ဖိလစ်ပိုင်၊လာအို၊အိန္ဒိယတို့နဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေရှိနေခဲ့တယ်။ ဒါကြောင့် အာဖဂန်နဲ့ဆီးရီးယားမှာရှိတဲ့ တပ်တွေကိုပြန်ရုတ်သိမ်းလိုက်တာဟာ ၁၉၉၀နောက်ပိုင်းက စိတ်၀င်စားခဲ့တဲ့ အ‌ရှေ့အလယ်ပိုင်းဒေသက ပထဝီနိုင်ငံရေးကို တောင်တရုတ်ပင်လယ်ဘက်အခြမ်းရွေ့လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာဖဂန်ကတပ်တွေကိုရုပ်သိမ်းလိုက်ခြင်းဟာ တစ်နည်းအားဖြင့် မေရိကန်နိုင်ငံခြားရေးမူဝါဒဟာ တောင်တရုတ်ပင်လယ်ပြင်ကို အဓိကအာရုံထားရမယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။


‌အာဖဂန်သတင်းတွေဟာ ကမ္ဘာ့ခေါင်းစီးစာမျက်နှာတွေပေါ်မှာအသီးသီးနေရာယူခဲ့ပြီးပါပြီ။ Butterfly effectလိုမျိုး ကမ္ဘာ့ကြီးရဲ့တစ်နေရာက effectက အခြားနေရာကိုလည်းသက်ရောက်မှုတွေရှိပါတယ်။ ထို့အတူ အာဖဂန်မှာ တာလီဘန်တွေအာဏာရလာတာကလည်း၊ ကမ္ဘာကြီးရဲ့သက်ဆိုင်တဲ့နေရာတွေကို အကျိုးသက်ရောက်မှုတွေရှိနေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ တာလီဘန်တွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကနေရလာတဲ့ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးဆိုတာကလည်း ရှေရှည်မှာ အတော်စိတ်၀င်စားစရာကောင်းပါလိမ့်မယ်။ လက်နက်ကိုင်တိုက်ပွဲဟာ တစ်ကယ့်အစစ်အမှန် တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုပေးနိုင်သလားဆိုတာက အတော်ကိုပြောရခက်တဲ့ကိစ္စပါ။ သတိချပ်စရာတစ်ခုကတော့ နှစ်စဉ်နှစ်တိုင်း အာဖဂန်မှာ သုသေတနတွေလုပ်တိုင်း တာလီဘန်တွေကိုမထောက်ခံတဲ့အရေအတွက်က အမြဲတမ်း ၅၀%အထက်မှာပဲ ရှိခဲ့ပါတယ်။

Commentaires


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page